တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် မန္တလေးမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ခဲ့သူ တဦးဖြစ်သူ ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်၏ အာမခံ လျှောက်ထားမှုကို မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်တရားရုံးက ဇန်နဝါရီလ ၁၀ ရက်နေ့ ရုံးချိန်းတွင် ပယ်ချလိုက်သည်။
ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ရှိနေသဖြင့် အကျဉ်းထောင်ပြင်ပတွင် ပုံမှန်ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အာမခံ ရရှိရန် ၎င်းမိသားစုနှင့် ရှေ့နေများက တရားရုံးသို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က အဆိုပြုခဲ့ခြင်း ဖြစ်သည်။
ရုံးထုတ် စစ်ဆေးမှုခံရပြီး ပြန်လည် ထွက်ခွာလာသည့် ဦးဂမ္ဘီရ(ခ) ဦးညီညီလွင်က“တရားရုံးက အာမခံ လျှောက်ထားမှု ပယ်ချခဲ့တယ်။ မှားပြီးတော့ ကျနော်ကို တရားစွဲတယ်။ ဖမ်းတယ်။ အဲဒီအတွက် ကျနော် စိတ်မကောင်းပါဘူး”ဟု သတင်းထောက်များကို ပြောသည်။
ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်သည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မန္တလေးဟိုတယ်တခုတွင် နေထိုင်စဉ် တရားမဝင် နယ်စပ် ဖြတ်ကျော်သည် ဟု စွပ်စွဲခံရပြီးနောက် အဖမ်းခံခဲ့ရသည်။ ထို့နောက် ရဲတပ်ဖွဲ့၏ လက်အောက်တွင် ၂၄ နာရီကြာအောင် ထိန်းသိမ်းခံရပြီးနောက် မန္တလေး အိုးဘို အကျဉ်းထောင်သို့ ရွေ့ပြောင်းခံခဲ့ရသည်။
မဟာအောင်မြေမြို့နယ်တရားရုံးမှ တရားသူကြီး ဦးသန်းဝင်းက“ဦးညီညီလွင်အနေနဲ့ ထောင်ထဲမှ လိုအပ်တဲ့ ဆေးဝါးတွေ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိတယ်လို့ သိရပါတယ်။ ပြီးတော့ ထောင်ထဲက ဆရာဝန်တွေလည်း သူ့ကို ကျန်းမာရေး စောင့်ရှောက်မှု လိုအပ် တယ်လို့ မှတ်ချက် မပေးထားပါဘူး။ အဲဒါကြောင့် ဥပဒေအရ ကျနော်အနေနဲ့ အာမခံ လျှောက်ထားမှုကို ငြင်းဆိုရပါမယ်”ဟု ပြောဆိုသည်။
အဆိုပါ တရားသူကြီးက ၎င်းရင်ဆိုင်နေရသည့် အမှုမှာ အာမခံပေး၍ မရဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဦးဂမ္ဘီရ၏ ရှေ့နေများက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်မည့် နောက်တကြိမ် တရားရုံးချိန်းရက်တွင် ထပ်မံ လျှောက်ထားသွားမည် ဖြစ်ကြောင်း ပြောဆို သည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ ရုံးထုတ် စစ်ဆေးမှုတွင် ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်အား တရားလိုအဖြစ် တိုင်တန်းထားသူ လူဝင်မှု ကြီးကြပ်ရေး အရာရှိ ဦးသောင်း ဒန်ကို မဟာအောင်မြေမြို့နယ် တရားရုံးက စစ်ဆေးမေးမြန်းခဲ့သည်။
ဦးသောင်းဒန်က ဦးညီညီလွင်မှာ ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကို နယ်စပ်မှ အကြိမ်ပေါင်း များစွာ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။
ဦးသောင်းဒန်က“၂၀၁၃ခုနှစ် အောက်တိုဘာလ ကတည်းက ဦးညီညီလွင်က နယ်စပ်ကနေ ထိုင်းနိုင်ငံကို တရားမဝင် သွားခဲ့တယ်ဆိုတာ ကျနော်တို့ စစ်ဆေးတွေ့ရှိပါတယ်။ မှတ်တမ်းတွေအရ အဲဒီအချိန်ကတည်းက သူမြန်မာနိုင်ငံကို ပြန်မလာခဲ့ဘူး”ဟု တရားရုံး ရှေ့မှောက် တွင် ပြောသည်။
