အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး မပြုလုပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲထားပြီးသော အဖွဲ့များ ပူးပေါင်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးညီလာခံ ကျင်းပရန် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က သဘောထား ချမှတ်ထားကြောင်း သိရသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုထားသည့် ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စုငြိမ်း ချမ်း ရေး ညီလာခံ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်များကြား တူညီသော ဘုံသဘောတူညီချက်တခု ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ကြောင်း UNFC တွဲဖက် အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ဧရာဝတီကို ပြောသည်။
“ကျနော်တို့ရည်မှန်းတာက ၂၁ ရာစုပင်လုံမတိုင်ခင် လုပ်ချင်တာပေါ့။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပါဝင် ရေးကို NLD အစိုးရကလည်း ဖော်ဆောင်နေတယ်လေ။ နိုင်ငံရေး ဆွေးနွေးပွဲကြရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က တသံတည်းထွက်ဖို့ ဘုံရပ်တည်ချက်တွေ ကျနော်တို့ ထုတ်ဖို့ပေါ့”ဟု ဦးထွန်းဇော်က ပြောပြသည်။
လက်နက်ကိုင်ထိပ်သီး ညီလာခံပြုလုပ်မည့် အချိန်နှင့်နေရာကို အားလုံးတက်ရောက်နိုင်မည့် နေရာဖြစ်ရန် ပြန်လည်ညှိနှိုင်းကြရ ဦး မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များညီလာခံ ဖြစ်မြောက်လာရန် သဘောထား ချမှတ်ထားသော UNFC အဖွဲ့သည် အပစ်မရပ်ရ သေးသော တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့နှင့် ဖွဲ့စည်းထားသော တပ်ပေါင်းစု ဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ(သို့) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂ လအတွင်း ပြုလုပ်လိုကြောင်း ပြောဆိုထားသည်။
အဆိုပါညီလာခံသို့ အပစ်မရပ်ရသေးသော လက်နက်ကိုင်အဖွဲ့များ တက်ရောက်နိုင်ရန် အစိုးရ၏ “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၊ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂)” နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တို့သည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ(သို့) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်း သား လက်နက်ကိုင်အားလုံး ပါဝင်နိုင်ရေး ပြောဆိုထားသကဲ့သို့ “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ အကြိုပြင် ဆင်ရေး ဆပ်ကော်မတီ (၂)” အဖွဲ့ဝင်များက အပစ်မရပ်သေးသော အဖွဲ့များအားလုံး ပါဝင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် စီစဉ် နေသည်ဟု ဧရာဝတီကို ပြောသည်။