ထိုင်းနိုင်ငံ အပန်းဖြေကမ်းခြေဒေသတခုဖြစ်တဲ့ ဟွာဟင်မှာ မနေ့ညက ဗုံး ၂လုံးပေါက်ကွဲရာ အမျိုး သမီး တဦး သေဆုံးသွားပြီး ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသား ၅ ဦးအပါအဝင် လူပေါင်း ၁၉ဦး ဒဏ်ရာရသွားပြီးတဲ့နောက်မှာ ယနေ့နံနက်မှာလည်း ဆူရတ်ဌာနီ၊ ဖူးခက် စတဲ့ဒေသတွေမှာ ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့တယ်လို့ Bangkok Post သတင်းကဆိုပါတယ်။
ဟွာဟင်ဒေသ ပေါက်ကွဲမှုမှာ ဗုံးတွေကို ပန်းအိုးထဲမှာ မြုပ်ထားကာ မိုဘိုင်းဖုံးနဲ့ အဝေးထိန်း ဖောက် ခွဲခဲ့ခြင်းဖြစ်ပြီး၊ ဆူရတ်ဌာနီခရိုင်မှာတော့ ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့နဲ့ ရေကြောင်းရဲတပ်ဖွဲ့ ရုံးရှေ့ ပေါက်ကွဲမှု ၂ခုကိုလည်း မိုဘိုင်းဖုံးနဲ့ ဖောက်ခွဲခဲ့ခြင်းဖြစ်ပါတယ်။
ထို့အပြင် ယနေ့နံနက် ဖူးခက်ကျွန်း ပတောင်ကမ်း အပန်းဖြေကမ်းခြေမှာလည်း ဗုံး ၂လုံးပေါက်ကွဲခဲ့ရာ လူတဦး ဒဏ်ရာရခဲ့ပြီး၊ လိုမာကမ်းခြေမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့သိရ ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကတော့ “ဗုံးတွေဟာ လူတွေ ဝရုန်းသုန်းကားဖြစ်ပြီး တိုင်းပြည် တည်ငြိမ်မှု ပျက်ပြားအောင်လုပ်တာသာဖြစ်တယ်”လို့ ဆိုလိုက်ပါတယ်။
ထိုင်းမှာ ပေါက်ကွဲမှုဖြစ်ရင် ပုံမှန်တော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ သက်ဆင်လိုလားသူတွေကို စွပ်စွဲလေ့ ရှိပေမယ့်၊ သောကြာနေ့ ပေါက်ကွဲမှုတွေကတော့ သက်ဆင်ကို မလိုလားတဲ့ ပြည်နယ်တွေ မှာဖြစ်ပွားခဲ့တယ်လို့ Bangkok Post ကဆိုပါတယ်။
အလားတူ ဟွာဟင်နာရီစင်နားမှာလည်း ယနေ့ နံနက်က ထပ်မံပေါက်ကွဲခဲ့ပြီး၊ Trang ခရိုင်မှာလည်း Lee Mart ဆူပါမားကက်လည်း မီးလောင်ခဲ့တယ်လို့ သိရပါတယ်။