မန္တလေးမြို့ မဟာအောင် မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက် City Grand တွင် ယူရေနီယမ်ဟု ယူဆရသည့် သတ္တု ၂ ဒသမ ၁ ကီလိုဂရမ်ကို ကျပ်သိန်းပေါင်း နှစ်သောင်း ကျော်ဖြင့်ရောင်းချရန် ကြိုးစားသူများကို ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်နေ့တွင် အသွင်ယူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရောင်းချသူများသည် ချင်းပြည်နယ်၊ ဟားခါမြို့နယ်၊ ရိဒ်မြို့တွင် နေထိုင်သူူများဖြစ်ကြပြီး ဇန်နဝါရီ၁၀ရက်က မန္တ လေးမြို့သို့ ဆင်းလာကာ ဝယ်လက်ရှာဖွေလျက်ရှိသည်ကို သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဝယ်လက်အသွင်ယူ ကာ သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
“ဒီပစ္စည်းရဲ့ မူူလပိုင်ရှင်က အိန္ဒိယကပါ။ ဆက်စပ်တရားခံတွေ ဖမ်းဆီးရနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အခု သိမ်းဆည်း ရမိတဲ့ပစ္စည်းတွေကို ယူရေနီယမ် ဟုတ်မဟုတ် စစ်ဆေးဖို့ ရန်ကုန်က သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနကို ပေးပို့ထားပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသူများသည် ပိုင်ရှင်မဟုတ်ဘဲ ကြားခံပွဲစားများသာဖြစ်ကြောင်း ၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်သည့် ထန်းလီဆိုသည့် အသက်၅၀ အရွယ်အမျိုးသမီးနှင့် ရိဒ်မြို့တွင် Church ကျောင်းတက်ရင်း ခင်မင် ရင်းနှီးရာမှ ဒေါ်ထန်းလီက သူ့ထံတွင် ယူရေနီယမ်များရှိပြီး ဝယ်လက်ရှာဖွေပေးရန် ပြောသဖြင့် ဟရန်ထန်ဇမ်းမား၊ ငွန် ဇာလ်ထန်နှင့် လာလ်လျံဇမ်တို့ ၃ ဦးက အဆိုပါ သတ္တုများကို ယူလာကာ မန္တလေးသို့ ဆင်းပြီး ဝယ်လက်ရှာဖွေရန် ကြိုး စားရာမှ ယခုလို ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် ယူရေနီယမ်ဟု ယူဆရသည့် သတ္တုများသည် Uranium Cooperation of India Ltd*Shillong-India*Yellow Cake-425 Volt ဆိုသည့် စာတန်းများပါရှိသည့် အလျား ၆လက်မခွဲ၊ အနံ ၄လက်မ၊ အမြင့် တလက်မခွဲရှိသည့် လေးထောင့် ခဲသေတ္တာ ၂ဘူး အတွင်း ထည့်သွင်းထားပြီး ကြယ်ငါးပွင့်နှင့် ကြယ်သုံးပွင့်ဟူ၍ နှစ်မျိုး ခွဲခြားထားကြောင်း သိရသည်။
သဘာဝအတိုင်း အဓိကတွေ့ ရှိတတ်သော ယူရေနီယမ်ကို အိုင်ဆိုတုပ် ပါဝင်မှုပေါ် မူတည်၍ (U-238)နှင့် (U-235)ဟူ၍ အမျိုးအစားနှစ်ခု ခွဲခြားထားကာ U-235သည် စွမ်းအင်များကို အလုံးအရင်းနှင့် ပိုမို ထုတ်ပေးနိုင် သောကြောင့် ပိုမိုအရေးပါကြောင်း၊ ယူူရေနီယမ်အား စစ်ရေးတွင် အဓိကအသုံးပြုသကဲ့သို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြောင်း www.world.nuclear.org ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးရမိသူ ၃ ဦးကို မန္တလေးမြို့၊ အမှတ်(၉)မြို့မရဲစခန်းတွင် ပ(၄၁/၂၀၁၆) မြန်မာ့ သတ္တုတွင်းဥပဒေ ပုဒ်မ၃၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။