သတင်း

ငြိမ်းစုစီ ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု

Want create site? Find Free WordPress Themes and plugins.

လူသားချင်း ဂုဏ်သိက္ခာထိခိုက်စေသော ခွဲခြားဖိနှိမ်သည့် ပြုမူခြင်းများဖြင့် ဆန္ဒထုတ်ဖော်ခြင်းကို တားမြစ်သည့် “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း” ကို ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်လိုက်သည်။

၎င်းဥပဒေကြမ်းတွင် ဆန္ဒထုတ်ဖော်သူများ အနေဖြင့့် လက်ကိုင် အသံချဲ့စက်မှလွဲ၍ တခြားမည်သည့် အသံချဲ့စက်ကိုမျှ အသုံးမပြုရန် တားမြစ်ထားပြီး ကြွေးကြော်မည့် စာသားများကို သက်ဆိုင်ရာသို့ တင်ပြသည့်အတိုင်း ပြုလုပ်ရမည့် အချက်တို့ကို ထည့်သွင်းကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က “လူသားချင်း ခွဲခြားနှိမ့်ချမှု တွေကြောင့် တဖက်နဲ့တဖက် ဆူပူမှုတွေဖြစ်လာပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့ အနှစ်သာရ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားနိုင်ပါတယ်” ဟု ပြောသည်။

ပြဌာန်းချက်တွင် ပါဝင်သည့် လူသားချင်း မတူကွဲပြားမှု ဆိုရာတွင် လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ယဉ်ကျေးမှုစသည့် မတူကွဲပြားမှု အားလုံးနှင့် သက်ဆိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဆန္ဒပြမည့်သူများ အနေဖြင့် သက်ဆိုင်ရ ာရဲစခန်းသို့ ၂၄ နာရီကြိုတင်၍ အသိပေး တင်ပြရမည်ဖြစ်ပြီး ၎င်းတို့ ခွင့်ပြုပေးသည့် သတ်မှတ်နေရာများတွင်သာ ဆန္ဒထုတ်ဖော်မှုပြုလုပ်ရန် ကန့်သတ်ချက်များလည်း ပါရှိနေသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုမင်းသွေးသစ် က “လုံခြံုရေးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိဘူးဆိုရင် သူတို့နဲ့ သက်ဆိုင်တဲ့နေရာတွေမှာ လွတ်လပ်စွာ ဆန္ဒပြခွင့် ပေးဖို့လိုပါတယ်” ဟု ပြောသည်။

ဆန္ဒပြသူများ အနေဖြင့် လက်ကိုင် အသံချဲ့စက်တခုသာ အသုံးပြုရမည့်အချက်ကို ပယ်ဖျက် သင့်ကြောင်း၊ လူထုကို ဟောပြောမှု ပြုလုပ်ရာတွင် ပတ်ဝန်းကျင်ကို အနှောက်အယှက် မဖြစ်စေပါက လွတ်လပ်စွာ အသုံးပြုခွင့် ပေးသင့်ကြောင်း၊ ဆန္ဒထုတ်ဖော်ခွင့် ဆုံးဖြတ်ချက်ကို ပြည်ထဲရေး ဌာန၏ သဘောထား တခုတည်းဖြင့် ဆုံးဖြတ်နေခြင်းကို ပြင်ဆင်သင့်ကြောင်း ကိုမင်းသွေးသစ်က ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှု တချို့တွင် လူမျိုးနှင့် ဘာသာအပေါ် ထိခိုက်စေနိုင်သည့် အသုံးအနှုန်းများဖြင့် ဆန္ဒထုတ်ဖော်မှုများရှိခဲ့ကြောင်း၊ သြဂုတ် ၁၆ ရက်နေ့က “ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်း” စကားလုံး သုံးနှုန်းမှုကြောင့် အမေရိကန်သံရုံးအား ဆန္ဒပြခဲ့သည့် ရဟန်းသံဃာ ၃ ပါးနှင့် လူပုဂ္ဂိုလ်ကို ၄ ဦးကို ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ကမာရွတ်မြို့နယ်တရားရုံးတွင် စွဲချက်တင် အရေးယူထားကြောင်း သိရသည်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သည့် “ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေကြမ်း” ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ  ၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading