အစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ အခုလ ၁၅ ရက်နေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးပြီး သမိုင်းဝင် လက်မှတ် ရေးထိုးပွဲဆိုပြီး ကင်ပွန်းတပ်လိုက်ပါတယ်။
နောက်တနေ့ဖြစ်တဲ့ ၁၆ ရက်နေ့မှာ NCA ကို လက်မှတ် မထိုးသေးဘူးလို့ ဆုံးဖြတ်ထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဝမ်ဟိုင်း ဌာနချုပ်ရဲ့ အရေးပါတဲ့ ခံကတုတ်တခုဖြစ်တဲ့ တာဆမ်ပူး ကူးတို့ဆိပ်ကို အစိုးရ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတွေက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ဖယ်ပေးလိုက်ရတယ်လို့ SSPP/SSA ရဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတချို့က ပြောပါတယ်။
တာဆမ်ပူး ကူးတို့ဆိပ်နားကို အခုလ ၅ ရက်နေ့က စတင်ရောက်ရှိလာတဲ့ တပ်မတော် စစ်ကြောင်းတွေဟာ ၆ ရက်နေ့ ကစပြီး တိုက်ခိုက်လို့ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူတွေ ထောင်နဲ့ချီပြီး ထွက်ပြေးနေရတဲ့ အခြေအနေကြောင့် ၁၆ ရက်နေ့မှာတော့ တာဆမ်ပူးကို ဖယ်ပေးလိုက်ရတာလို့ ဆိုပါတယ်။
SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး စိုင်းလ က “တိုက်ပွဲတွေဆက်ပြီး မကြီးထွားစေချင်တာရယ်။ တိုက်ပွဲတွေကြောင့် လယ်ယာမြေ ရိတ်သိမ်းချိန်မှာ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင် နေကြရတာတွေရယ်ကြောင့် ကျနော်တို့ တာဆမ်ပူးကို ဖယ်ပေးလိုက်တာ၊ ဒါဟာ ဗဟိုက တာဝန်ရှိသူတွေ ကိုယ်တိုင် အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ထိုင်းနိုင်းငံ ချင်းမိုင်မြို့မှာ စက်တင်ဘာလကုန်ပိုင်းက ပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (EAOs) မှာ SSPP/SSA အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင် လက်မှတ် ရေးထိုးခွင့်ကို ကန့်သတ်ထားတဲ့ အတွက် “အားလုံးပါဝင်ရေးမူ” မဟုတ်ရင် လက်မှတ် မထိုးဘူးဆိုပြီး တခြားအင်အားကြီး လက်နက်ကိုင် အများစုနဲ့ အတူ ရပ်တည်ခဲ့ပါတယ်။
အဆိုပါ ထိပ်သီးအစည်းအဝေးမှာ NCA ကို လက်မှတ် မရေးထိုးသေးဖို့ သဘောထား ဆုံးဖြတ်ချက် ပေးပြီးတဲ့နောက် တပတ်အကြာမှာ တပ်မတော် စစ်ကြောင်းတွေ ရောက်ရှိလာပြီး တာဆမ်ပူး ကူးတို့ဆိပ်ကို အပြင်းအထန် ထိုးစစ် ဆင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခံကတုတ် တာဆမ်ပူး
တာဆမ်ပူး ကူးတို့ဆိပ်ဟာ ဝမ်ဟိုင်း ဌာနချုပ်အတွက် အသက်သွေးကြောတမျှ အရေးပါနေတဲ့ နောက်ဆုံးခံကတုတ် ဒါမှမဟုတ် တပ်ရိုးတခုဖြစ်တယ်လို့ ရှမ်းမြောက်ရဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေက ဆိုပါတယ်။ ဝမ်ဟိုင်းဌာနချုပ်အတွက် အဓိက ဆက်သွယ် လှုပ်ရှားနေတဲ့ နောက်ဆုံး လမ်းကြောင်းတခုဖြစ်ပြီး အဲဒီနေရာကို တပ်မတော် စစ်ကြောင်းတွေက စစ်ရေးအရ စိုးမိုးထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ ရှမ်းမြောက်ဘက်က ပြောဆိုပါတယ်။
“ကျနော်တို့ လမ်းကြောင်းတွေ အားလုံး တလမ်းမကျန်အောင် သူတို့ ပိတ်ဆို့ချင်တယ်လေ” ဆိုပြီး ဒုဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နဲ့ SSPP/SSA တို့ဟာ မဟာမိတ်အဖွဲ့တွေဖြစ်ပြီး သံလွင်မြစ်ခြားထားတဲ့ သူတို့ နှစ်ဖွဲ့အကြားမှာ တာဆမ်ပူး ကူးတို့ဆိပ်ဟာလည်း ဆက်သွယ်ရေး အရအရေးပါတဲ့ နေရာတခုဖြစ်တယ်လို့ SSPP/SSA နဲ့ နီးစပ်သူတွေကလည်း ဆိုပါတယ်။
တိုက်ပွဲသတင်း နှစ်ဘက်ထုတ်ပြန်ချက်တွေ ကွဲပြား
အစိုးရကတော့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးမှာ ဝမ်ဟိုင်းဌာနချုပ်မှာသာ အခြေပြု နေထိုင်ကြဖို့ သတ်မှတ်ထားပေးခဲ့ပေမယ့် ဝမ်ဟိုင်းဌာနချုပ် တောင်ဘက် ၁၀ မိုင်ခန့် အကွာမှာ အခိုင်အမာ တပ်စခန်းတွေ ဆောက်ပြီး အခြေပြုလာတာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားရတာလို့ ဒီလ ၁၉ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး မထိခိုက်စေရေး၊ ပစ်ခတ်တိုက်ခိုက်မှု မူဘောင်ဆွေးနွေးမှုတွေ မထိခိုက်စေရေး၊ သတ်မှတ်နယ်မြေကို ပြန်လည်ဆုတ်ခွါဖို့ တပ်မတော်က အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဝမ်ဟိုင်းဌာနချုပ် မူလနယ်မြေကို မဆုတ်ခွါတဲ့အပြင် တပ်မတော် စစ်ကြောင်းတွေကို ပြန်လည်ပစ်ခတ်တာကြောင့် စစ်ကြောင်းများက ၁၉ ရက်နေ့အထိ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်း SSPP/SSA အခြေပြုထားတဲ့ ပွိုင့် ၈၅၈၊ ၁၂၈၆ နဲ့ ၁၃၀၉ တို့ကို သိမ်းပိုက် ရရှိခဲ့တယ်လို့ တပ်မတော်ဘက်က ဆိုပါတယ်။ စုစုပေါင်း တိုက်ပွဲ ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး SSPP/SSA ဘက်က ရုပ်အလောင်း ၇ လောင်းနဲ့ လက်နက်မျိုးစုံ ၈ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပဏာမ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်စဉ်တုန်းက SSPP/SSA အဖွဲ့တွေကို ဝမ်ဟိုင်းဌာနချုပ်မှာသာ နေထိုင်ဖို့ သတ်မှတ်ပေးထားတဲ့ ဆိုတဲ့ အစိုးရရဲ့ ထုတ်ပြန်မှုဟာ လုံးဝ မှားယွင်းနေကြောင်း အဲဒီလို သဘောတူညီမှု မရှိခဲ့ကြောင်း အခုလ ၂၀ ရက်နေ့မှာ SSPP/SSA ဗဟိုဌာနချုပ်က ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်လိုက်တာတွေ့ရပါတယ်။
အစိုးရတပ်မတော် စစ်ကြောင်းတွေ အနေနဲ့ ဝမ်ဟိုင်းဌာနချုပ်နဲ့ မိုင်ပေါင်းရာချီဝေးကွာတဲ့ တပ်စခန်းတွေကို လျစ်လျူရှုပြီး ဌာနချုပ်နဲ့ ၁၀ မိုင်ခန့်သာကွာတဲ့ SSPP/SSA တပ်စခန်းတွေကို ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးတဲ့ SSPP/SSA ရဲ့ ဗဟိုဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသာ ဖြစ်တယ်ဆိုတာ ထင်ရှားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) က ညှိနှိုင်းတောင်းဆိုချက်အရ SSPP/SSA ဗဟိုက တာဆမ်ပူး ကူးတို့ဆိပ် အပါအဝင် စိုးမိုးတောင်ကုန်း တချို့ သဘောထားကြီးစွာနဲ့ ဖယ်ပေးခဲ့တာကို တိုက်ခိုက် “သိမ်းပိုက်” တယ်ဆိုတဲ့ အစိုးရရဲ့ အသုံးအနှုန်းနဲ့ ထုတ်ပြန်တာဟာ SSPP/SSA ရဲ့ သဘောထားကြီးမှုကို အခွင့်ကောင်းယူခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒုက္ခသည်တွေ ထွက်လာ
