မကွေးတိုင်း အောင်လံမြို့နယ် ပြလို့ကျေးရွာအုပ်စု စကားတောင်ကိုးကွေ့ အနီး ကျောက်စုပ်စက်လှေများဖြင့် ကျောက်စရစ် စုပ်ထုတ်ယူနေကြောင့် မြစ်ကမ်းပါးယံများ ပြိုကျကာ စေတီပုထိုးများ၊ ယာနှင့်ကိုင်းတောများ ပျက်စီးပြီး ဒေသခံရေလုပ် သားများ သားငါးရှာဖွေရန် ခက်ခဲသည့်အတွက် ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ကန့်ကွက်တိုင်ကြားထားသော်လည်း အရေးယူမှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။
ပြလို့ကျေးရွာဒေသခံ ဦးမောင်ဝင်းက “ပထမတစောင် တိုင်စာပို့တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ဆင်းတားတယ်၊ အဲဒါကို မနာခံဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးဆီလည်း သွားတိုင်တာ နယ်မြေခံတွေနဲ့ ပြေလည်အောင်ရှင်းပါပဲ ပြောတယ်။ တိုင်ပြီးမှ ပိုဆိုးလာတယ်။ မတိုင်ခင်က ၁၀ စီး ၁၂ စီးလောက်ပဲမောင်းတာ တိုင်ပြီးမှ အစီး ၂၀ လောက်နဲ့ မောင်းနေတာကို တွေ့ရတယ်” ဟု ပြောသည်။
ကျောက်စုပ်စက်လှေတစီးလျှင် တကြိမ်ကို ကျောက်စရစ် ၁၀ ကျင်းခန့် စုပ်ယူကြပြီး တရက်ကို အနည်းဆုံး ၃ ကြိမ် စုပ်ယူကြကြောင်းနှင့် ယခုနှုန်းအတိုင်း ဆက်လက်ထုတ်လုပ်နေပါက မကြာခင် မြစ်ကမ်းပါးယံများ ပြိုကျပျက်ဆီး နိုင်သည်ဟု ဦးမောင်ဝင်းက ပြောသည်။
ပြလို့ကျေးရွာမှ ရေလုပ်သား ကိုဇော်ဦးက “ကျောက်စုပ်တဲ့ ပဲ့ထောင်တွေ မတရားမောင်းနေတဲ့အတွက် ငါးတွေကိုလည်း ဘယ်လိုမှရှာလို့ မရပါဘူး။ ကျနော်တို့အတွက်လည်း စားဝတ်နေရေး အရမ်းကြပ်တည်းနေလို့ အာဏာပိုင်အဖွဲ့အစည်းက အမြန်ဆုံး ဆင်းတားပေးပါ” ဟု ပြောသည်။
အောင်လံမြို့နယ် ပြလို့ကျေးရွာအနီး ကျောက်စရစ်စုပ်လုပ်ငန်းခွင် ၂ ခု ရှိပြီး တခုလျှင် ကျောက်စရစ်စုပ်စက်လှေအစီး ၂၀ ခန့်ဖြင့် ကျောက်စရစ်စုပ် လုပ်ငန်းများကို လုပ်ကိုင်နေကြကြောင်း ပြလို့ကျေးရွာဒေသခံများက ပြောသည်။
ကျောက်စုပ်စက်လှေများအား လုပ်ငန်းလိုင်စင် ချထားပေးမှုနှင့် ပတ်သက်ပြီး သရက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦးက “ ဒီလုပ်ငန်းတွေ လုပ်နေတဲ့အတွက် အဲဒီအနီးဝန်းကျင်ကရွာတွေ ထိခိုက်နေတယ်ဆိုရင် ဘယ်လိုမှ ခွင့်ပြုစရာအကြောင်း မရှိဘူး။ ဒီလုပ်ငန်းတွေကြောင့် စိုးရိမ်နေရတယ်ဆိုရင်လည်း မကောင်းဘူး၊ ဒီလိုအခြေအနေမှန်တွေသာ သူတို့တင်ပြနိုင်ရင် ဆင်းစစ်ပြီး ဒီလုပ်ငန်းတွေကို လိုင်စင်ရပ်သင့်ရင်ရပ်ရမှာပဲ၊ ဒါမှမဟုတ် ကန့်သတ်သင့်ရင် ကန့်သတ်ပေးရမှာပဲ” ဟု ပြောသည်။
သရက်ခရိုင်အတွင်း ကျောက်စရစ်စုပ်လုပ်ငန်း လိုင်စင်အရေအတွက်နှင့် ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူအား မေးမြန်းရာ စာရင်းအတိအကျပြောနိုင်ရန် အဆင်မပြေကြောင်း၊ အောင်လံမြို့နှင့် ကံမမြို့နယ်များတွင် အနည်းငယ်သာ ချပေးထားကြောင်းနှင့် မင်းလှမြို့နယ်အတွင်း လုပ်ငန်းလိုင်စင်အများဆုံး ချပေးထားကြောင်း ပြန်လည်ပြောဆိုသည်။