ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္ဒီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA၊ MNDAAနှင့် TNLA ပူးပေါင်းအဖွဲ့တို့က မိုင်းထောင်၊ ဗုံးဖောက်ခွဲမှုတို့ကြောင့် အပြစ်မဲ့ပြည်သူများ သေကြေ၊ ဒဏ်ရာရကြပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသဖြင့် စစ်ပြေးဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံ၏အချုပ်အခြာ ထိပါးမှု တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို ထိခိုက်စေခြင်းအပေါ် လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီး အဆိုတရပ်ကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ တင်သွင်းရာ ပြည်သူ့လွှတ်တော်က လက်ခံခဲ့သည်။
ထိုအဆိုကို ကြံ့ခိုင်ရေးပါတီမှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက တင်သွင်းခြင်းဖြစ်ပြီး၊ အဆိုအား လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီးနောက် ဆွေးနွေးမည့်သူ့အမည်စာရင်းကို မနက်ဖြန် နောက်ဆုံးထားပေးသွင်းရန် ပြည်သူ့လွှတ်တော် ဥက္ကဌဦးဝင်းမြင့်က ပြောသည်။
“ နိုင်ငံ၏အချုပ်အခြာ ထိပါးမှု၊ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့က လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆို ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ယခုလ ၂၀ ရက်နေ့ နံနက်ပိုင်းက စပြီး မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုဟု ခေါ်ဆိုသည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။
မဟာမိတ် အင်အားစုက တပ်မတော်စခန်း၊ ရဲစခန်း တချို့နှင့် နယ်စပ် ကုန်သွယ်ရေးဇုန် တို့ကို ဝင်ရောက် စီးနင်း ပစ်ခတ် ခဲ့သလို တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်ရှိသော တံတားတချို့ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသဖြင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့နှင့် အပြစ်မဲ့ အရပ်သားများ သေဆုံးခဲ့ရသလို နှစ်နိုင်ငံအဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း လည်း ပြတ်တောက် သွားခဲ့ရသည်။