ပြည်တွင်း၌ မူးယစ်ဆေးဝါး အဓိကဖြန့်ဖြူး ရောင်းချသူများတွင် လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတာဝန်ရှိသူများ ပတ်သက်မှု ရှိနေသဖြင့် မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းများတွင် အခက်အခဲများရှိနေသည်ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။
သြဂုတ်လ ၂ ရက်က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် – ၃ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ရှမ်းပြည်နယ်တခွင် မူးယစ်ဆေးဝါး ပြဿနာ များ ကို အစိုးရကဖြေရှင်းပေးရန် အဆိုတင်သွင်းလာသည့်အပေါ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး ပြောဆို ကြခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် – ၉ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်သန်းဖေက နိုင်ငံတော်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်နေစဉ် မူးယစ်ရာဇာများက ငြိမ်းချမ်းရေး ဆောင်ရွက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းပြီး ပုံမှားရိုက်ကာ မူးယစ်ဆေးကို အကြီးအကျယ် ထုတ်လုပ်လာကြသည်ဟု လည်း ဆိုသည်။
“တောရောမြို့ပါမကျန် စိမ့်ဝင် ထိုးဖောက်လာတာက ၁၉၉၀ နောက်ပိုင်းမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရဲ့ ဖွားဖက်တော်လို့ပဲ ပြောရမလို ဖြစ်နေပါတယ်’’ဟု ဦးခွန်သိန်းဖေ က ပြောသည်။
ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း မူးယစ်ရာဇာ အဖွဲ့များ၊ လက်နက်ကိုင်ပြီး မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချနေ သူများ၊ ယူနီဖောင်းဝတ်များဖြင့် ရောင်းချနေသူများလည်း ရှိနေသည်ဟုလည်း ၎င်းက ဆက်လက်တင်ပြသည်။
“ရှမ်းပြည်နယ် အရှေ့ပိုင်းမှာဆိုရင် ဂိမ်းဆိုင်များမှာ ဝန်ဆောင်မှုပေးတဲ့ အနေနဲ့ ပဲကြီးလှော်ဧည့်ခံသလို တည်ခင်း ဧည့်ခံခြင်းများ၊ စုပေါင်းဝိုင်းဖွဲ့ သုံးစွဲခြင်းများအထိ အတင့်ရဲ လုပ်ကိုင်လာကြတာကို တွေ့မြင်ပါတယ်’’ဟုလည်း ထည့်သွင်း ပြောဆိုသည်။
မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် – ၈ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကလည်း “တချို့လက်နက်ကိုင် အုပ်စု တွေက ဒီဆေးဝါးဖြန့်ဖြူး ရောင်းချမှုတွေနဲ့ ပတ်သက်နေပါတယ်။ အဲဒီအခါ လုပ်ရကိုင်ရ အတော်ခက်ပါတယ်”ဟု ပြော သည်။
ပြည်နယ်နှင့် တိုင်းများတွင် အစိုးရက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းပေးထားသော်လည်း အဆိုပါ အဖွဲ့ များတွင် အမှန်တကယ် အလုပ်လုပ်နိုင်သည့် လူအင်အားနှင့် လက်နက်အင်အား မရှိသဖြင့် မူးယစ်ရာဇာများကို သိရှိပါ လည်း ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ဦးမျိုးဝင်းက ဆက်လက် တင်ပြသည်။
မွန်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့တဖွဲ့ မူးယစ်ဆေးဝါး ရောင်းချနေသည်ကို သိရှိသဖြင့် ဦးမျိုးဝင်းက အစိုးရ၏ မူးယစ် ဆေးဝါး နှိမ်နင်းရေးအဖွဲ့အရာရှိကို ထိုလက်နက်ကိုင်အဖွဲ့အား ဖမ်းဆီးရှာဖွေရန် တိုက်တွန်းရာ အဆိုပါအရာရှိက ၎င်းထံ တွင် လူအင်အားမရှိသဖြင့် မြို့နယ်ရဲစခန်းကို အကူအညီ တောင်းရမည်ဖြစ်ကြောင်း၊ သတင်း ပေါက်ကြားမှုကြောင့် မူးယစ် ဆေးဝါးမမိခဲ့ပါက လက်နက်ကိုင်အဖွဲ့နှင့် ပြဿနာတက်နိုင်သည်ဟု ပြန်လည် ပြောဆိုကြောင်းလည်း ၎င်းက တင်ပြသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိသဖြင့် မူးယစ်ရာဇာများ၊ အဓိကဖြန့်ဖြူးရောင်းချနေသူများ၊ လက်ဝေခံ ရောင်းချ နေသူများကို ဖမ်းဆီးရန် အစိုးရတာဝန်ရှိများက စီစဉ်မှုများရှိခဲ့ပါလျှင်လည်း ကြိုတင် သတင်းပေါက်ကြားမှုများ ဖြစ်ပေါ်ကာ အမှန်တကယ် ဖမ်းမိခြင်းမရှိဟု ဦးမျိုးဝင်းက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်က မန္တလေးမြို့၌ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုဖြင့် နာမည်ကြီးနေသူများကို ဖမ်းဆီးရန် နေရာ ၁၃ နေရာကို ရဲတပ်ဖွဲ့အင်အား ၃၅၀ ဖြင့် တပြိုင်တည်း ဝင်စီးခဲ့သော်လည်း ဖြန့်ဖြူးသူများကို မမိဘဲ သာမာန် သုံးစွဲ သူများကိုသာ ဖမ်းမိခဲ့သည်ဟုလည်း ၎င်းက ထောက်ပြပြောဆိုသည်။
