အားလုံး ဝိုင်းဝန်းပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုကြီး သာယာဝဖြိုးရေးအတွက် ပူးပေါင်း လုပ်မည်ဆိုပါက ယနေ့ အချိန်အခါတွင် ပျိုးထောင်ပေးခဲ့သည့် ငြိမ်းချမ်းရေး မျိုးစေ့လေးများ၏ အသီးအပွင့်များကို နောင်လာ နောက်သားများ အားလုံး ခေတ်အဆက် ဆက်တွင် ခံစားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယနေ့ နေပြည်တော်ရှိ MICC -2 တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“နောင်နှစ်တွေ နှစ်တွေမှာ နှစ်သစ်ကူး အချိန်ကာလမှာတင်မက တနှစ်လုံး တရက်ချင်း တရက်ချင်းဆီမှာ ကျမတို့ ပျိုးခဲ့တဲ့ ပျိုးပင်လေးတွေကနေ ရရှိတဲ့ အသီးအပွင့်တွေကို ကျမတို့ ခံစားရမှာ စံစားရမှာပါ။ ဒါကြောင့် ကျမတို့ဟာ ဘာပဲလုပ်လုပ် ရှေ့အနာဂတ်ကို ကြည့်ရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အနာဂတ်ဟုဆိုရာတွင် ၁ နှစ်၊ ၂ နှစ်၊ ၄ ၊ ၅ နှစ် မဟုတ်ပါဘဲ နိုင်ငံရေး ပညာရှင်ကြီးတဦး ပြောဆိုခဲ့သည့်အတိုင်း နိုင်ငံရေး လုပ်စားသူများက နောက်ရွေးကောက်ပွဲ အတွက် စဉ်းစားနေချိန်တွင် နိုင်ငံအတွက် လုပ်ချင်သူများက နောင်မျိုးဆက် အတွက် စဉ်းစားနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥပမာပေး၍ ပြောဆိုခဲ့သည်။
“အဲဒီတော့ ကျမတို့ အားလုံးဟာ နောင်မျိုးဆက်တွေအတွက် စဉ်းစားပြီးတော့ ကရင်အမျိုးသားများရဲ့ အင်မတန်မှ ချစ်ဖွယ်ကောင်းတဲ့ နှစ်သစ်ကူးက ပေးတဲ့ သင်ခန်းစာတွေကို နှလုံးသွင်းပြီးတော့ အားလုံးအတူ လက်တွဲပြီးတော့ ပြည်ထောင်စုကြီး ခိုင်မာ သာယာ ဝပြော အောင်လို့ လုပ်နိုင်ကြပါစေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ကရင် အမျိုးသားများ၏ နှစ်သစ်ကူးနေ့နှင့် ပတ်သက်၍လည်း စဉ်းစားစရာ၊ သင်ခန်းစာ ယူစရာများစွာ တွေ့မြင်နေရကြောင်း၊ ကရင် နှစ်သစ်ကူးသည် ကောက်သစ်စားသည့်နေ့ကို အခြေခံပြီး ပေါ်ပေါက်လာသဖြင့် မိမိတို့ ပျိုးခဲ့သည့် ပျိုးပင်များမှ ထွက်ပေါ်လာသည့် အသီးအပွင့်များကို စားသောက်၍ အကျိုးကို ခံစားရသည့်နေ့ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ကျမတို့ ဗုဒ္ဓဘာသာ အရဆိုရင်တော့ ကံ၊ ကံ၏ အကျိုးလို့ ပြောမှာပေါ့။ ခရစ်ယာန် သမ္မာကျမ်းစာမှာလည်း ကြဲတဲ့ မျိုးစေ့အတိုင်းပဲ ပျိုးပင်ကို ရိတ်ရလိမ့်မယ်လို့ ပါပါတယ်။ ကျမတို့ အားလုံးဟာ ကျမတို့ လုပ်သလိုပဲ ကျမတို့ ခံစားရမှာပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“အဲဒါဟာ ကျမတို့နိုင်ငံအတွက် ကျမတို့ ပြည်ထောင်စုအတွက် အင်မတန်မှ လေးလေးနက်နက် ထားရမယ့် သင်ခန်းစာ လည်း ဖြစ်ပါတယ်။ ကျမတို ့လုပ်သမျှ ခံစားရမယ်။ ကောင်းတာ လုပ်လို့ရှိရင် ကောင်းကျိုးကို ခံစားရမယ်။ ဒါကြောင့် ကျမတို့ အားလုံးဟာ ပြည်ထောင်စု ကောင်းကျိုးအတွက် ဝိုင်းပြီးတော့ လုပ်ဖို့ လိုတယ် ဆိုတာကို နှလုံးသွင်းဖို့ လိုပါတယ်” ဟု ပြောသည်။
ထို့ကြောင့် တိုင်းရင်းသားများ စုပေါင်း၍ ညီညီညွတ်ညွတ်နှင့် ခိုင်ခိုင်မာမာ တည်ဆောက်ထားသည့် ပြည်ထောင်စုကြီးတခု ထူထောင် ရာတွင်လည်း ဥပမာအားဖြင့် ပထမဦးဆုံး မျိုးစေ့များ ကြဲရမည် ဖြစ်ကြောင်း၊ ထို မျိုးစေ့လေး တွေကို ပြုစုပျိုးထောင်ရာတွင်လည်း အားလုံးဟာ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ထမင်းစားတဲ့ အခါတော့ ငါပါမယ်။ ပျိုးပင်စိုက်တဲ့ နေရာမှာတော့ ငါ မပါဘူး။ ပျိုးပင်တွေ ပြုစု ပျိုးထောင်တဲ့ နေရာမှာလည်း ငါမပါဘူး။ ရိတ်တဲ့ နေရာမှာလည်း ငါမပါဘူး။ စားတဲ့ နေရာမှကျတော့ ဝင်စားမယ်ဆိုရင် ဒီစိတ်ဓာတ်တွေက ပြည်ထောင်စု စိတ်ဓာတ် မဟုတ်ဘူးလို့ ပြောရမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။