၂၀၁၆ ခုနှစ်အတွင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ ကော်မတီက တိုင်ကြားစာ စောင်ရေပေါင်း ၄၀၀၀ ကျော် ရရှိခဲ့ပြီး တိုင်ကြားမှု တဝက်ကျော်မှာ တရားရုံးများနှင့် သက်ဆိုင်နေသော တိုင်ကြားစာများ ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ ဥက္ကဌက ဧရာဝတီကို ပြောသည်။
ကော်မတီက တိုင်ကြားစာ စုစုပေါင်း ၄၀၇၁ စောင် ရရှိခဲ့ပြီး ၂၀၀၀ ကျော်မှာ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် မကျေနပ်မှုများ၊ အမှုစီရင်ရေး လုပ်ငန်းစဉ်များတွင် နှောင့်နှေးကြန့်ကြာမှုများ၊ တရားသူကြီးများက အဂတိတရားနှင့် ဆုံးဖြတ်သည်ဟု စွပ်စွဲချက်များ၊ တရားရုံးဝန်ထမ်းများ၊ ဥပဒေအရာရှိများနှင့် ပတ်သက်၍ တိုင်ကြားထားခြင်းများ ဖြစ်သည်ဟု ကော်မတီ ဥက္ကဌ ဦးစန်းမြင့်က ဧရာဝတီကို ပြောသည်။
သို့သော် ကော်မတီသည် တရားစီရင်ရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်ခွင့် မရှိသည့်အတွက် ကြန့်ကြာသည့် အမှုများကို တိကျမှန်ကန်မြန်ဆန်စွာ စစ်ဆေးပေးရန်၊ အဂတိတရားနှင့် ဆုံးဖြတ်သည်ဟူသော စွပ်စွဲ တိုင်တန်းချက်များကို ကြီးကြပ်ပေးရန် ကော်မတီ၏ အကြံပြုချက်များနှင့်အတူ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ထံ လွှဲပြောင်းပေးရသည်ဟု သိရပါသည်။
“ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အမှုတွဲကို ပေးပို့ပြီးတော့ တည့်မတ်မှန်ကန်အောင် ကြီးကြပ်ပေးဖို့ တရားလွှတ်တော်ချုပ်မှာ တရားရုံး အဆင့်ဆင့်ကို ကြီးကြပ်နိုင်တဲ့ အာဏာရှိတဲ့အတွက် ကျနော်တို့က အဲဒီလို လွှဲပြောင်းပေးရပါတယ်” ဟု ဦးစန်းမြင့်က ပြောသည်။
အခြားသောတိုင်ကြားမှုများမှာ အထွေထွေ တိုင်ကြားမှုများ၊ အစိုးရဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်သည့် အကြောင်းအရာများ ဖြစ်ပြီး အစိုးရ ဝန်ကြီးဌာနများအနက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပတ်သက်၍ တိုင်ကြားမှုက အများဆုံး ဖြစ်သည်ဟု ဦးစန်းမြင့်က ဖြည့်စွက်ပြောဆိုသည်။
၂၀၁၆ ခုနှစ်အတွင်း လက်ခံရရှိခဲ့သည့် တိုင်စာ ၄၀၀၀ ကျော်ထဲတွင် ကော်မတီက တိုင်စာ ၃၀၀၀ ခန့်ကို စစ်ဆေးသုံးသပ် ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများထံ ကော်မတီ၏ အကြံပြုချက်များနှင့်အတူ ပေးပို့ခဲ့ကြောင်း၊ ထို့နောက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တရားလွှတ်တော်ရုံးချုပ်က တိုင်ကြားချက်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကော်မတီထံသို့ ပြန်လည်ပေးပို့ရကြောင်း သိရသည်။
၂၀၁၆ ခုနှစ်၊ ပထမ ၆ လ ပိုင်းတွင် အစိုးရဌာနများအတွင်း တာဝန်လွှဲပြောင်းမှု အပြောင်းအလဲများကြောင့် အကြောင်းပြန်စာ ရရှိမှု နည်းခဲ့သည်ဟု ဆိုသည်။ ယခုလက်ရှိအထိ သက်ဆိုင်ရာဌာနများသို့ စစ်ဆေးပေးပို့ပြီးသည့် တိုင်ကြားစာ ၃၀၀၀ ကျော်အနက် ၁၅၀၀ ကျော်ခန့်သာ အကြောင်းပြန်စာများ ရရှိပြီး ကော်မတီက တိုင်ကြားသူများကို ပြန်လည်ဖြေရှင်းပေးခဲ့ပြီ ဖြစ်ကြောင်း ဦးစန်းမြင့်က ဆိုသည်။
ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ အဆိုအရ တိုင်စာများသည် မြန်မာနိုင်ငံ အနှံ့အပြားမှ ဖြစ်ပြီး စာတိုက်မှ လည်းကောင်း သက်ဆိုင်ရာမဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် လည်းကောင်း ရောက်ရှိလာခြင်း ဖြစ် သည်ဟု သိရသည်။ ပြည်နယ်နှင့် တိုင်း ၁၄ ခုထဲတွင် ရန်ကုန်တိုင်းက တိုင်ကြားမှုအများဆုံး ဖြစ်ပြီး မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့က ဒုတိယနှင့် တတိယအများဆုံး အသီးသီး ဖြစ်သည်ဟု သိရှိရသည်။
“ပြည်သူတို့၏ တိုင်ကြားစာ ကော်မတီဆိုတာက လွှတ်တော်အသေးစားလေးပါ။ လွှတ်တော်အတိုင်းပဲ ဖြစ်ပါတယ်။ ဒီတိုင်ကြားစာ ဆိုတာကလည်း ပြည်သူတွေရဲ့ ဆန္ဒပါ။ ပြည်သူတွေရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့ ဆန္ဒကို လွှတ်တော်က ဖော်ဆောင်ပေးရမှာပါ။ ကျနော်တို့က အဲဒီခံယူချက်နဲ့ အလုပ်လုပ်ပါတယ်” ဟု ဦးစန်းမြင့်က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတာဝန် ရှိသူများ၏ အကျင့်ပျက်ခြစားမှုကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးသို့ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း နိုဝင်ဘာလအတွင်းက ကြေညာခဲ့သည်။ တိုင်ကြားမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို လျှို့ဝှက်ထားပေးမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။