မကြာသေးမီက ပြုလုပ်ခဲ့သော ကရင်တော်လှန်ရေးနေ့ အခန်းအနားတွင် ကရင်ခေါင်းဆောင်များပြောကြားခဲ့သည့် မိန့်ခွန်း များ အားလုံးထဲတွင် အဓိကပါဝင်သော အချက်မှာ ကရင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး ဖြစ်သည်။ ကရင်တော် လှန်ရေးနေ့ အခန်းအနားကို မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘာ့နေရာ အသီးသီးမှ ကရင်တိုင်းရင်းသား ၁၀၀၀၀ ကျော်လာ ရောက် ဆင်နွှဲခဲ့ကြသည်။
သို့သော်လည်း စိတ်ဝင်စားစရာ တွေ့ရှိမှုတခုမှာ ယခုအခါတွင် ထိုင်း – ကရင် ကပြားများ၊ ထိုင်းနိုင်ငံမှ ကရင်မျိုးနွယ် တောင်ပေါ်တိုင်းရင်းသားများ၏ ထောက်ခံမှုက ကရင်လက်နက်ကိုင်တော်လှန်မှု အတွက် အဓိက အားသစ်တခုဖြစ်လာပြီး ထောက်ခံမှုကလည်း တိုးတက်လာနေသည်။
ထိုင်းနိုင်ငံမှ ကရင်လူမျိုးများက ကရင်အမျိုးသားအစည်းအရုံး (KNU) အပေါ် သူတို့၏ ထောက်ခံမှုနှင့် စာနာမှုကို ပွင့်ပွင့် လင်းလင်း ပြသခဲ့ခြင်းကြောင့် ပိုပြီး မြင်သာလာသည်။ KNU သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် ဆယ်စုနှစ် ၆ ခုကျော် ကြာ တိုက်ပွဲဝင်ခဲ့သည့် အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။
ဇန်နဝါရီလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကရင်တော်လှန်ရေးနေ့ အခန်းအနားသို့ ချင်းမိုင်၊ မဲဟောင်ဆောင်နှင့် တာ့ခ်ခရိုင် အစရှိသည့် ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသများမှ ကရင်လူမျိုး အမြောက်အများတက်ရောက်ခဲ့ကြပြီး KNU ကို တတ်နိုင်သည့် နည်းလမ်းဖြင့် ထောက်ပံ့ကူညီကြရန် ကရင်တိုင်းရင်းသားများကို တိုက်တွန်းခဲ့ကြသည်။
ချင်းမိုင်ခရိုင်မှ ထိုင်း-ကရင် လူမျိုးတယောက်ဖြစ်သည့် သင်းအုပ်ဆရာ Lwe Paw က လူထုကို မိန့်ခွန်းပြောကြားရာတွင် “ကရင်အမျိုးသားရေးအတွက် ၆၇ နှစ်ကြာအောင် တိုက်ခိုက်ခဲ့ကြတဲ့ ကျနော့်ရဲ့ ကရင်ပြည်သူတွေအတွက် ကျနော် ဝမ်းနည်းကြောင်း ပြောဖို့ လိုအပ်ပါလိမ့်မယ်။ Line နဲ့ Facebook က သတင်းတွေ၊ post တွေကို မဖတ်ရခင်အထိ ကရင် ပြည်နယ်မှာ ဘယ်လို အခက်အခဲတွေရှိနေသလဲဆိုတာကို ကျနော်မသိခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။
ကရင်ပြည်နယ်မှ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းများကို သိလိုက်ရပြီးနောက် သူ့ အနေဖြင့် ကရင်လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်သည့် KNU ကို စတင်ကူညီရန် ဆုံးဖြတ်ခဲ့သည်ဟု ဆရာ Lwe Paw ကပြောသည်။
“သူတို့တိုက်ခိုက်ခံရရင် ခွေးတွေတောင်မှ အချင်းချင်း ကူညီကြတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ကရင်တိုင်းရင်းသားတွေ အတိုက်ခိုက် ခံနေရတဲ့ အချိန်မှာ ကျနော်တို့က ဘယ်လို ဥပေက္ခာပြုနိုင်မှာလဲ။ ဒါက သွေးချင်းတွေရဲ့ အရေးကိစ္စ ဖြစ်ပါတယ်” ဟု သူက စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုခဲ့သည်။
“ကျနော်တို့ရဲ့ ရန်သူက ကျနော်တို့ အားလုံးကို မသတ်နိုင်ဘူး။ တကယ်လို့ ကော်သူးလေမှာ ရှိတဲ့ ကရင်လူမျိုးတွေ အသတ်ခံရရင် ထိုင်းနိုင်ငံက ကရင်လူမျိုးတွေကလည်း စတင်ပြီးတော့ ခုခံရမယ်။ တကယ်လို့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ကရင် လူမျိုးတွေ အသတ်ခံရရင် မြန်မာနိုင်ငံက ကရင်လူမျိုး တွေကလည်း စပြီး တိုက်ခိုက်လိမ့်မယ်။ တကယ်လို့ မြန်မာနိုင်ငံက ကရင် လူမျိုးတွေ အသတ်ခံရတယ်ဆိုရင် ကျန်တဲ့ ၄၇ နိုင်ငံ (ကမ္ဘာတလွှားတွင် နေထိုင်ကြသော ကရင်လူမျိုးများ) ကလည်း တုန့် ပြန်တိုက်ခိုက်လိမ့်မယ်” ဟု သူက ထပ်ပြောသည်။
ထိုင်းနိုင်ငံတလွှားတွင် နေထိုင်သည့် တောင်ပေါ်တိုင်းရင်းသားများ အပါအဝင် ကရင်လူမျိုး ၁သန်း ခန့်ရှိသည်ဟု ခန့်မှန်းရ ပါသည်။ တောင်ပေါ်တိုင်းရင်းသားများမှာ အများအားဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်ကြသည်။ အချို့မှ ကရင် ပြည်နယ်နှင့် ထိစပ်နေသည့် နယ်စပ် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး ပြည်တွင်းစစ်ကာလအတွင်းတွင် မြန်မာ နိုင်ငံမှ ထွက်ပြေးလာကြသူများ ဖြစ်သည်။
