စွန့်ဦးတည်ထွင်သူတဦး မည်ကဲ့သို့ အောင်မြင်နိုင်ပါသနည်း။ ကုမ္ပဏီ အသစ်များကို ကူညီမွေးထုတ်ပေးနေသည့် အဖွဲ့ အစည်းတခုကတော့ ထိုအဖြေကို သူတို့သိသည်ဟု ယုံကြည်ထားပါသည်။
၂၀၀၉ ခုနှစ်က အမေရိကန်နိုင်ငံ Palo Alto တွင် တည်ထောင်ခဲ့သည့် Founder Institute က ကမ္ဘာ့တိုက်ကြီး ၆ တိုက်တွင် ကုမ္ပဏီပေါင်း ၂၀၀၀၀ ကျော် ဖွင့်လှစ် နိုင်ရန် ကူညီခဲ့ပြီး ဖြစ်သည်။ သူတို့၏ နောက်ထပ်ခြေလှမ်းတခု မှာ ရန်ကုန်မြိုကို စီးပွားရေးလုပ်ငန်း စတင်ရာတွင် အရှေ့ တောင်အာရှ၏ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အနေအထားကို ပိုမိုခိုင်မာစေရန် ဖြစ်သည်။
ကမ္ဘာအနှံသိကြသည့် ဆီလီကွန်တောင်ကြား၏ အတွေ့အကြုံ ဗဟုသုတများကို အခြေခံ၍ Founder Institute က ကမ္ဘာ တလွှားမှ နည်းပညာလုပ်ငန်းစတင်တည်ထောင်သူများကို ၁၄ ပတ်ကြာ (အချိန်ပိုင်း) စွန့်ဦးတည်ထွင်မှု လုပ်ငန်းဆိုင်ရား လေ့ကျင့်ရေး သင်တန်းများ ပေးနေသည်။ သင်တန်းဆင်းခွင့်ရရှိရေးက ကုမ္ပဏီ အသစ်တခု တည်ထောင်နိုင်သည့် အပေါ် တွင် မူတည်နေပါသည်။
ရန်ကုန် ရုံးခွဲကို Phandeeyar (ဖန်တီးရာ) အဖွဲ့၏ အကူအညီဖြင့် စတုရန်းပေ ၆၀၀၀ ကျယ်ဝန်းသော ICT အချက်အချာနေရာတခု တွင် စတင်ဖွင့် လှစ်လိုက်ပြီဖြစ်သည်။ ထိုနေရာက ရန်ကုန်မြို့တော်တွင် စီးပွားရေးလုပ်ငန်းများ စတင်ခြင်း၏ ဗဟို အချက် နေရာ လည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တည်ထွင်ဆန်းသစ်မှု လက်တွေ့စမ်းသပ်ခန်း (innovation lab) ၏ သတ်မှတ်ထားသည့် ဖန်တီးရာအဖွဲ့က နည်းပညာနှင့်ဆိုင်သည့် အခန်းအနားများကို အပတ်စဉ်ပြုလုပ်ပေးနေပြီး ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော နည်းပညာ အရှိန်မြှင့်တင်မှုကို စတင်ခဲ့သည်။
ဖန်တီးရာ အနေဖြင့် Founder Institute ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာရခြင်း၏ ရည်မှန်းချက်မှာ စိတ်အားထက်သန် သော စွန့်ဦးတည်ထွင်သူများအား သူတို့အောင်မြင်ရန် လိုအပ်သည့် စွမ်းရည်များ လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် အခွင့်အရေးများ ရရယူနိုင်ရေးတွင် အကူအညီပေးရန်ဖြစ်သည်။
“The Founder Institute က သင်ရိုးညွှန်းတန်းနဲ့ အစီအစဉ် ပံ့ပိုးပေးပါတယ်။ ကျနော်တို့က သင်တန်း အစီအစဉ်တွေကို ပြည်တွင်းမှာ ဆောင်ရွက်ပါတယ်။ ကျောင်းသားတွေ၊ သင်ကြားပေးမယ့် ဆရာတွေကို စုဆောင်းပါတယ်” ဟု ဖန်တီးရာ၏ accelerator အစီအစဉ်နှင့် Founder Institute နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဦးဆောင်နေသော Jes Kaliebe Petersen ကပြောသည်။
