ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအရေး ဆွေးနွေးအဖြေရှာရန် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA)တို့ ထိုင်းနိုင်ငံ တနေရာတွင် ဒီဇင်ဘာ ၁၅ ရက်နေ့၌ တွေ့ဆုံ ဆွေးနွေးကြမည်ဟု သိရသည်။
RCSS/SSA အဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့်လည်း စစ်ရေး တင်းမာလျက်ရှိသည့်အပေါ် တွေ့ဆုံဆွေးနွေးကြမည်ဟု RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး စိုင်းလက“ကျနော် သိရသလောက်တော့ UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ TNLA ကိစ္စ၊ KIA တပ်မဟာ ၄ ကိစ္စတွေ ပါကောင်း ပါလိမ့်မယ်လို့ ကျနော် အဲဒီလိုမျိုး ထင်ပါတယ်”ဟု ပြောပြသည်။
RCSS/SSA နှင့် TNLA တို့ နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ နယ်မြေ အငြင်းပွားမှုတချို့ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ့်ခမ်းမြို့နယ်မှ စတင် ဖြစ်ပွားခဲ့သော ၂ ဘက် တိုက်ပွဲများသည် ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
UNFC သည် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့နှင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုဖြစ်ပြီး TNLA နှင့် KIA တို့သည် UNFC အဖွဲ့ဝင်များ ဖြစ်ကြသည်။
RCSS/SSA အဖွဲ့သည် UNFC အဖွဲ့ဝင် မဟုတ်သော်လည်း ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲမဖြစ်လိုသဖြင့် တွေ့ဆုံ ညှိနှိုင်း အဖြေရှာရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း UNFC က ပြောဆိုသည်။
UNFC တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က“ညီနောင် တိုင်းရင်းသားကြားမှာ အဲဒီလို ထိတွေ့မှုတွေ ဖြစ်နေတဲ့ကိစ္စကို ကျနော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်ရာ ပြေလည်ကြောင်းဖြစ်အောင် ဖြေရှင်းကြဖို့ပေါ့လေ။ အဓိက ရည်ရွယ် ရင်းက အဲဒါပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
UNFC တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ ဗိုလ်ချုပ် ဘီထူး၊ မွန်ပြည်သစ်ပါတီ (NMSP)မှ နိုင်ရွန်တိန်းနှင့် ရခိုင် အမျိုးသား ကောင်စီ(ANC)မှ ဦးထွန်းဇော်တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရပြီး RCSS/SSA ကမူ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်စာရင်း မထုတ်ပြန်သေးပေ။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးပြုလုပ်ထားသော RCSS/SSA နှင့် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားကြောင်း သတင်း ဖော်ပြချက်များအရ သိရသော်လည်း ကာယကံရှင် အဖွဲ့အစည်းများက စေ့စပ်ညှိနှိုင်းပေးရန် အကြောင်းကြားလာခြင်း မရှိသဖြင့် ဖြေရှင်းဆောင်ရွက်ရန် အစီအစဉ် မရှိသေးကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC)၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
RCSS/SSA အဖွဲ့သည် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို တခြားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့ပြီး UNFC အဖွဲ့ဝင် ၉ ဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခြင်း မရှိသေးပေ။
UNFC တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KNPP၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ TNLA ၊ ANC ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။