တပ်မတော် နဲ့ SSPP/SSA ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော်ဟာ မိုင်းရှုးနဲ့ မိုင်းနောင်မြို့နယ်ထဲက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတာတွေရှိသလို အခြေအနေတွေကို စောင့်ကြည့်နေကြပြီး တောတွင်းနေရာတွေမှာ ပုန်းခိုနေကြရသူတွေလည်း ရှိပါတယ်။ တောတွင်းမှာ ပုန်းခိုနေကြရသူတွေအထဲမှာ အမျိုးသမီး ၄ ဦးဟာ ဖြစ်သလိုပဲ မီးဖွားခဲ့ကြ ရတာလည်းရှိပါတယ်။
စစ်ဘေးရှောင်တွေထဲမှာ တာဆမ်ပူး၊ နောင်ခတ်၊ ကုန်းလိန်၊ နမ့်ပါမုံး၊ ဟိုနမ့် စတဲ့ ကျေးရွာတွေက ဖြစ်တဲ့အကြောင်း ဒုက္ခသည်တွေကို စားဝတ်နေရေး အကူအညီတွေပေးနေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ မိုင်းရှူးမြို့ ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းကောင်ခမ်းက ဆိုပါတယ်။
“ရှောင်လာတဲ့ အချိန်မှာလည်း ဘာမှ မရလာဘူး။ စောင်တွေ ဘာတွေလည်း မရှိဘူး။ ဖိနပ်ကစ သူတို့ မပါလာဘူး။ ဒီလို နှစ်ဖက်လုံး မဖြစ်ဖို့ ကျမတို့ တောင်းဆိုထားတယ်။ တိုက်ပွဲတွေ ထပ်ပြီးဖြစ်နေမယ်ဆိုရင် ပြည်သူတွေအတွက် မလွယ်ဘူး” လို့ နန်းကောင်ခမ်းက ရှင်းပြပါတယ်။
ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ ဟိုင်းပါ ကျေးရွာနဲ့ မိုင်းနောင် ကျေးရွာတွေမှာ ခိုလှုံနေကြပြီး ကျားခေါင်းလို့ လူသိများတဲ့ SNLD ပါတီနဲ့ ဒေသခံတွေကပဲ တပိုင်တနိုင် ကူညီပေးနေကြတာဖြစ်တဲ့အတွက် လုံလောက်မှု မရှိဘူးလို့ ကူညီနေကြတဲ့ အဖွဲ့တွေက ဆိုပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာက ဒေသခံတချို့ကတော့ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေကို ယူပြီး တောထဲမှာပဲ ပုန်းအောင်းနေကြပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။
တာဆမ်ပူး တိုက်ပွဲနဲ့ ရွေးကောက်ပွဲ စိုးရိမ်မှု
တိုက်ပွဲဖြစ်ပွားနေမှုရဲ့ နောက်ဆက်တွဲအဖြစ် ရွေးကောက်ပွဲ ထိခိုက်လာမှာကို အဲဒီဒေသမှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတဲ့ SNLD ပါတီကလည်း စိုးရိမ်နေပါတယ်။ အစိုးရ တပ်မတော်အနေနဲ့ SSPP/SSA ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရပ်တန့်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာဖို့ အစိုးရကို SNLD ပါတီက တိုက်ပွဲတွေဖြစ်ပြီး နှစ်ရက်အကြာမှာ တရားဝင် ကြေညာချက်ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် အဲဒီဒေသကို မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အခုလ ၁၁ ရက်နေ့ကစပြီး ရပ်နား ထားလိုက်ရပြီး တိုက်ပွဲများကြောင့် နယ်မြေမတည်ငြိမ်မှုကို အကြောင်းပြပြီး ရွေးကောက်ပွဲနေရာတွေကို ချုံ့ပစ်လိုက်မှာကို SNLD က စိုးရိမ်နေပါတယ်။ အဲဒီ အခြေအနေတွေကို ရောက်လာမှာ စိုးရိမ်တဲ့အတွက် အစိုးရ၊ တပ်မတော်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့တွေ သိအောင် ကြေညာချက် ထုတ်လိုက်တာလို့ ဆိုပါတယ်။