ကရင်တော်လှန်ရေးနေ့ အထိန်းအမှတ်ဖျော်ဖြေပွဲတွင် ချင်းမိုင်မှ ထိုင်း-ကရင် အဆိုတော်တဦးက “ကရင်နိုင်ငံလိုချင် ကြသလား” ဟု မေးလိုက်သည့်အခါ ပရိတ်သတ်က “လိုချင်တယ်။” ဟု တုန့်ပြန်ခဲ့ကြသည်။ ကရင်အရေးကိစ္စများကို ထောက်ပံ့ရန် အတွက် ကရင်ပြည်သူများကြားတွင် စည်းလုံး ညီညွတ်ကြရန်လည်း အဆိုပါ အဆိုတော်က တိုက်တွန်းခဲ့ သည်။
KNU ကို ငွေကြေး၊ နည်းပညာ၊ ပညာရေးနှင့် အခြားထောက်ပံ့မှုများ ပြုလုပ်ရန်လည်း သူက ကရင်လူမျိုးများကို တောင်းဆိုလိုက်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် KNU ၏ လက်နက်ကိုင်တိုက်ခိုက်မှုက မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီး တနှစ်အကြာ ၁၉၄၉ ခုနှစ်ကထဲက စတင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကရင်တို့၏ တော်လှန်ရေးက အမြဲတမ်းချောမွေ့မှုမရှိခဲ့ပါ။ ကရင် ခေါင်း ဆောင်များကြားမှ ကွဲပြားမှု သည် ၁၉ ရာစုနှစ်ကထဲက ရှိနေခဲ့သည်။ ကရင်လူငယ်အဖွဲ့ (Karen Youth Organization)၊ ကရင်အမျိုးသား အစည်းအရုံး (Karen National Association) နှင့် ကရင်ဗဟိုအဖွဲ့ (Karen Central Organization) စသည်တို့ကို ဦးဆောင်ခဲ့သော သူတို့ ၏ ဘိုးဘေးများကလည်း ၁၉၄၇ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သင့်မသင့် အပေါ် သဘောထားအမြင်များ ကွဲပြားခဲ့ကြသည်။
လူငယ်မျိုးဆက် လက်ထက်တွင် အဓိက ကွဲထွက်မှုတခုကြောင့် ပိုမိုဆိုးရွားသွားခဲ့ရသည်။ ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးများက “ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA)” အမည်ဖြင့် KNU မှ ခွဲထွက်သွားပြီး မြန်မာ တပ်မတော်၏ အကူအညီဖြင့် မိခင်အဖွဲ့ အစည်းကို ပြန်လည်ဆန့်ကျင်တိုက်ခိုက်ခဲ့သောကြောင့် ၁၉၉၅ ခုနှစ်တွင် KNU ၏ အဓိက အခြေကုပ်စခန်းဖြစ်သော မာနယ်ပလော ကျဆုံးခဲ့ရသည်။
၂၀၀၇ ခုနှစ်တွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဟုခေါ်သည့် လက်နက်ကိုင် အဖွဲ့ငယ်တခု KNU မှ ထပ်မံခွဲထွက် သွားခဲ့သည်။ နောက်ပိုင်းတွင် KNU ၏ အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာလည်း ၂၀၀၈ ခုနှစ်တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ယခင်က ကရင်အဖွဲ့အစည်းများသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့ပြဒေသများတွင် အထိ လှုပ်ရှားနိုင်ခဲ့ သော်လည်း ယခုအခါ KNU သည် ၎င်း၏ ထိန်းချုပ်နယ်မြေ အားလုံးနီးပါးကို ဆုံးရှုံးခဲ့ရပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းအနီး နယ်စပ်တွင်သာ စခန်းချနိုင်တော့သည်။ သို့သော်လည်း ယခုအခါတွင် KNU အနေဖြင့် အိမ်နီးချင်းနိုင်ငံမှ သွေးချင်း မိတ်ဆွေသစ်များ ရရှိခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်းတွင် ထိုင်းနိုင်ငံရှိ ကရင်အသိုင်းအဝိုင်းက လက်နက်ကိုင်တော်လှန်မှုကို တက်တက်ကြွကြွ စတင် ထောက်ခံလာကြသည်။ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေးသမားများနှင့် အနုပညာရှင်များ အပါအဝင်ဖြစ်သည်။ သူတို့က ကရင်လက်နက်ကိုင် အဖွဲ့သို့ ငွေကြေး၊ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုင်းနိုင်ငံ နယ်စပ်တွင် အခြေစိုက်သည့် KNU ကို အလွယ်တကူ ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်မည် ဖြစ်သောကြောင့် KNU အတွက်လည်း ဆက်လက်ရပ်တည်နိုင်ရန် ခွန်အားဖြစ်လာ နိုင်ပါသည်။
သို့သော်လည်း လက်တွေ့ကျသည့် တော်လှန်ရေးအတွက် ကရင်တိုင်းရင်းသားများကြားတွင် စည်းလုံးညီညွတ်မှုရရှိရေးက သူတို့တွေ ဖြတ်သန်းခဲ့ရသည့် စိတ်မကောင်းစရာ ဇာတ်ကြောင်းများပေါ်တွင် ဆက်လက်မူတည်နေဆဲဖြစ်ပါသည်။