မန္တလေးမြို့၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် အကောင်အထည်ဖော်မည့် အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၂၁ ရက်က မန္တလေးမြို့ရှိ စွမ်းဟိုတယ်တွင် အမရပူရ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား သက်ဆိုင်ရာသို့ ရှင်းလင်းတင်ပြပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။ ပွဲသို့ တက်ရောက်လာသည့် ဒေသခံ အများစုက ၎င်းတို့ဒေသ အတွက် ဆိုးကျိုးဖြစ်လာနိုင်မည့် အခြေအနေများကို မေးမြန်းခဲ့ကြသည်။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ရှမ်းကလေးကျွန်းကျေးရွာနှင့် နံကပ်အင်းအနီးရှိ မြေနုကျွန်း၊ ကိုင်းမြေ၊ ရွာမြေတို့ပါဝင်သည့် မြေဧရိယာဧက ၂၀၀၀ ကျော်တွင် အကောင်အထည်ဖော်မည့် အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကို Mandalay Business Capital City Development ကုမ္ပဏီက ဆောင်ရွက်မည်ဖြစ်သည်။
“မြစ်ရေတက်မှာစိုးလို့ ကမ်းပါးတွေကာလိုက်ရင် တဖက်ကမ်းမှာရှိတဲ့ အင်းဝဟာ ပြိုကျသွားမယ့် အဆင့်ထိ ရှိပါတယ်။ စီမံကိန်းဟာ အင်းဝနဲ့ မဆိုင်ဘူးဆိုတဲ့စကားတော့ ပြန်ရုပ်သိမ်းပေးပါ။ အင်း၀ အတွက် အာမခံချက် တခုပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု အင်းဝဒေသခံ ဦးအောင်ဇေယျက ပြောသည်။
စီမံကိန်းကြောင့် တစုံတရာ လွဲချော်မှုရှိခဲ့ပါက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်နယ်မြေများ ဖြစ်သည့် အင်းဝ၊ စစ်ကိုင်း၊ အမရပူရမြို့တို့အတွက် ဆိုးရွားစွာ သက်ရောက်မှုများ ရှိနေသည့်အတွက် ပညာရှင်များ ဆွေးနွေးသည့် အချက်များ အတိုင်း တသွေ မတိမ်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း မန္တလေး အခြေစိုက် စိမ်းရောင်စိုနှင့် Natural Green Alliance (သဘာဝစိမ်း) အရပ်ဖက်အဖွဲ့အစည်း ဦးဆောင်သူ ဦးမောင်မောင်ဦးက ပြောသည်။
အမရပူရမြို့နယ် ဈေးချိုရပ်ကွက်မှ ဦးဝင်းညွှန့်ကလည်း “မြေနုကျွန်းဆိုတာ တောင်သူတွေအတွက် အင်မတန် စိုက်ပျိုးလို့ ကောင်းတဲ့နေရာပါ။ ဒီနေရာမှာ ဈေးအများကြီး ပေးဝယ်ပြီး မြို့တည်တယ်ဆိုပေမယ့် တောင်သူတွေ အတွက် အလုပ်အကိုင် ဘယ်လိုရှေ့ဆက်ရမလဲ” ဟု ဈေးချိုရပ်ကွက်မှ ဦးဝင်းညွှန့်က ပြောသည်။
စီမံကိန်းနှင့် ပတ်သက်၍ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝိတ်က “မန္တလေးမှာ River City တခု ပေါ်လာစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဒီနေရာကို ရွေးရတာပါ။ တခြားနေရာတွေမှာ တည်ဆောက်သလောက် မရိုးရှင်း၊ မလွယ်ကူဘူးဆိုတာ သိပါတယ်။ ကျနော်တို့ဆောင်ရွက်ချက်တွေကြောင့် ရှိတဲ့နေရာ ပိုဆိုးသွား မယ်ဆိုရင် မည်သည့်အရာမှ ဆက်လုပ်မှာ မဟုတ်တဲ့အကြောင်း ပြောချင်ပါတယ်” ဟု ပြောသည်။
စီမံကိန်းအတွက် မြို့ပြဒီဇိုင်းရေးဆွဲခြင်း၊ မြစ်ကြောင်းဆိုင်ရာကိစ္စများလေ့လာခြင်း၊ မြေထိန်းရေကာများ တည်ဆောက်ခြင်းလုပ်ငန်းစဉ်များအတွက် နယ်သာလန်နိုင်ငံမှ ပညာရှင်များဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ပိုင်ခွင့်ရခဲ့ပါက ပညာရှင်များ၏ အကြံပြုချက်များအတိုင်း ဆောင်ရွက်သွားမည်ဟု ဦးဝိတ်က ဆိုသည်။
စီမံကိန်းပြုလုပ်မည့် ဧရိယာသည် မြို့၏ ရေဆိုးထုတ်စနစ်များနှင့် ဆက်စပ်တည်ရှိနေခြင်း၊ မြစ်ကမ်းနံဘေး တွင်ရှိပြီး နှစ်စဉ် မိုးရာသီတွင် ရေဝပ်ဧရိယာများ ပါရှိနေခြင်း၊ စစ်ကိုင်းငလျင်ကြောနှင့် နီးကပ်စွာတည်ရှိနေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေးက “ပညာရှင်တွေ ငှားပြီး ရေပက်မဝင် အောင် ပြောကြဆိုကြပေမယ့် မြန်မာနိုင်ငံမှာ စီမံကိန်းလုပ်တယ်ဆိုရင် ဆင်းရဲသားလူထုအတွက် ခံရတာ ချည်းမို့လို့ ကြောက်နေကြပါပြီ။ ဘယ်လောက်ပဲ မထိခိုက်ဘူးဆိုပေမယ့် ရေရှည်အတွက် ဘယ်လို တာဝန် ယူမှုတွေနဲ့ ထိန်းသိမ်းပေးမှာလဲ” ဟု ဆွေးနွေးပွဲတွင် ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်သူက စီမံကိန်းသည် မြေယာ စီမံခန့်ခွဲခွင့် ကိစ္စများနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့နှင့် ဆက်စပ်နေသောကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရယူ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ဧရာဝတီသို့ ပြောသည်။
စီမံကိန်းအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စီမံကိန်း ဆောင်ရွက်မည့် Mandalay Business Capital City Development ကုမ္ပဏီတို့က ၂၀၁၆ ခုနှစ် မတ်လတွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြသည်။