SNLD ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က “ဦးသိန်းစိန် အစိုးရ အပါအဝင် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုလို့ရှိရင် အခု ထိုးစစ်ဆင်နေတဲ့ကိစ္စကို ရပ်တန်းကနေ ရပ်သင့်ပါတယ်။ နိုင်ငံရေးပါတီတွေ အပါအဝင် ဝိုင်းပြီး တောင်းဆိုနေတဲ့ကြားကမှ ထိုးစစ်ဆင်နေတဲ့ကိစ္စကို ဆက်ပြီး လုပ်နေမယ် ဆိုလို့ရှိရင် တပ်မတော် အပေါ်ကိုရော အစိုးရအပေါ်မှာပါ အယုံအကြည် ကင်းမဲ့စေပါလိမ့်မယ်” လို့ ဆိုပါတယ်။
နောက်ဆုံးကြားသိရတဲ့ အခြေအနေတွေအရ နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ဒုက္ခသည်တွေ မဲပြန်ထည့်နိုင်ဖို့အတွက် ကြေညာချက် ထုတ်ပြန်တောင်းဆိုဖို့ အစီအစဉ်ရှိတယ်လို့ ညီနောင် တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်း (NBF) က ဆိုပါတယ်။
NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေရဲ့ တောင်းဆိုမှုလည်း အလုပ်မဖြစ်
NCA ကိုသဘောတူပြီး လက်မှတ် မရေးထိုးနိုင်သေးတဲ့ အဖွဲ့တွေအပေါ် အင်အားသုံးတဲ့ နည်းထက် ညှိနှိုင်းအဖြေရှာတဲ့ နည်းကို အသုံးပြုဖို့ အခုလ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ NCA လက်မှတ်ရေးထိုးပွဲမှာ လက်မှတ်ထိုးမယ့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရဲ့ ကိုယ်စား မိန်းခွန်းပြောရာမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ပြောဆိုသွားတာ တွေ့ရပါတယ်။
စောမူတူးဆေးဖိုးက “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် – NCA ကို သဘောတူ လက်ခံသော်လည်း လတ်တလော ပါဝင် လက်မှတ် မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထပ်မံ ပါဝင်လာရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာလည်း တပ်မတော်အနေနဲ့ အင်အားသုံးတဲ့နည်းထက် ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကို အသုံးပြုဖို့ အလေးထား တောင်းဆိုတိုက်တွန်း လိုပါတယ်” လို့ ဆိုပါတယ်။
လက်မှတ်ထိုးမယ့် အဖွဲ့တွေက မထိုးသေးတဲ့ အဖွဲ့တွေအပေါ် အင်အားသုံးတဲ့နည်းနဲ့ မဖြေရှင်းဖို့ တပ်မတော်နဲ့ အစိုးရကို တောင်းဆိုလိုက်ပေမယ့်လည်း တိုက်ပွဲတွေက ရပ်မသွားဘဲ ဆက်တိုက်ဖြစ်နေဆဲပါ။
SSPP/SSA နဲ့ အစိုးရတို့အကြားက အပစ်ရပ်ရေး ဆွေးနွေးမှု
