ချင်းတွင်းမြစ်ကြောင်းတလျှာက် စက်ကြီးများ အသုံးပြု၍ ရွှေတူးဖော်မှုကြောင့် ခန္တီးခရိုင် အတွင်းရှိ လယ်ယာ စိုက်ပျိုးမြေများစွာ ထိခိုက်ပျက်စီးနေရပြီး ဒေသခံလူထု၏ စားဝတ်နေရေးကို ခြိမ်းခြောက်လာသည့်အတွက် ရွှေတူးဖော်မှုလုပ်ငန်းများ လုံးဝ ရပ်တံံ့ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။
မြစ်ကြောင်းတလျှောက် ရွှေတူးဖော် လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၁၀၀ ကျော်၏ လုပ်ဆောင်မှုများကြောင့် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာတွင် မှီခို လုပ်ကိုင်နေသည့် လူပေါင်း ၈၀၀၀ ကျော်၏ စားဝတ်နေရေးကို ခြိမ်းခြောက်လာကြောင်း၊ ဘဝလုံခြုံမှုပါ ဆုံးရှုံးနေရသဖြင့် ရွှေတူးဖော်မှု လုပ်ငန်းများအားလုံးကို လုံး၀ ရပ်တံ့ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။
“ တချို့မြေတွေက လုံးဝကို စိုက်ပျိုးလို့ မရတော့ဘူး။ တချို့လယ်မြေတွေက မျောရေတွေ နှုန်းရေတွေကြောင့် သီးနှံထွက်နှုန်း သုံးပုံ နှစ်ပုံလောက် လျော့ကျသွားတယ်။ နောက်ပြီး ချောင်းရေတွေ၊ ရေတွင်း၊ ရေကန်တွေ အကုန်လုံး ရွှေတူးလို့ ထွက်လာတဲ့ မျောရေတွေကြောင့် သောက်သုံးလို့ မရတော့ဘူး” ဟု မောင်ခမ်းရွာတွင် နေထိုင်သည့် ရှမ်းနီလူငယ်ကွန်ရက်မှ ခေါင်းဆောင်တဦး ဖြစ်သူ ဦးစိုင်းဆမ်းတွိုင်က ဆိုသည်။
ဒေသခံများ နေထိုင်ရာ ကျေးရွာများ အနီးရှိ ဥရုချောင်းမှာ ရွှေလုပ်ကွက်များကြောင့် ရေသုံးစွဲ၍ မရတော့အောင် တိမ်ကော သွားပြီ ဖြစ်ကြောင်း၊ ရွှေတူးဖော်ခြင်း လုပ်ငန်းများက ချင်းတွင်းမြစ်ကမ်းများ ဘေးတွင် ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
“ ဟုမ္မလင်းနဲ့ ရေမိုင် ၄ မိုင်ခန့် ရှိတဲ့ နေရာတွေမှာ ရွှေမျောတွေ တိုက်ရိုက်တိုက်ချတာ ရှိတယ်။ ကုမ္ပဏီတခုကို တနေရာမှာ လုပ်ရင် သုံးလလောက်ပဲ ကြာတယ်။ တနေရာမှာ စက်ကြီးတွေနဲ့ မောင်းလိုက်ပြီဆိုရင် ခဏပဲကြာတယ်။ နောက်ပြီး တချို့ကုမ္ပဏီတွေက ချက်ချင်းမျောရေတွေ မကျအောင် ပိတ်ထားတယ်။ မိုးရွာပြီဆို အဲဒီ ပိတ်ထားတာတွေ အကုန်ပြိုကျပြီး အောက်ဘက်မှာ ရှိတဲ့ လယ်တွေ အကုန် မျောရေတွေ ဖုံးလွှမ်း ကုန်တော့တာပဲ” ဟု မိုးတွင်းကာလအတွင်း ကြုံတွေ့နေရသည့် အခက်အခဲကို ဒေသခံ ဦးလွန်ပွန်လှိုင်က ရှင်းပြခဲ့သည်။
၂၀၁၀ ခုနှစ်က စတင်ကာ ဥရုချောင်းနှင့် ချင်းတွင်းမြစ်တလျှောက်တွင် ကုမ္ပဏီများက စက်ကြီးများဖြင့် ရွှေတူးဖော်ရေး လုပ်ဆောင်မှုများ သိသိသာသာ များပြားလာရာ လက်ရှိတွင် ရွှေတူးဖော်နေသည့် ကုမ္ပဏီ ၁၀၀ ကျော် ရှိကြောင်း သိရသည်။
ရှမ်းနီလူငယ်ကွန်ရက်မှ ခေါင်းဆောင်တဦး ဖြစ်သူ ဦးစိုင်းဆမ်းတွိုင်က “ ကုမ္ပဏီက ရွှေတူးမယ်ဆို အစိုးရဘက်က ခွင့်ပြုချက်ယူရတယ်။ တရားဝင် ခွင့်ပြုချက်မရခင် ရွှေရှိ၊ မရှိ အဲဒီနေရာမှာ စမ်းသပ်ရတယ်။ အခုက ဒီနေရာမှာ ခွင့်ပြုချက်က တင်ထားတုန်း ရှိသေး။ တဖက်မှာ ကုမ္ပဏီတွေက မစမ်းသပ်တော့ဘူး အကုန်တူးနေပြီ။ ခွင့်ပြုချက်က မရသေးဘူး အဲဒီနေရာက တူးလို့ ကုန်နေပြီဆိုတော့ နိုင်ငံတော်အတွက်လည်း အခွန်မရဘူး။ ကျနော်တို့အတွက်လည်း အကျိုးမရှိဘူး ” ဟု ပြောပြသည်။
