သရပါမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ မတေးနုယဉ်သေဆုံးမှုနှင့် ပတ်သက်၍ သရုပ်ဆောင်၊ဒါရိုက်တာ မင်းအုပ်စိုး ကို လူသတ်မှု ပုဒ်မ-၃၀၂(၂)ဖြင့် ထောင်ဒဏ်တသက်တကျွန်းကျခံစေရန် ယနေ့တွင် အနောက်ပိုင်းခရိုင် တရား ရုံး က အမိန့်ချမှတ်ခဲ့သည်။
မတေးနုယဉ် သေဆုံးမှုမှာ ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂၅ရက်နေ့ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ဖိုးစိန်လမ်းရှိ မင်းအုပ်စိုး ၏ နေအိမ်ခြံဝင်းအတွင်း သရပါမဂ္ဂဇင်းတိုက်တွင် မင်းအုပ်စိုးနှင့်စကားများရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မတေးနုယဉ် သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး မူခင်းဆရာဝန်၏ ဆေးစစ်ချက်အရ မတေးနုယဉ်၏ နံရိုးများ ကျိုး ကြေ ပျက်စီးခြင်း၊ မေးအောက်ရှိ ညာဘက်ညှပ်ရိုး ကျိုးနေခြင်း၊ အသည်းကွဲ ထွက်သွားခြင်း၊ အဆုတ် ညိုမည်း ပျက်စီးခြင်း၊ မျက်နှာများ ဖူးယောင်ခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သေဆုံးသူ၏ မိသားစု ဝင်များက ပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးလှဆွေက “တရားသူကြီးက မှန်ကန်စွာ ဆုံးဖြတ်သွားတယ်လို့ ယုံကြည်ပါတယ်။ဒီနေ့ဆုံးဖြတ်ချက်ကို သိပ်ကြိုက်တယ်” ဟု ပြောသည်။
မင်းအုပ်စိုး၏ အနုပညာလုပ်ဖော်ကိုင်ဖက်များဖြစ်သည့် လူကြမ်းသရုပ်ဆောင်များဖွဲ့စည်းထားသည့် ကိုလူချော အဖွဲ့ လည်း တရားရုံးသို့ လာရောက်လေ့လာခဲ့ကြပြီး မင်းအုပ်စိုးအပေါ် တရားရုံး၏ ပြစ်ဒဏ်ချမှတ်မှုမှာ ပြင်းထန်လွန်းသည်ဟု ပြောဆိုသည်။
အဖွဲ့ဝင် သရုပ်ဆောင်တဦးက“ သူကအမှားလုပ်ခဲ့တာတော့ လုပ်တာပေါ့၊ တသက်တကျွန်းဆိုတာကြီးက များလွန်းပါတယ်၊ သူ့ထက်ဆိုးတဲ့ လူသတ်မှုတွေတောင် ဒီလောက်ပြစ်ဒဏ်မကြီးတာတွေ ရှိပါတယ်”ဟု ပြောသည်။
အမှုနှင့်ပတ်သက်ပြီး မင်းအုပ်စိုးကိုယ်တိုင် ညီမဝမ်းကွဲဆိုသူမတေးနုယဉ်အား နေအိမ်တွင် လက်သီးဖြင့်ထိုးခြင်း ၊ခြေထောက်ဖြင့် ကန်ခြင်း၊ဆောင့်တွန်းခြင်း၊ကိုင်ဆောင့်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံခဲ့ခြင်းဖြစ်သည်ဟု ဖြောင့်ချက်ပေး အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ဗဟန်းရဲစခန်းက ပြောဆိုထားသည်။
သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးမှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ၎င်းနေထိုင်ရာ ဖိုးစိန်လမ်းရှိ လုံခြုံ ရေး ဝန်ထမ်း ၂ ဦးနှင့်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဖိုးစိန်လမ်းရှိ အမှိုက်ပုံ မီးရှို့မှု ကြောင့် ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူခြင်း ခံခဲ့ရဖူးသည်။