“ကမ္ဘာ့အဆင့် အတိုင်းအတာနဲ့ စမ်းသပ်ခဲ့တာတွေနဲ့ ဒေသတွင်း အမြင်နဲ့ ဆောင်ရွက်တဲ့ အလုပ်တွေ ပေါင်းစပ်ခြင်းက တ ကယ်ကို ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာတလွှားမှာ နှစ်နဲ့ ချီပြီး စမ်းသပ်လေ့လာခဲ့တဲ့ သင်ရိုးညွှန်းတန်း တခုရှိတယ်။ မြန်မာနိုင်ငံမှာ အမှန်တကယ် စီးပွားရေးလုပ်ငန်းထူထောင်ပြီး အောင်မြင်ခဲ့တဲ့၊ နည်းပညာက ဒီမှာ(မြန်မာ နိုင်ငံတွင်) နည်းပညာအခြေအနေက ဘယ်လိုရှိတယ်ဆိုတာကို သိတဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်း ရှင်တွေက ဟော ပြောပေးတာက အလုပ်ဖြစ်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။”
တည်ထောင်သူများကို ပျိုးထောင်ခြင်းကို အလေးပေးသောကြောင့်လည်း Jzoo (အွန်လိုင်းမှ အရောင်းမြှင့် တင်ရေး ပြုလုပ်နိုင်သည့် မိုဘိုင်း app) ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Rita Nguyen က အစီအစဉ်တွင် ပါဝင် ပို့ချပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ (Rita Nguyen က လူမှုကွန်ရက်များနှင့် ချိတ်ဆက်ခြင်း၊ ဂိမ်းကစား ခြင်းများ ပြုလုပ်နိုင်သည့် မိုဘိုင်း application တခုဖြစ်သည့် Squar ကို မြန်မာနိုင်ငံတွင် ဖြန့်ချီခဲ့သူလည်း ဖြစ်သည်။)
“မြန်မာနိုင်ငံမှာ သင်ကြားလမ်းညွှန်မှုနဲ့ ရှိနှင့်ပြီးသား စွန့်ဦးတည်ထွင်သူတွေကို မြှင့်တင်ပေးတဲ့ နေရာမှာ အတိတ်ကို အလေးပေးလွန်းတယ်လို့ ကျမထင်ပါတယ်။ Founder Institute က အပြောင်းအလဲ ကြီးကြီးမားမား မလုပ်ရသေးသူ တွေကို ပစ်မှတ်ထားပါတယ်။ ပြီးတော့ သူတို့ကို ကူညီနိုင်တဲ့ သူတွေ ရှိတယ်ဆိုတာ ပြပေးတယ်။ ဟုတ်ပါတယ်။ အဲဒါက လက်တွေ့ကျပါတယ်။ ဒါက အခုလိုအချိန်မှာ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ တကယ်ကို အင်အားကောင်းတဲ့ သတင်းစကား ဖြစ်ပါတယ်” ဟုသူကပြောသည်။
Founder Institute ကို ပူးတွဲတည်ထောင်သူ ဖြစ်သည့် Jonathan Greechan ကလည်း အလားတူပင် ပြောသည်။ မြန်မာ နိုင်ငံတွင် အောင်မြင်သည့် စွန့် ဦးတည်ထွက်သူ အရေအတွက် တိုးလာသည်နှင့် အမျှ လမ်းညွှန်ပြသပေးနိုင်မည့် အခွင့် အရေးလည်း တိုးလာမည်ဟု သူက ယုံကြည်ထားသည်။ “ဒီလို လမ်းညွှန်ပြသမှုက အသိုင်းအဝိုင်း အတွင်းက၊ ပိုမို အောင် မြင်နေတဲ့ ကုမ္ပဏီတွေကလာတာဖြစ်ပြီးတော့ ကမ္ဘာပေါ်က အသစ်စတင်တဲ့ အကောင်းဆုံး စီးပွားရေး စနစ်တွေရဲ့ အများ စု ကို လက်ဆင့်ကမ်း မျှဝေခြင်း (pay-it-forward) ယဉ်ကျေးမှုက ခွန်အားပေးခဲ့ပါတယ်” ဟု သူကပြောသည်။
