ဒိန်းမတ် နိုင်ငံသို့ တင်သွင်းနေသော မြန်မာနိုင်ငံက ကျွန်းသစ်များကို တင်သွင်းခွင့်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (Environmental Investigation Agency-EIA) က ထုတ်ပြန် ကြေညာ လိုက်သည်။
မြန်မာ့သစ်များကို တင်သွင်းနေသော ဒိန်းမတ် သစ်ကုမ္ပဏီ Keflico က ဥရောပသမဂ္ဂသို့ သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်း (European Union Timber Regulation-EUTR) ကို ချိုးဖောက်ကြောင်း သက်သေများဖြင့် EIA က တင်ပြခဲ့ပြီးနောက် ဒိန်းမတ် အာဏာပိုင်များက မတ်လ ၁၅ ရက်နေ့တွင် ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
EIA ၏ သစ်တောဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူ Peter Cooper က “ခုလို အခြေအနေမှာ ဥရောပ ဈေးကွက်ထဲ မြန်မာကျွန်းသစ် တင်သွင်းတာဟာ ဥရောပ သစ်တင်သွင်းမှု ဥပဒေကို ချိုးဖောက်ရာ ရောက်တယ် ဆိုတာလည်း သံသယရှိစရာ မလိုတော့ပါဘူး” ဟု ဆိုသည်။
ဒိန်းမတ် အာဏာပိုင်များ အနေဖြင့် ယင်းသို့ ဆုံးဖြတ်လိုက်မှုအပေါ် EIA အဖွဲ့ အနေဖြင့် ကြိုဆိုလိုက်ပြီး ထိုကဲ့သို့ လုပ်ဆောင် ခြင်းသည် EUTR စည်မျဉ်းများနှင့် ပတ်သက်၍ အခြား သက်ဆိုင်ရာ ဥရောပ နိုင်ငံ အာဏာပိုင်များ အတွက်လည်း လိုက်နာရန် စံပြလုပ်ဆောင်မှု အဖြစ် ရှုမြင်သည်ဟု ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး ဦးဘာဘာချို က ဒိန်းမတ်နိုင်ငံ အစိုးရထံတင်ပြသော EIA အစီရင်ခံစာကို မှားသည်၊ မှန်သည် မပြောလိုသော်လည်း တိုက်ရိုက် ပတ်သက် နေသော မြန်မာနိုင်ငံဘက်ကိုလည်း စုံစမ်းမေးမြန်းမှု ပြုလုပ်သင့်သည်ဟု မှတ်ချက်ပြုသည်။
ဦးဘာဘာချို က “EIA အစီရင်ခံစာက ဒီလိုရှိတယ်ဆိုလို့ရှိရင် ဟုတ်၊ မဟုတ် မြန်မာနိုင်ငံကို သူတို့ (ဒိန်းမတ် အစိုးရ) က မေးရမယ်ဗျ။ မြန်မာနိုင်ငံက ဖြေတဲ့ အဖြေက မဟုတ်ဘူး။ ဖြေလို့မှ အားမရဘူးဆိုရင် အဲလိုလုပ်ပေါ့။ ခုတော့ မေးလည်း မမေးဘူး။ မြန်မာပြည်မှာ မေးလို့မရဘူး ဆိုတဲ့ ဝါးလုံးရှည်ကြီးနဲ့ လုပ်လုပ်ပြောနေတာကတော့ ကျနော်တို့လည်း စိတ်မ ကောင်းဘူး။ အဲဒီ လုပ်ရပ်ကို မမေးဘဲ ဆုံးဖြတ်တယ်ဆိုတော့ မျက်ကွယ်မှာ ဆုံးဖြတ်သလို ဖြစ်သွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာအစိုးရက ထက်ဝက်ပိုင်ဆိုင်သည့် မြန်မာ့သစ်လုပ်ငန်းသည် ပြည်တွင်း