ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် မရမ်းကုန်းမြို့နယ် Ocean အရောင်းစင်တာအတွင်း ပေါက်ကွဲမှုများနှင့် ပတ်သက်၍ တရားလိုနှင့် တရားလိုပြသက်သေတို့ကို အနောက်ပိုင်းခရိုင်တရားရုံး၌ ယနေ့စစ်ဆေးသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တိုင်းအစိုးရအဖွဲ့ရုံးအတွင်း ဖြစ်ပွားခဲ့သည့် M 150 အချိုရည် ပုလင်းကို အသုံးပြုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တရားလိုပြ သက်သေအဖြစ် ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးက ယနေ့တွင် လာရောက်ထွက်ဆိုခြင်း ဖြစ်သည်။
“ကျနော်က ပေါက်ကွဲမှုဖြစ်ပြီးမှ ရောက်သွားတာပါ၊ အခုလို လာရောက်ထွက်ဆိုပေးတာက ကျနော်အနေနဲ့ အမှုနဲ့ ပတ်သက်လို့ တာဝန်သိစိတ်နဲ့ လာရောက်ထွက်ဆိုခြင်း ဖြစ်ပါတယ်” ဟု ဦးသိုက်စိုးက တရားခွင်အတွင်း ပြောဆိုသည်။
အလားတူ မရမ်းကုန်းမြို့နယ်ရှိ Ocean အရောင်းစင်တာ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ယနေ့ရုံးချိန်တွင် တရားလိုဖြစ်သူ မရမ်းကုန်း မြို့မရဲစခန်းမှ ရဲအုပ်ဘိုထင်ကျော်က ထွက်ဆိုချက်ပေးခဲ့သည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးအတွင်း ပေါက်ကွဲမှုတွင် သံသယရှိသူ ခင်မောင်ရွှေ (ခ) ရာကွတ်၊ စိုးမင်းဇော်၊ ကျော်သူ (ခ) ကျော်ကျော်နှင့် စိုးဝင်း (ခ) အလီ ဆိုသူတို့ကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ – ၃ ဖြင့် တရားစွဲစစ်ဆေးလျက် ရှိသည်။
Ocean အရောင်းစင်တာအတွင်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ ခင်မောင်ရွှေ (ခ) ရာကွတ်ကို မရမ်းကုန်း မြို့မရဲစခန်းက အမှုဖွင့် တရားစွဲဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က မရမ်းကုန်းမြို့နယ်ရှိ Ocean Center ၌ ပေါက်ကွဲမှု၊ နိုဝင်ဘာ ၂၀ ရက်တွင် ဒေါပုံမြို့နယ်ရှိ Capital Hypermarket တွင် ပေါက်ကွဲမှု၊ နိုဝင်ဘာ ၂၄ ရက်တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံး (လ.ဝ.က) တို့တွင် ပေါက်ကွဲမှုများ ဆက်လက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
တိုင်းအစိုးရအဖွဲ့ရုံးအတွင်းနှင့် Ocean အရောင်းစင်တာတို့၌ ပေါက်ကွဲမှုများအတွက် တရားစွဲဆိုထားပြီး ကျန်ပေါက်ကွဲမှုများအတွက် သံသယဖြင့် ဖမ်းဆီးထားသူများအပေါ် တရားစွဲဆိုမှု မရှိသေးကြောင်း ဖမ်းဆီးထားသူတဦး၏ ရှေ့နေ ဦးအောင်သန်း (ညောင်တုန်း) က ဧရာဝတီကို ပြောဆိုထားသည်။