သင်တန်းသားများကို သင်တန်း အစီအစဉ်အတွင်းသာမက လုပ်ငန်းစတင်ဆောင်ရွက်ပြီးသည့် နောက်ပိုင်းတွင်ပါ ကူညီ ပေးရန် Founder Institute က လမ်းညွှန်သင်ကြားပေးသူများကို ခိုင်မာသော မက်လုံးများပေးခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်း အားဖြင့် သင်တန်းဆင်း ကုမ္ပဏီတခု အောင်မြင်လာသည့် အချိန်တွင် အကျိုးအမြတ်ကို ခွဲဝေရရှိနိုင်မည် ဖြစ်သည့်အတွက် ပါဝင်သူများနှင့် လမ်းညွှန်သင်ကြားပေးသူများအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းမှ ငွေကြေး အမြတ်အစွန်း ရရှိကြမည် ဖြစ် သည်။
ပထမဆုံး အနေဖြင့် အခက်ခဲဆုံး အပိုင်းမှာ Founder Institute ၏ လက်ခံမှု ရရှိရေးဖြစ်ပါလိမ့်မည်။ Founder Institute သို့ လျှောက်ထားရန် အတွက် အရည်အချင်းနှင့် ပင်ကိုယ်ဗီဇ ဆိုင်ရာ စစ်ဆေးမှုတခုကို ဖြေကြားရန် လိုအပ်သည်။ လျှောက်ထားသူတွင် စွန့်ဦးတည်ထွင်မှု DNA မည်မျှအထိ ပါဝင်သည်ကို ဆန်းစစ်ရန် လူမှု သိပ္ပံပညာရှင်များက ပြုစု ပေးထားသည့် အစီအစဉ် တခု ဖြစ်သည်။ (ယခု အချိန်အထိ ကမ္ဘာအလွှားမှ လျှောက်ထားသူ ၃၅ ၀၀၀ အထိ ရှိခဲ့ပြီး ၂၅၀၀ ခန့်သာ Founder Institute မှ ကျောင်းဆင်းနိုင်ခဲ့သည်။)
နည်းပညာဆိုင်ရာ အောင်မြင်သော စွန့်ဦးတည်ထွင်သူ တယောက်ဖြစ်လာရန် အတွက် အလားအလာကို Founder Institute ၏ စမ်းသပ်စစ်ဆေးမှုက ၈၅ ရာခိုင်နှုန်း တိကျသေချာမှု ရှိအောင် ခန့်မှန်းနိုင်ခဲ့သည် ဟုလည်း သိရသည်။ စမ်းသပ် စစ်ဆေးမှုက ကမ္ဘာပေါ်မှ အခိုင်မာဆုံးသော စွန့်ဦးတီထွင် သူများက ပိုင်ဆိုင်ထားကြောင်း တွေ့ရှိခဲ့ရသည့် ထူးခြား သည့် အရည်အချင်းများ ဖြစ်သော “ဉာဏ်ရည်မြင့်မား ထက်မြက်ခြင်း၊ ပွင့်လင်းလွတ်လပ်မှု မြင့်မားခြင်း နှင့် အတော် အသင့် နှစ်လိုဘွယ်ရာကောင်းခြင်း” တို့ကို သိရှိနိုင်ရန် အထောက်အကူပြုသည်ဟု Jonathan Greechan က ရှင်းပြ သည်။
Founder Institute က လက်ခံလိုက်ပြီဆိုလျှင် သင်တန်းသားများသည် တည်ထောင်မှု ၏ အစပိုင်းအဆင့် နှင့် ပတ်သက် သည့် ရက်တို သင်တန်းတခုကို လေ့လာကြရသည်။ ကြီးကြပ်လမ်းညွှန်သူများ နှင့် တပတ်လျှင် တကြိမ်သာ တွေ့ဆုံ သင် ကြား ရပြီး မိမိတို့၏ အလုပ်များကို ဆက်လက် လုပ်ကိုင်ခွင့် ပေးထားသည်။
“သင်ရိုး ညွှန်းတန်းက စိတ်ကူးအသစ်တခုကို ဘယ်လိုစတင်တည်ဆောက်ရမလဲ ဆိုတာနဲ့ စတင်ပါတယ်။ ဝင်ငွေ ရရှိမယ့် အရင်းအမြစ်တွေနဲ့ အမာခံ စားသုံးသူတွေ တိုးပွားအောင်ပြုလုပ်တာ၊ ဈေးနှုန်းမှန်သတ်မှတ် နိုင်ငံရေးအတွက် ပြည်သူ တွေကို မေးမြန်းတာ၊ ကုန်အမှတ်တံဆိပ်၊ အမည် သတ်မှတ်တာ၊ အဖွဲ့ဖွဲ့တာနဲ့ ရှောင်ရှားရမယ့် အရာတွေ စတာတွေ အားလုံး ပါဝင်ပါတယ်။” ဟု Jes Kaliebe Petersen ကရှင်းပြသည်။
