သရော်ခြင်းဆိုတာ အင်မတန်ခက်ခဲ နူးညံ့သိမ်မွေ့ အဆင့်အတန်းရှိတဲ့ အနုပညာပါ။ အသိဉာဏ် ဆင်ခြင်မှု ဘောင်အကွပ်ရဆုံး၊ စည်းအထားရဆုံး အနုပညာပစ္စည်း အမျိုးအစားလည်း ဖြစ်ပါတယ်။
နှလုံးသားနဲ့ ကိုယ်ချင်းစာတတ်ရင်ကို မိန်းမနှိမ် လိင်ခွဲခြားပြုခြင်း (Sexist)၊ လိင်တူချစ်သူမုန်း အထူးသဖြင့် မိန်းမလျာဆို ပိုမုန်းခြင်း (Homophobia)၊ နိုင်ငံခြားသား တရုတ်၊ အိန္ဒိယ မနှစ်လိုခြင်း (Xenophobia) ရင်းခံစိတ်တွေရဲ့ နောက်ဆက်တွဲ အပြောင်အပျက် ဓာတ်ပုံတွေ၊ နည်းပညာနဲ့ ပြုပြင်ဖန်တီးမှုတွေနဲ့ တခြားကာတွန်းလို ဖန်တီးမှု အနုပညာ ဆက်စပ်ပစ္စည်းတွေ လူမှုအဝိုင်းအဝိုင်းမှာ၊ အွန်လိုင်းမှာ တွေ့ရမှာမဟုတ်ပါ။
အခု အီလက်ထရောနစ် ဥပဒေတွေနဲ့ ဖမ်းခံထိထားတဲ့ “ချောစန္ဒီထွန်း ခေါ် ချစ်သမီး” ဖြစ်စဉ်ကို ကြည့်ပါ။ သူ့ရဲ့ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားနေမှုတွေကို စစ်ဗိုလ်ချုပ်ကြီးများက အမြတ်ကပ်တဲ့ ပုဒ်မက အဓိကပါ။ ဒါပေမယ့် သူ့ရဲ့ နိုင်ငံရေး အန်တု သရော်ပုံဖော်မှုကလည်း ဒီမိုကရေစီနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်သွားပါတယ်။
ဒီဖြစ်စဉ်အတွင်း သဘောနောက်ခံက ကိုယ်မလိုလားသူ တယောက်ယောက်ကို ထမီခေါင်းပေါင်းပေးမှ၊ ထမီဝတ် ပုံဖော်မှ၊ မိန်းမစကားဆိုတယ် ပုံဖော်၊ မိန်းမလျာလို ပုံဖော်မှ ယုတ်ညံ့သွားတယ်၊ နိမ့်ကျသွားတယ် ထင်နေတဲ့ ယူဆချက်တွေဟာ ဗမာ့လူမှုအဖွဲ့အစည်းနဲ့ လူမှုကွန်ရက်က ဒီမိုကရေစီလိုလားသူဆိုသူများရဲ့ ကျားမခွဲခြားမှုအခြေခံ မိန်းမဆို စွမ်းဆောင်မှုမဲ့ အနှိမ်ခံပုံဖော်တဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် Sexist Jokes တွေမှာ အမြဲတွေ့ရတယ်။
လူမှုဖိနှိပ် သတ်မှတ်ချက် ပုံစံခွက်အောက်မှာ အသားကျ ပျော်ဝင်နေတဲ့ အမျိုးသမီးများ ကိုယ်တိုင်ကလည်း ဒီလိုပဲ တဆင့်နှိမ့် အနေအထားကို လက်ခံထားကြတယ်။ တကယ်တော့ ယဉ်ကျေးမှု၊ လူမှုသတ်မှတ်ချက်တွေဆိုတာ ခြယ်လှယ်လိုသူ လူတန်းစားရဲ့လက်နက်ပါ။ ဖိနှိပ်မှုအရင်းခံဆိုရင် လူမှုစံသတ်မှတ်ချက်တွေကို တော်လှန်ပြုပြင် ယူနိုင်ရပါမယ်။