အလားတူ တပ်မတော်သား အမျိုသားလွှတ်တော် ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး တင်လင်းဦးကလည်း ၎င်းတို့တပ်မတော်နှင့် နယ်မြေခံ မူးယစ်ရဲတပ်ဖွဲ့များ ဖမ်းဆီးခဲ့သည့်အမှုများအနက် ၂၀၁၃ ခုနှစ်အတွင်း ရှမ်းပြည်နယ်အတွင်းရှိ ကွတ်ခိုင်မြို့နယ်၊ တာချီလိတ်မြို့နယ်တို့၌ ဘိန်းချက်စခန်းများနှင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူများကို လက်နက်ခဲယမ်းများဖြင့် ဖမ်းမိကြောင်း တင်ပြဆွေးနွေးသည်။
ထို့အပြင် ၂၀၁၅ ခုနှစ်အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကောင်းမှု ကျေးရွာတဝိုက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းစဉ်က စိတ်ကြွဆေးပြား အများအပြားကို တပ်မတော်က သိမ်းဆည်းမိသည်ဟု ဒုဗိုလ်မှူးကြီး တင်လင်းဦးက ဆက်လက် ဆွေးနွေး တင်ပြသည်။
ထိုဖြစ်စဉ်သည် ကရင် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည့် DKBA ခွဲထွက်အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသွားသည်။
၂၀၁၆ ခုနှစ်အတွင်း ထူးခြားဖြစ်စဉ်အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ မိုင်းလားမြို့သို့ သွားသည့် ကားတစီးကို တပ်မတော်မှ စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး အမျိုးအစား တမျိုးဖြစ်သည့် Ice ၂၅၀ ကီလိုနှင့် လက်နက် ခဲယမ်းများ ဖမ်းမိခဲ့ သည်ဟု ဒုဗိုလ်မှူးကြီး တင်လင်းဦးက ဆက်တင်ပြသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ အစိုးရ အကြီးအကဲများက တာဝန်ယူ၍ မူးယစ်ရာဇာများကို စနစ်တကျ စုံစမ်းဖော်ထုတ် ဖမ်းဆီးခြင်း၊ မူးယစ်ဆေးဝါး ရောင်းချနေသူများနှင့်ပတ်သက်နေသည့် အစိုးရဌာနဆိုင်ရာမှ ဝန်ထမ်းများ ကို ဖော်ထုတ်အရေးယူခြင်းများ ပြုလုပ်သင့်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အကြံပြု ပြောဆို တင်ပြကြ သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အများစုက ၎င်းတို့နေထိုင်ရာ ဒေသအသီးသီးတွင် မူးယစ်ဆေးဝါး ပေါများနေမှုသည် တနှစ်ထက်တနှစ် ပိုမိုများပြားလာပြီး သုံးစွဲသူလူငယ်များလည်း ပိုများလာကာ ဆေးသုံးစွဲရာတွင် ငွေကြေးပြတ်တောက်မှု များ ရှိလာပါက ဒုစရိုက်မှုများ ပြုလုပ်လာကြသည်ဟု ပြောသည်။
ဘိန်းစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းများနှင့် ပတ်သက်၍ လူငယ်များ၊ ပြည်သူလူထုများကြား အသိပညာပေးခြင်းကို ကျယ် ကျယ် ပြန့်ပြန့် လုပ်ပေးစေလိုပြီး ဘိန်းစိုက် တောင်သူများကိုလည်း အသက်မွေးဝမ်းကျောင်း အသစ် အစိုးရက ကူညီပံ့ပိုး ပေးစေလိုသည်ဟုလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အကြံပြုပြောဆိုကြသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်ကလည်း ၎င်းတို့ ရခိုင် ပြည်နယ်တွင် ဘိန်းစိုက်ခင်းများ မရှိသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ ရှိနေသဖြင့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိ သူ များက မူးယစ်ရာဇာများ ၊ မူရင်းရောင်းချသူများကို ဖော်ထုတ်ပေးရန် လိုအပ်နေပြီဟု တင်ပြသည်။
“ရောင်းဝယ်တာက အောက်ဆုံးအဆင့် ကွမ်းယာဆိုင်တွေကအစ ရနေတယ်လို့ သိရပါတယ်။ ဒီလိုမျိုး မူးယစ်ဆေးဝါးကို အစိုးရတရပ်အနေနဲ့ ထိထိရောက်ရောက် အမြစ်ပြတ် ရှင်းလင်းရေးက အင်မတန် အရေးကြီးနေပြီလို့ ဆွေးနွေးလိုပါတယ်’’ ဟု ဦးမြင့်နိုင်က ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးလျက် ရှိနေဆဲဖြစ်သည့် ဒေသများမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ် နှင့် ချင်းပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်၏ လူသူအရောက်အပေါက် နည်းသည့် မြို့များတွင် ဘိန်းစိုက်ပျိုးနေဆဲဖြစ်ပြီး ကချင်ပြည်နယ် နယ်ခြား စောင့် တပ်၏ အုပ်ချုပ်ရေး အာဏာ သက်ရောက်သည့် အထူးဒေသ – ၁ တွင် အာဏာပိုင်များ အပါအဝင် ဒေသခံများ သည် ဘိန်းစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်း ပြုခြင်းနှင့် တရုတ်နိုင်ငံသို့ ရောင်းချ၍ ငွေကြေး ရှာဖွေခြင်းများ ပြုလုပ် လျက်ရှိကြောင်း တွေ့ရှိရသည်။