မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ကို မဖိတ်ခေါ်နိုင်ကြောင်း တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် ထပ်မံပြောဆိုချက်သည် ပြည်တွင်း နိုင်ငံရေးဖြစ်စဉ်ကို နှောင့်နှေးရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော်တွင် ကျင်းပသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့် တပ်မတော်(AA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် TNLA တို့သည် ဒီမိုကရေစီ အစိုးရ လက်ထက်မှ ပေါ်ပေါက်လာသည့် အဖွဲ့ အစည်းများ ဖြစ်သဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ရန် မရှိကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် TNLA ၊ AA နှင့် MNDAA တို့သည် နိုင်ငံရေးခံယူချက်အရ ဖြစ်ပေါ်လာသည့် အဖွဲ့အစည်းများ မဟုတ်ဟုလည်း ပြောသည်။
“နောက်ပိုင်းမှ ဖြစ်လာကြတဲ့ အဖွဲ့အစည်းတွေ။ ဒီအဖွဲ့ အစည်းတွေကိုတော့ ကျနော်တို့က သီးခြား သတ်မှတ်ပြီးတော့ သူတို့ကို ငြိမ်းချမ်းရေး ဖိတ်ခေါ်၊ ငြိမ်းချမ်းရေး ဆွေးနွေး၊ NCA လက်မှတ်ထိုးပါ စသဖြင့် ကျနော်တို့က ပြောနေစရာ အကြောင်း မရှိဘူးလေ”ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုသည်။
MNDAA နှင့် TNLA တို့က ၎င်းတို့သည် ယခင်ကတည်းက တော်လှန်ရေး လုပ်ဆောင်နေသည့် အဖွဲ့များဖြစ်ပြီး တပ်မတော် က အင်အားဖြင့် လက်နက်သိမ်းခြင်း၊ တိုက်ခိုက်ခြင်းတို့ကြောင့် အင်အားနည်းပြီး တဖန် ပြန်လည် အသစ်ထူထောင်ထား သည့် တပ်ဖွဲ့များ ဖြစ်ကြောင်း၊ တပ်မတော် ပြောဆိုသကဲ့သို့ ဒီမိုကရေစီ အစိုးရလက်ထက်မှ ပေါ်ပေါက်လာခြင်း မဟုတ် ကြောင်း ငြင်းဆိုသည်။
“သူတို့အခွင့်အရေး မရသမျှတော့ သူတို့က ဆက်တိုက်နေဦးမှာပဲ။ သူတို့ကို ချန်ထားလို့ မရဘူးလို့ ကျနော်တို့ မြင်တယ်” ဟု မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ကို ငြိမ်းချမ်းရေး ခေါ်ယူဆွေးနွေးပေးရန် တောင်းဆိုထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဋ္ဌ ဦးနိုင်ဟံသာ က ပြောသည်။
TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက တပ်မတော်သည် နှုတ်မှသာ ငြိမ်းချမ်းရေး လိုလားကြောင်း ပြောဆို နေသော် လည်း လက်တွေ့တွင် အတားအဆီးများ၊ အဟန့်အတားများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
“ကျနော်တို့ ၃ဖွဲ့ကို ချန်ထားပြီးတော့ နိုင်ငံရေးဖြစ်စဉ်ကို နှောင့်နှေးအောင်လုပ်တဲ့ သဘောပဲလို့ ကျနော်တို့ဘက်က ကောက်ချက် ချတယ်။ အခုလည်း သူထပ်ပြောပြန်ပြီ။ ဒါက ငြိမ်းချမ်းရေးကို သူတို့ (တပ်မတော်) မလိုလားကြောင်း တော်တော်ပေါ်လွင်တာပဲ”ဟုလည်း ၎င်းက ပြောဆိုသည်။
မုံးကိုး – ဖောင်းဆိုင် တိုက်ပွဲများ မတိုင်မီ ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ် နယ် မြေများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း TNLA နယ်မြေများအတွင်း တပ်မတော်က ထိုးစစ် ပြုလုပ်ခဲ့သည်များကို ထုတ်ဖော် မပြောသည်မှာ တရားမျှတမှု မရှိသည့် ပြောဆိုချက်ဖြစ်သည်ဟု ဗိုလ်မှူးချုပ် တားဂျုတ်ဂျာက ပြောသည်။
“မူဆယ် ၁၀၅ မိုင် တိုက်ပွဲတုန်းကကျတော့ မနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘယ်လောက်ကျတယ်။ ဘယ်လောက် ဆုံးရှုံးတယ်၊ ထုတ်ပြောတော့ ဒါက တမင် လူထုက တပ်မတော်ကို သနားသက်ညှာအောင် လုပ်တဲ့ အပိုင်း လို့ ယူဆလို့ရတာပေါ့”ဟုလည်း ၎င်းက ပြောဆိုသည်။
ငြိမ်းချမ်းရေး ဆွေးနွေးလိုပါက လက်နက်စွန့်ပြီးမှ ပါဝင်လာရန် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကို ၂၀၁၅ ခုနှစ် ကတည်းကပင် တပ်မတော်က ပြောဆိုထားသော်လည်း လက်ခံခြင်း မရှိဘဲ ၎င်းတို့သည် တိုင်းရင်းသား အခွင့်အရေးများအတွက် အစိုးရ နှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုပြီး နိုင်ငံရေး ဆွေးနွေးလိုခြင်းသာ ဖြစ်သည်ဟု သိရသည်။