အဝတ်အစားဆိုတာ ရာသီဥတု အပူအအေးဒဏ် ကာကွယ်ဖို့၊ လူသားအရည်အသွေး အလှအပကို ခံစားဖော်ထုတ် ဖန်တီးဖို့နဲ့ အရှက်လုံဖို့က အရင်းခံတွေပါ။ မိန်းမဝတ်၊ ယောက်ျားဝတ် ဘာမတူကွဲပြားလို့ မိန်းမဝတ်ထမီကျမှ နိမ့်ကျတယ် ယူဆကြသလဲ။ ဒီလိုအတွေးအခေါ် အပုပ်အသိုးအစွဲ သတ်မှတ်ချက်တွေဟာ ကျားဗဟိုပြု အမြင်၊ ကျနော်တို့် လူ့အဖွဲ့အစည်းမှာ ကြီးစိုးနေခြင်း၊ ခြယ်လှယ်သူ၊ အုပ်စိုးသူ၊ ဖိနှိပ်သူလူတန်းစားထဲမှာ ကျားများက ထိပ်ဆုံးက ပါနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ကိုယ်ကျိုးအာဏာ၊ စီးပွားဥစ္စာအတွက် ဖိနှိပ်နေသူ လူတစုရဲ့ ဖြစ်တည်မှုက လူအများရဲ့ နိုင်ငံရဲ့ ပျက်စီးမှု ဆိုတဲ့ အခြေခံ အကြောင်းကြီးကို ထောက်ပြခြင်းကသာ အကောင်းဆုံး သရော်မှု၊ ဆော်မှု အဆင့်အတန်းရှိတဲ့ နိုင်ငံရေးဆန့်ကျင်မှု ဖြစ်မှာ ပါ။ သရော်ခြင်းအနုပညာက အဖိနှိပ်ခံလူတန်းစားအတွက်ပဲ ဖြစ်ရပါမယ်၊ ဖိနှိပ်သူများအတွက် မဟုတ်ရပါ။ သရော်မှု အနု ပညာဟာ အာဏာရှိသူတွေကို ပစ်မှတ်ထားရပါမယ်။
ဧရာဝတီတိုင်း မဲဆွယ်ခရီးစဉ်မှာ ပြုခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး အနမ်းမှတ်ချက်ဖြစ်စဉ်ကိုလည်း ကြည့်ပါ။ ဗိုလ်ချုပ် ဟောင်းကို မိန်းမလိုဝတ်၊ မိန်းမလျာလို သရုပ်ဖော် ပြန်လည် သရော်ကြတဲ့ ကာတွန်းတွေကို ဥပမာကြည့်ပါ။ တကယ် တော့ ကျနော်တို့ အခုလို စာရှည်တွေရေးနေတာထက် ကာတွန်းတကွက်၊ ကဗျာတကြောင်းက လူ့အသိုင်းအဝန်းကို ပိုမို လွယ်ကူထိရောက် လွှမ်းမိုးမှုရှိပါတယ်။
လိင်ခွဲခြားမှုတွေ၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ထုံးဓလေ့တွေ၊ ခေတ်နောက်ပြန်ဆွဲမှုတွေ၊ ခွဲခြားမှု အဆိပ်သင့် အတွေးအခေါ်တွေ ဒီလိုစွမ်းအားကြီးတဲ့ ကြားခံတွေက တဆင့် သွတ်သွင်းနေကြရင် လူ့အဖွဲ့အစည်းနဲ့ အနာဂတ် မျိုးဆက် အတွက် အန္တရာယ်ကြီးလှပါတယ်။
ဦးဌေးဦးလို ခေတ်အဆက်ဆက် ဖိနှိပ်သူလူတန်းစားဝင်ကို သူ့ရဲ့ မပြောသင့် မပြောထိုက် လူ့အခြေခံယဉ်ကျေးမှုမဲ့တဲ့ မှတ်ချက်စကားမဲဆွယ်မှု ပုံစံအတွက် ပြန်လည်ပြီး စာတွေ၊ ကာတွန်းတွေနဲ့ သရော်တာကောင်းတာပေါ့၊ ဆော်ရမှာပါ။ ဒါပေမယ့် တခြားလူမှု အဖိနှိပ်ခံများဖြစ်တဲ့ မိန်းမနဲ့ မိန်းမလျာကိုဘာကြောင့် ဆွဲထည့် ပုံဖော်ရမလဲ။ လူတယောက်ကို ချိုးနှိမ်ချင်လို့ မိန်းမလို ဝတ်ပေးခြင်း စိတ်အခံက ဘယ်လောက် အမျိုးသမီးထုကို စော်ကားသလဲ၊ လိင်ခွဲခြားလိုက်သလဲ။ နိုင်ငံရေးအရ ဖိနှိပ်သူကို ဆော်ချင်တာနဲ့ လူမှုဖိနှိပ်သူ ကျားကြီးဝါဒမဟာဖိုအသံကို ထွက်ပြတာ ရှက်စရာကောင်းပါတယ်။
