ရွေးကောက်ပွဲတွင် အနိုင်ရလာသည့် အစိုးရသစ်ထံ အာဏာလွဲပြောင်းပြီး ဒီမိုကရေစီစနစ် အသွင် ကူးပြောင်းနိုင်ရေးအတွက် စိုးရိမ်ပူပန်များ ရှိနေကြသော်လည်း အကောင်းဆုံး ဆောင်ရွက်မည်ဟု သမ္မတ ဦးသိန်းစိန်က ကတိပြု ပြောကြားလိုက်သည်။
အစိုးရသစ် လက်ထက်သို့ မကူးပြောင်းမီ ကာလအတွင်း ကြားကာလ တည်ငြိမ်ရေး၊ အစိုးရသစ် လက်ထက် အသွင်ကူးပြောင်းရေးတွင် ပြဿနာများ ရှိလာမည်ကို နိုင်ငံရေး အသိုင်းအဝိုင်းနှင့် ပြည်သူလူထုက စိုးရိမ်ပူပန်နေကြသည့် အပေါ် သမ္မတ ဦးသိန်းစိန်က ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းအစိုးရ အဖွဲ့ရုံး၌ နိုင်ငံရေးပါတီ ၈၆ ခုနှင့် တွေ့ဆုံစဉ် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်က “အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိတယ် ဆိုပေမယ့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် သွားမယ်။ Check and Balance ဖြစ်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်။ အသွင်ကူးပြောင်းရေး ချောမွေ့မှုကိစ္စမှာ နိုင်ငံရေးပါတီတွေကလည်း ဆက်လက် ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့၊ အားလုံးရဲ့ဆင်ခြင် သုံးသပ်နိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အမြော်အမြင် ကြီးမှုတွေက အဆုံးအဖြတ်ပေးသွားမှာ ဖြစ်တာကြောင့် နိုင်ငံပိုမိုတိုးတက်ဖို့ အတူလက်တွဲ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
လက်ရှိအစိုးရအဖွဲ့ သက်တမ်းအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးခြင်း မပြုသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ဆက်လက် ဆွေးနွေးသွားရန်နှင့် အစိုးရသစ် လက်ထက်သို့ အပြောင်းအလဲတွင် စနစ်တကျ ပြောင်းလဲနိုင်ရေးများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက “ကျနော်တို့ပါတီဟာ ၁၉၈၈ ခုနှစ် ပါတီ စတင်ဖွဲ့စည်းကတည်းက မူဝါဒဟာ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်တယ်။ ယနေ့အထိလည်း အဲဒီမူဝါဒကို ကိုင်စွဲထားတယ်။ ရှေ့ဆက်ပြီးလည်း အမျိုးသား ရင်ကြားစေ့ရေး မူဝါဒကို ကိုင်စွဲဆောင်ရွက်သွားမယ်လို့ ပြောချင်တယ်” ဟု သမ္မတနှင့် တွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီသည် ပြည်သူ့လွှတ်တော် ၂၄၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၃၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၄၅၉ နေရာ စုစုပေါင်း ၈၅၀ နေရာ အနိုင်ရရှိခဲ့သည့်အတွက် လာမည့်နှစ်တွင် အစိုးရ ဖွဲ့စည်းနိုင်တော့မည် ဖြစ်သည်။
သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း “အစိုးရအဖွဲ့အတွင်းမှာ အာဏာ မလွဲပြောင်းချင်ဘူးဆိုတဲ့ ကိစ္စတွေက လုံးဝ မဟုတ်ဘူး။ လွှဲပြောင်းရေးမှာ တည်တည်ငြိမ်ငြိမ်နဲ့ လွှဲပြောင်းဖို့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ အစိုးရ အဖွဲ့ အစည်းအဝေးမှာ ပြောထားတယ်” ဟု ပြောသည်။
ယမန်နေ့က ပြုလုပ်သည့် သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၈၆ ခုမှ ခေါင်းဆောင် နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဖြစ်စဉ်များ ဆက်လက် ချောမွေ့စေရေး၊ လာမည့် အစိုးရသစ် လက်ထက်တွင်လည်း လက်ရှိ မလုပ်ဆောင်နိုင်ခဲ့သည့် ကိစ္စများကို ဆက်လက် လုပ်ဆောင်နိုင်ရေးစသည့် ကိစ္စများကို ဆွေးနွေး ပြောဆိုခဲ့ကြသည်။
သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နေပြည်တော် နှင့် ရန်ကုန်မြို့တို့တွင် ၄ ကြိမ်ခန့် ပြုလုပ်ခဲ့ကာ နိုင်ငံတည်ငြိမ် အေးချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလ တည်ငြိမ်ရေးတို့ကို ဆွေးနွေးခဲ့ဖူးသည်။