အစိုးရနဲ့ NCA မထိုးသေးဖို့ ဆုံးဖြတ်ထားတဲ့ စစ်ရေး၊ နိုင်ငံရေး အင်အားကြီး အဖွဲ့တွေထဲမှာ တဖွဲ့အပါအဝင်ဖြစ်တဲ့ SSPP/SSA အဖွဲ့က သူတို့ရဲ့ လှုပ်ရှားနယ်မြေတွေကို မိုင်းရှူး၊ ကျေးသီး၊ မိုင်းနောင်၊ မိုင်းစန်၊ ကာလိ၊ ကွန်ဟိန်း၊ နမ့်စန်၊ ခိုလမ်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ တန့်ယန်း၊ မိုင်းကောင်၊ မိုင်းရယ်၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ ပန်ဆိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်၊ မဘိမ်း၊ မိုးကုတ်၊ နောင်ချို၊ ပြင်ဦးလွင်၊ ကျောက်မဲ၊ နမ့်ဆန်၊ သီပေါ၊ နမ့်လန်၊ နမ္မတူ စတဲ့ မြို့နယ်တွေမှာ ရှိကြောင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
SSPP/SSA အဖွဲ့ဟာ ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်က အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ နယ်ခြားစောင့်နဲ့ ဌာနေ ပြည်သူ့စစ် ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၁ ခုနှစ် မတ်လပိုင်းလောက်က စတင်ပြီး အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က အစိုးရနဲ့ SSPP/SSA တို့အကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ် ရပ်စဲခဲ့ကြပေမယ့် အဲဒီစာချုပ်ကလည်း လက်တွေ့မှာ အလုပ်မဖြစ်ခဲ့ဘူး ဆိုတာ တိုက်ပွဲတွေက သက်သေပြနေပါတယ်။
ပဏာမ အပစ်ရပ် လက်မှတ်ရေးထိုးပြီး ၃ နှစ်ကျော် ကာလအတွင်း အစိုးရ တပ်မတော်နဲ့ ရှမ်းတပ်မတော် အကြားမှာ တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး SSPP/SSA ရှေ့တန်း တပ်စခန်း ၁၀ ခုထက်မက တပ်မတော်က သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ တိုက်ပွဲတွေကြောင့် ဒေသခံ ရှမ်းပြည်သူတွေ စစ်ဘေးဒုက္ခသည်တွေ အဖြစ်နဲ့ အိုးအိမ်စွန့်ပြီး ပြေးခဲ့ရသလို ကျွဲ၊ နွား၊ တိရစ္ဆာန်တွေလည်း သေဆုံးခဲ့ကြရပါတယ်။
တချိန်တည်းမှာပဲ တာဆမ်ပူး ကူးတို့ဆိပ် လမ်းကြောင်းကလွဲလို့ ဝမ်ဟိုင်းဌာနချုပ် ပတ်လည်က ထွက်ပေါက်တွေ အကုန်လုံးကို တပ်မတော် စစ်ကြောင်းတွေက နေရာယူလိုက်ပါတယ်။ တပ်မတော်က တာဆမ်ပူး ကူးတို့ဆိပ်မှာ ရှိနေတဲ့ ရှမ်းမြောက် တပ်ရင်းတွေကိုလည်း ဖယ်ရှားပေးဖို့ ၂၀၁၂ ခုနှစ်ကတည်းက မကြာခဏ အမိန့်ပေးခဲ့ပါတယ်။ ငြင်းဆန်တဲ့ အတွက်လည်း တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ဝမ်ဟိုင်းဌာနချုပ်ရဲ့ အနာဂတ်
တာဆမ်ပူးကို ဖယ်ပေးလိုက်ရတာဟာ ဝမ်ဟိုင်းဌာနချုပ်အတွက် အထူးစိုးရိမ်စရာ အခြေအနေကို ရောက်ရှိသွားပြီး တပ်မတော် အနေနဲ့ စစ်ရေးအရ စိတ်ကြိုက် စိုးမိုးမှု ရယူနိုင်သွားလိမ့်မယ်လို့ SSPP/SSA ဘက်က မြင်ကြပါတယ်။
“တာဆမ်ပူး ကိုဖယ်ပေးလိုက်ရတာ ကျနော်တို့ ဌာနချုပ် ထွက်ပေါက်တွေ အားလုံးကို ပိတ်ဆို့လိုက်သလိုဖြစ်ပြီး အစိုးရ စစ်တပ်အနေနဲ့ ကျနော်တို့ကို စစ်ရေးအရ ပိုပြီး ဖိအားပေးနိုင်တဲ့ အနေအထားကို ရောက်သွားတယ်။ ဒါပေမယ့် စစ်ရေးအရ ဖိအားပေးပြီး တိုက်ခိုက်နေမယ်ဆိုရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးက ဘယ်လိုမှ နီးစပ်မှာမဟုတ်ပါဘူး။ ဒါကိုသူတို့ သိဖို့လိုတယ်” လို့ ဒုဗိုလ်မှူးကြီး စိုင်းလ ဆိုပါတယ်။