ကိုယ့်ကျိုးအတွက် တခြားသူများကို ခြယ်လှယ်ချုပ်ကိုင် တရားမဲ့ပြုချင်သူ လူတန်းစား ‘Exploiter Class’ ရဲ့ ထိပ်ဆုံးမှာ မဟာဖိုသမားယောက်ျားတွေ ပါတယ်ဆိုတာ ကျနော်တို့ လက်ခံဆင်ခြင် ပြုပြင်ယူနိုင်ရပါမယ်။
ကိုယ့်ဘက်စဉ်းစား၊ ကိုယ့်ဘက်ပဲကွက်ကြည့် တဖက်စောင်းနင်း လိင်ခွဲခြား အမြင်အတွေး၊ အလုပ်ဆိုးတွေကို လူမှု သတ် မှတ်ချက်အဖြစ် ပုံဖော်ကြတယ်၊ ဘာသာရေးကျင့်ဝတ်လိုလို၊ ကိုယ်ကျင့်တရားလိုလို ပုံဖျက်ကြပါတယ်။ ဒါတွေ ပြင်နိုင်ရင် ကောင်းပါမယ်။
ကျနော်တို့တိုင်းပြည် ၂၁ ရာစုယဉ်ကျေးပြီးလူ့အဖွဲ့အစည်းမျှော်ရည် အဆင့်တခုတက်လှမ်း နိုင်ဖို့ လူတဦးချင်းက ကိုယ့်ဘာသာ မြှင့်တင် ယူနိုင်ရပါမယ်။ ဒီမိုကရေစီလေသံ ဟစ်သူများ ပိုလို့ အဆင့်အတန်းမြင့်မြင့် ပြုမူဆက်ဆံ နေထိုင်ပြော ဆိုကြဖို့ တိုက်တွန်းပါတယ်။ မဖြစ်မနေ အရေးတကြီး တကိုယ်ရေ ပြုပြင် အရည်အသွေးနဲ့ လူသားကျင့်ဝတ်၊ တာဝန်ယူ မြှင့်ရမှာကတော့ ပိုမိုယဉ်ကျေးအဆင့်အတန်းရှိတဲ့ လူ့ဘောင်စနစ်ကို တည်ဆောက်ရာမှာ အရေးကြီးဆုံးဖြစ်တဲ့ အနုပညာ သမားတွေ၊ စာရေးသူတွေ၊ ကာတွန်းဆရာတွေ၊ ရုပ်ရှင်သမားတွေပါပဲ။ အခုအထိတော့ ဒီအပိုင်းလည်း အားနည်းနေပါ သေးတယ်။
ဒါကြောင့် ကျနော်အရင်က စာတချို့မှာ လူ့အဖွဲ့အစည်းရဲ့ အရင်းခံအကြောင်းတွေကို ပြင်ချင်ရင် “ကြောင်ချေးများကို အရင် ရှင်းပါ” ဆိုခဲ့တာပါ။
ရုပ်ရှင်၊ သဘင်၊ စာပေ၊ ဂီတနဲ့ ပညာရေးစနစ်လို လူအများကို အင်အားရှိရှိ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်စေတဲ့ Soft Power မျိုးတွေမှာ “ပျော့ပျော့ ပျော့ပျော့နဲ့ နံတတ်တဲ့ ကြောင်ချေး” အညစ်အကြေးတွေ ကင်းစင်မှ ကျား-မ၊ လူမျိုး၊ ဘာသာ၊ အသားအရောင် ဘာမှ ခွဲခြားမှုမရှိတဲ့ ပိုမိုညီမျှ လွတ်လပ် သမာသမတ်ကျ နေပျော်တဲ့ လူ့အဖွဲ့အစည်းတခုကို ကျနော်တို့ ဖန်တီးနိုင်မှာပါ။