ထို့ပြင် ဦးညီညီလွင်မှာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင် လမ်းကြောင်းမှတဆင့် တရားဝင် ဖြတ်သန်းခဲ့သည်ဆိုသော မှတ်တမ်း မရှိကြောင်း ဦးသောင်းဒန်က ဆက်ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ မိသားစုများအတွက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာနတို့မှ တရားဝင် ခွင့်ပြုသည့် မှတ်ပုံတင်ကတ်အား ဦးညီညီလွင် ကိုင်ဆောင်ထားသည်ကိုမူ မသိခဲ့ကြောင်း ဦးညီညီလွင်ဘက်မှ ရှေ့နေ က မေးမြန်းသောအခါ ဦးသောင်းဒန်က ဖြေကြားသည်။
ထို့နောက် ဦးညီညီလွင်၏ ရှေ့နေများက ခရီးသွား လက်မှတ်များ၊ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ထုတ် ပေးခဲ့သော တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့်၊ ခရီးသွား လက်မှတ်များနှင့် ထိုင်းနိုင်ငံသား မဟုတ်သူများ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကတ်စသည့် သက်သေခံများကို တင်ပြခဲ့ရာ တရားရုံမှ လက်ခံခဲ့သည်။
ရုံးထုတ်စ စ်ဆေးမှုပြီးနောက် ဦးညီညီလွင်၏ ရှေ့နေများက လူဝင်မှုကြီးကြပ်ရေးအရာရှိ၏ ဖြေကြားချက်များမှာ သဘာဝမကျကြောင်း ပြောဆိုသည်။
ဦးညီညီလွင်၏ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က“လူဝင်မှုကြီးကြပ်ရေး အရာရှိက ဦးညီညီလွင် ထိုင်းနိုင်ငံမှာ နေထိုင်ခဲ့တာနဲ့ နယ်စပ် ကို တရားဝင် ဖြတ်ခဲ့တယ်ဆိုတာ မသိဘူးလို့ ပြောလိုက်တာက အမှုအတွက် အရမ်းအထောက်အကူ ဖြစ်စေပါတယ်။ တရားလိုတွေနဲ့ တခြား မျက်မြင်သက်သေတွေကို စစ်ဆေးပြီးတော့ နောက်တခါရုံးချိန်းမှာ ဘာတွေဆက်မယ်ဆိုတာ စောင့်ကြည့်ရပါမယ်”ဟု ပြောသည်။
ဦးညီညီလွင်၏ ဇနီးဖြစ်သူ သြစတြေးလျ နိုင်ငံသူ၏ ဗီဇာမှာလည်း ရက်အနည်းငယ်အတွင်း သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်း တိုးရန်အတွက် ငြင်းပယ်ခံထားရသောကြောင့် စိုးရိမ်လျက် ရှိသည်။
“လူဝင်မှုကြီးကြပ်ရေးဌာနက သူမ ဗီဇာ သက်တမ်း တိုးပေးဖို့ကို ငြင်းထားတယ်။ သူမအနေနဲ့ ဦးညီညီလွင်နဲ့ တွေ့ဖို့ မြန်မာနိုင်ငံကို နောက်တခါ ပြန်လာလို့ မရမှာကို စိုးရိမ်နေတယ်”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
အမှုကြားနာပြီးနောက် ဦးဂမ္ဘီရအား အိုးဘိုထောင်သို့ ချက်ချင်း ပြန်လည်ပို့ဆောင်ခဲ့သည်။ နောက်တကြိမ် ရုံးချိန်ကို ဖေဖော်ဝါရီ လ ၁၆ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးညီညီလွင်သည် ယခင်က သံယာတော်တပါးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်သော ၂၀၁၂ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သော အချိန်မှစ၍ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာကြောင့် ထိုင်းနိုင်ငံတွင် ဆေးကုသမှု သွားရောက်ခံယူခဲ့သည်။
၂၀၀၇ ခုနှစ်က အစိုးရကု ိဆန့်ကျင်သော ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြမှုတွင် သံဃာတော်များကို စုရုံးခဲ့သည့်အတွက် အဖမ်းခံရခြင်း ဖြစ်သည်။