ထို့နောက် ဦးဆောင် လမ်းညွှန်သူများက မြန်မာနိုင်ငံမှ အလွန်ထူးခြားသည့် အခက်အခဲများကို မည်သို့ ရင်ဆိုင်ရမည် ဆိုသည်ကို အကြံပြုမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ နည်းပညာဆိုင်ရာ လုပ်ငန်းသစ် စတင်သူများအနေဖြင့် လက်ရှိ အချိန်၌ မြန်မာနိုင်ငံ တွင် ဒီဂျစ်တယ် ကြော်ငြာဈေးကွက်တခု မရှိသည့် အတွက် အခြားသော ဈေးကွက်များကဲ့သို့ မဟုတ်ဘဲ ချက် ချင်းရောင်းရသည်ကို အလေးပေးရသည့် နည်းလမ်းကို ကျင့်သုံးရန် ဖြစ်လာသည်။ ရပ်တည်ရှင်သန်နိုင်ရန် အတွက် ပိုက် ဆံပေးသည့် ဖောက်သည်များကို အဆင်ပြေအောင်လုပ်ပေးနိုင်ရေးက လိုအပ်လာသည်။
တချိန်တည်းမှာပင် မြန်မာနိုင်ငံမှ မထိတို့ရသေးသည့် ဈေးကွက်က လူဦးရေ ၅၂ သန်းရှိပြီး တဝက်ခန့်က ယခုအချိန်တွင် မို ဘိုင်းဖုန်းများ အသုံးပြုလာသည့် အတွက် အခွင့်အလမ်းက မြောက်များစွာ ရှိလာသည်။
Jonathan Greechan ၏ အမြင်တွင် မြန်မာနိုင်ငံက အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ငန်းများစတင်ခဲ့သည့် ခံစားမှုကို ပြန်အမှတ် ရစေသည်။ “အာရှတလွှားက စွန့်ဦးတည်ထွင်သူတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ ဆက်သွယ်ရေး တိုးတက်လာမှုကို ပစ်မှတ်ထားခဲ့ကြတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူပဲ သူတို့လုပ်ကြလိမ့်မယ်။ ဒါ ပေမယ့် သူတို့ အနေနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ လုပ်ငန်းတည်ထောင်သူတွေမှာ ရှိနေတဲ့ စားသုံးသူ အသိပညာနဲ့ အလား တူ ဈေးကွက်မျိုးကို သူတို့ ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီမှာ ကြီးမားတဲ့ အခွင့်အလမ်းရှိပါတယ်။” ဟု သူက ပြော သည်။
ကမ္ဘာတလွှားမှ စွန့်စားလိုသည့် စီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန်သို့ရောက်လာစေခဲ့သည်။ သို့သော်လည်း သူတို့ရင်းနှီး မြှုပ်နှံလာရေးက ပိုမိုရှုပ်ထွေးနေဆဲဖြစ်သည်။
“တချို့နေရာတွေမှာတော့ မြန်မာနိုင်ငံ အတွက် ဘဏ္ဍာငွေရှာဖွေတာက ဒေသတွင်းက တခြားနိုင်ငံတွေထက် ပိုမို လွယ်ကူပါတယ်။ ဒီနေရာ (မြန်မာနိုင်ငံ)က ဆွဲဆောင်မှုကောင်းနေဆဲဖြစ်တဲ့အတွက် စကားပြောချင်တဲ့ သူတွေရှိပါတယ်။ ဒါ ပေမယ့် စွန့်စားရမှုကို ခံနိုင်ပြီး တကယ်ငွေထုတ်သုံးလာတဲ့ ပမာဏ ကတော့ အလွန် အကန့်အသတ် ရှိနေတုန်းပါပဲ” ဟု Rita Nguyen ကပြောသည်။
လုပ်ငန်းသစ်တည်ထောင်မှု များတိုးလာသည်နှင့် အမျှ အဆိုပါ အခြေအနေက ပြောင်းလဲလာရန် ရှိပါသည်။ ပထမဆုံး ပူး ပေါင်းဆောင်ရွက်မှုတခု ကို ဒီဇင်ဘာလတွင် စတင်ရန် ရှိနေသည့် Founder Institute (ရန်ကုန်) ကလည်း လမ်းခင်း ကူ ညီပေးနေပါသည်။
( Forbes မဂ္ဂဇင်းပါ Fanny Potkin ၏ Training Myanmar’s Next Tech Entrepreneurs The Silicon Valley Way ကို ဘာသာပြန်ဆိုသည်)