ဒါပေမယ့် မျက်မှောက်မှာတော့ မတူကွဲပြားမှုတွေ၊ သဘာဝအလျောက် အားနည်းမှုတွေ၊ ကျား-မလိင်ခွဲခြားမှု အမြင်တွေ ကို အခြေပြုပြီး ချိုးနှိမ်မှု၊ ပြယ်ရယ်ပြုမှုက ဗမာ့ရုပ်ရှင်၊ ပြဇာတ်၊ စာအုပ်တွေမှာ အသားကျနေတယ်။ ကိုယ်ခန္ဓာ မကျန်းမာ သူ၊ အင်္ဂါချို့တဲ့သူ၊ စကားမပီသူကို လူပြက်တောင် လုပ်ခိုင်းတတ်ကြတယ်။
မိန်းမလျာဆိုတာ ရုပ်ရှင်နဲ့ဝတ္ထုဇာတ်လမ်းတွေမှာ ဖိနှိပ်စရာ၊ ဟာသလုပ်စရာ အမြဲ ဖြစ်နေတယ်။ အသားအရောင်မည်း သူဟာ အမြဲတမ်း လူရာမဝင်သလို၊ ရယ်စရာ ဖြစ်နေသလို ပုံဖော်ကြတယ်။ မိန်းမဆို အတင်းပြောတတ်သူ၊ စကား ဗ လောင်းဗလဲဆိုတတ်သူပုံ ဖော်ကြတယ်။ မိန်းမပါးစပ် ကျနေတာပဲတဲ့။ မိန်းမကြီးကျနေတာပဲ ဆိုတာတွေလည်း ဆိုကြ တယ်။ ယောက်ျားတန်မဲ့ ငိုရသလားဆိုတာလည်း ပါသေးတယ်။ မငိုဖူးတဲ့ ယောက်ျားမရှိသလိုပါပဲလား။ ငါ့စကား နွားရ ပရမ်းပတာ အတင်းမပြောတတ်တဲ့ယောက်ျား လုံးဝမရှိသလိုပါပဲလား။
ဒါကြောင့် ဖြစ်တည်မှုပဓာန အမျိုးသမီးဝါဒီစာရေးဆရာမ ဆိုင်မွန်ဒီဘူးဗွား Simone de Beauvoir (၁၉၀၈ ဖွား – ၁၉၈၆ ဆုံး ) က အမျိုးသမီးများဟာ မွေးဖွားပြီးနောက် ကျားကြီးဝါဒစိုးမိုးရာ လူမှုအသိုင်းအဝန်းစံသတ်မှတ်ချက်တွေကြောင့် ဒုတိယအကြိမ် ဒုတိယလိင်အဖြစ် မွေးဖွားခံခဲ့ရတယ်လို့ ဆိုခဲ့ခြင်းပါပဲ။
ကျနော်တို့ တိုင်းပြည်လို အိန္ဒိယတိုက် ရှေးဗြဟ္မဏဝါဒ ဓလေ့ထုံး၊ အယူသီးမှုတွေ လွှမ်းမိုးရာ တိုင်းပြည်မှာဆိုရင် အခြား တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား၊ အာရပ် လူ့အဖွဲ့စည်းတွေလိုပဲ မိန်းမက ယောက်ျားထက် ဘုန်းနိမ့်တယ်ဆိုတဲ့ အစွဲ ဆိုးကြီးက နေရာတိုင်းမှာ၊ အထူးသဖြင့် သြဇာကြီးတဲ့ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူနေဆဲပါပဲ။
အဲဒီလို အသေးအဖွဲ ခွဲခြားမှု အမြင်တွေ၊ အကြီးအမား အမုန်းတရားတွေအားလုံးဟာ စာနယ်ဇင်း၊ စာပေ၊ ရုပ်ရှင် အစရှိတဲ့ ကြားခံစုံမှာ၊ လူမှုအသိုင်းအဝန်းမှာ အမြစ်တွယ်နေတော့ ကျား-မခွဲခြားမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်အမြတ်ထုတ်မှု၊ လိင်စော်ကားမှု၊ အနိုင်ကျင့်ပြီး ကာမကို အဓမ္မလုယူမှု၊ ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် အခြေခံခွဲခြားမှု၊ ပဋိပက္ခ၊ ရန်ပွဲ၊ စစ်ပွဲတွေ ဘယ်လို အဆုံးသတ်နိုင်ပါ့မလဲ။ အားလုံး မြော်မြင်ဆင်ခြင်ကြည့်ပါ။
