မြန်မာနိုင်ငံ မြောက်ပိုင်း ဖားကန့်မှ ကျောက်စိမ်းတွင်း တခုတွင် မြေပြိုကျမှုတခု ဖြစ်ပွားခဲ့သည့် အတွက် အလုပ်သမား ၅၀ ခန့်၏ အသက်အန္တရာယ်ကို စိုးရိမ်နေရသည်ဟု သိရသည်။ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်မှုများလည်း ဆောင် ရွက်နေသည်။
ဒေသခံများက မြေစာပုံ ပိသူ လူ ၅၀ ခန့်ဟု ဆိုကြသော်လည်း ထိခိုက်သောအရေအတွက်ကို အာဏာပိုင်များက အတည်မပြုနိုင်သေးချေ။
မတော်တဆဖြစ်ရပ်သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး နိုဝင်ဘာလအတွင်းက လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ရသည့် မြေပြိုမှု ဖြစ်ပွားသည့် ဒေသတွင်ပင် ပြိုကျခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် အတွင်းတွင် ပေါ်ပေါက်ခဲ့သည့် မတော်တဆမှုများကြောင့် သေဆုံးသူ ဒါဇင်များစွာရှိသည်ဟု ဒေသခံများက ဆိုသည်။ မြေပြိုမှုများကြောင့် သေဆုံးရသူအများစုမှာ အကြီးစား ကျောက်စိမ်းလုပ်ငန်းကြီးများက စွန့်ပစ်ခဲ့သည့် မြေစာပုံများတွင် ကျန်ရစ်နေနိုင်သည့် ကျောက်များကို လာရောက်ရှာဖွေခြင်း ဖြင့် အသက်မွေးသော ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည်။
ဖားကန့်ဒေသသည် ကမ္ဘာပေါ်မှ ကျောက်စိမ်းများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် နေရာဖြစ်ပြီး ဝယ်လိုအား အမြင့်ဆုံးမှာ တရုတ်နိုင်ငံဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် Global Witness အဖွဲ့၏ အစီရင်ခံစာအရ ၂၀၁၄ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်း ထုတ်လုပ်မှုတန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ရှိပြီး ပြည်တွင်းအသားတင် ထုတ်လုပ်မှု (GDP) ၏ တဝက်နီးပါးနှင့် ညီမျှသည်ဟု သိရသည်။
ယင်းသို့ မိုင်းတွင်းတွင် လူသေဆုံးမှုများ ဖြစ်ပွားနေသော်လည်း အာဏာပိုင်များနှင့် လွှတ်တော်အနေဖြင့် မိုင်းလုပ်ငန်းနှင့် ပတ်သက်၍ အရေးတယူ ပြန်လည်စိစစ်သုံးသပ်မှု အားနည်းလွန်းနေပြီး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများအား ကာကွယ်ပေးထားသကဲ့သို့ ဖြစ်နေသောကြောင့် မြန်မာ့ကျောက်စိမ်း ကုန်သွယ်ရေးကို ခေတ်သစ်သမိုင်းတွင် အကြီးဆုံးသော သဘာ၀ သယံဇာတ လုယက်မှု အဖြစ် Global Witness အဖွဲ့ က ဖော်ပြခဲ့ပါသည်။