လက်ရှိတွင် ခန္တီးခရိုင် အတွင်းရှိ လယ်ယာမြေ ဧက ၃၀၀၀ ကျော်မှာ စိုက်ပျိုးလုပ်ကိုင်၍ မရနိုင်တော့သည့် အခြေအနေများ ကြုံတွေ့နေရကြောင်း၊ ရွှေတူးဖော်ရေး ကုမ္ပဏီများ က ဒေသခံများ ပိုင်ဆိုင်သည့် ဝါးတောများ၊ ငှက်ပျောတောများနှင့် လယ်ယာမြေ များကို အနိမ့်ဈေးနှင့် ဈေးနှိမ် ဝယ်ယူမှုများ လုပ်နေကြသည့် အတွက် တောင်သူများတွင် လယ်ယာမြေ ပျောက်ဆုံးမှုများ ကြုံတွေ့နေရသည်ဟု သိရသည်။
ထို့ပြင် ရွှေလုပ်ကွက်များတွင် တခြားနေရာများမှ ရွှေ့ပြောင်းလာရောက် လုပ်ကိုင်ကြသည့် ရွှေမျောအလုပ်သမားများကြောင့် ဒေသခံ အမျိုးသမီးများ၏ လုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရသည့် အခြေအနေ ကြုံတွေ့နေရကြောင်း ဒေသခံ တဦး ဖြစ်သူ ဒေါ်ဘွိုင်နူးက ဆိုသည်။
“ အရင်ကဆို မနက်ပိုင်း ထမင်းချက်ပြီးရင် လက်ဖက်ခူးတယ်။ တောထဲမှာ သစ်မြစ်တူးတယ်။ ဆေးဖော်ပြီး ရောင်းကြတယ်။ အခု ရွှေလုပ်ကွက်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရန်ကို ကြောက်နေရတယ်။ အဓမ္မအမှုတွေ ကြုံရတယ်။ အခုဆို မနက်ပိုင်းပဲ ဖြစ်ဖြစ် နေ့လည်ပိုင်းပဲ ဖြစ်ဖြစ် တောထဲကို တယောက်ထဲ မသွားရဲ့ဘူး။ အဖော်ပါမှ သွားရဲတယ်။ ကျမတို့ရဲ့ ပုံမှန်ဝင်ငွေလဲ မရတော့ဘူး” ဟု ဒေါ်ဘွိုင်နှုးက ဆိုသည်။
ရွှေတူးဖော်ရေး ကုမ္ပဏီများသည် တောအတွင်းရှိ နှစ်ရှည်သစ်ပင်ကြီးများကိုလည်း ခုတ်ယူသယ်ဆောင်မှုများ လုပ်ဆောင်နေကြရာ ရွှေလုပ်ကွက်များကြောင့် လယ်ယာ ပြုန်းတီးမှု၊ သစ်ခုတ်မှုများကြောင့် သစ်တောပြုန်းတီးမှုများပါ ကြုံတွေ့နေရကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံများက ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်ရေး လုပ်ငန်းများ လုံး၀ ရပ်ဆိုင်းရန်အတွက် ယက်ဖ၊ နန်းခုတိ၊ အော်တော၊ မန်လီ၊ စင်နိုင်၊ ကူကီးမိုင်းတောင်း၊ မိုင်တယ်၊ မိုလွန်၊ ဆောပက၊ အန်းဘက်၊ နောင်ပင်၊ နောင်ရင်း စသည့် ကျေးရွာ ၁၂ ရွာကို ကိုယ်စားပြုုကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
၎င်းတို့ တောင်းဆိုချက်တွင် ရွှေလုပ်ငန်းများ အကုန် ရပ်ဆိုင်းရန်၊ လယ်ယာမြေများကို နဂိုမူလအတိုင်း ပြန်လည် ပြုပြင်ပေးရန်၊ ပျက်စီးဆုံးရူံးသွားသည့် လယ်ယာမြေများ၊ သီးပင်စားပင်များအတွက် နစ်နာကြေး ပေးရန်၊ ယင်းနေရာများကို မည်သည့် စီမံကိန်းမဆို ဝင်ရောက်လာမည် ဆိုလျှင် ဒေသခံများထံသို့ လွတ်လပ်စွာ ကြိုတင်အသိပေး ညှိနှိုင်းတိုင်ပင်ပြီး သဘောထားရယူရန်၊ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ ဖွဲ့စည်းထားသော အဖွဲ့အစည်းများကို အသိအမှတ် ပြုရန် စသည့် အချက်များကို တောင်းဆိုခဲ့ကြသည်။