ကျနော် ယုံကြည်စွဲမြဲလက်တွေ့လည်း ကျင့်ကြံလုပ်ကိုင်တဲ့ အတွေးအမြင် ခံယူချက်ကတော့ ဗားတော့ဘရက် (Bertolt Brecht ၁၈၉၈ဖွား – ၁၉၅၆ ဆုံး) ကဗျာစာသားလိုပါပဲ။ “အကုန်ရရင်ရ မရရင် ဘာတခုမှ မလိုချင်ပါဘူး”။ “ငါ တယောက် အသာရနေတာပဲ” ဆိုပြီး ကျားအုပ်စုအတွက် ဒီမိုကရေစီ၊ မြန်မာလူမျိုးတမျိုးအတွက် ဒီမိုကရေစီ၊ ဒီလို မဟာဖိုဝါဒ၊ မဟာ လူမျိုးကြီးဝါဒအခြေခံ ပဲလျော့ ရွှေရည်မမီ ဒီမိုကရေစီအကျိုးအပျက်တွေကို ဦးနှောက်ကလည်း လက်မခံနိုင် အမြဲ ဆန့်ကျင် ပါတယ်။ နှလုံးသားကလည်း ကိုယ်ချင်းစာ ခံစား အမြဲမပြတ် တနိုင် ဟစ်ထုတ်နေမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင် အခု မတရားတဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေတွေကို အသုံးချ ဒီမိုကရေစီတက်ကြွလှုပ်ရှား သူ အမျိုးသမီးငယ် ချစ်သမီးချောစန္ဒီထွန်း အဖမ်းခံရမှုကို လုံးဝရှုတ်ချပါတယ်။ သူ့ရဲ့ လွတ်မြောက်မှုကို ခြွင်းချက်မရှိ ချက်ချင်း ပေးဖို့ ဆန္ဒပြုတောင်းဆိုပါတယ်။ “ငါတို့သည် ချစ်သမီးများသာ” ဆိုပြီး Facebook မှာ ဓာတ်ပုံတင် လှုပ်ရှားနေမှုကိုလည်း ကြိုဆိုထောက်ခံပါတယ်။
တပြိုင်တည်း ကျား-မ ခွဲခြားမှု ကင်း၊ လူလူချင်း မနှိမ်မချိုး ဘာကိုမှ မခွဲခြားတဲ့ အဆင့်တန်းရှိတဲ့ သရော်မှုတွေနဲ့ စနစ်ဆိုးနဲ့ လူဆိုးတွေကို ဆန့်ကျင်ကြဖို့ တိုက်တွန်းပါတယ်။ ဒါမှသာ ငါတို့အားလုံး ‘ချစ်သမီး’ အမှန် ဖြစ်နိုင်ပါမယ်။
ကျနော်တို့ အားလုံး ဉာဏ်ပညာ၊ ချစ်ခြင်းတရားနဲ့ လူသားဆန်မှု တရားများများများ ထားနိုင်ကြပြီး မြော်မြင်အသိဦးနှောက်၊ ခံစားမှုနှလုံးသား နှစ်မျိုးစလုံးနဲ့ ခွဲခြားမှုအလုပ်၊ အမြင်အားလုံး ဖျောက်နိုင်ကြစေကြောင်း ဆန္ဒပြုလိုက် ကြောင်းပါ ခင်ဗျား။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်းများတွင် မျက်မှောက်ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါး များရေးသား နေသူတယောက် ဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။ [email protected] သို့ ဆက်သွယ်နိုင်သည်။)