သစ်ထုတ်လုပ်ရန် နှင့် နိုင်ငံခြားသို့ တင်ပို့ရန် တာဝန်ရှိကြောင်း ၎င်း၏လုပ်ဆောင်မှုများတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ သစ်များကိုဥပဒေ ချိုးဖောက်၍ ထုတ်ယူထားမှု အန္တရာယ်မြင့်မားသောကြောင့် လက်ရှိအခြေအနေတွင် မြန်မာ့ကျွန်းသစ်များကို ကြိုတင်စုံစမ်း လေ့လာမှု လုပ်ဆောင်ရန် မဖြစ်နိုင်သေးကြောင်း EIA ထုတ်ပြန်ချက်က ဆိုထားသည်။
“မြန်မာသစ်လုပ်ငန်း အနေဖြင့် ၎င်း၏ သစ်လုပ်ငန်းတွင် ဖြစ်ပေါ်နေသော ဥပဒေ ချိုးဖောက်မှုများကို အမြန်ဖော်ထုတ် ဆောင်ရွက်ပြီး သစ်ထုတ်လုပ်ငန်းများကို ဘက်မလိုက်သောအဖွဲ့များ စောင့်ကြည့်နိုင်ရန် ခွင့်ပြုရန်လိုသည်။ ထိုကဲ့သိ့ု မဟုတ်ပါက အမြတ်အစွန်းများများ ရနိုင်သော ဥရောပ သစ်ဈေးကွက်ကို အမြဲတမ်း လက်လွတ် သွားရမည့် အန္တရာယ်ရှိ ကြောင်း မစ္စတာ ကူးပါး က ဆိုသည်။
မြန်မာနိုင်ငံ၏ သစ်တင်သွင်းမှုနှင့် ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှုသည် ဒိန်းမတ်နိုင်ငံသည် ဒုတိယမြောက် ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကလည်း ဆွီဒင် သစ်ကုမ္ပဏီ Almtra Nordic ကို ဆွီဒင်အာဏာပိုင်များက ဥရောပသမဂ္ဂသို့ သစ်တင်သွင်းမှု ဆိုင်ရာ စည်းမျဉ်း EUTR ကို ချိုးဖောက်မှုဖြင့် အရေးယူ ဆောင်ရွက်ခဲ့သေးသည်။
မြန်မာနိုင်ငံအနေဖြင့် သစ်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ယခင်အစိုးရ ဆက်ဆက် လက်ထက်တွင် အားနည်းချက်များ ရှိသော်လည်း လက်ရှိအစိုးရ လက်ထက်တွင် သစ်တောများကို ၁၀ နှစ် အနားပေးမှု အပါအဝင် ပြုပြင်ပြောင်းလဲမှုများ လုပ်နေကြောင်း၊ EIA အနေဖြင့် မြန်မာနိုင်ငံ၏ သစ်တောများ ရေရှည်တည်တံ့ရေး အတွက် စေတနာကောင်းဖြင့် လုပ်ဆောင်သော်လည်း အတိတ် က အမှားအယွင်းများ အတွက် အပြစ်ပေးခံရသည့် အခြေအနေမျိုး မဖြစ်သင့်ကြောင်း ဦးဘာဘာချို ကပြောသည်။
“အကုန်လုံးက Good Direction နဲ့သွားနေတဲ့ အချိန်မှာ အတိတ်က အမှားအတွက် အခုလူတွေကို အပြစ်ပေးတယ် ဆိုတာမျိုး ဖြစ်နေတဲ့အတွက် စိတ်မကောင်းဘူး။ ဒီလို ပိတ်ဆို့တာထက် ကောင်းတဲ့ လုပ်နည်း၊ လုပ်ဟန်တွေ မရှိတော့ ဘူးလား။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်ကလို အမှားမျိုး လုပ်မှမလုပ်တော့ပဲဗျာ” ဟု ဦးဘာဘာချို ကပြောသည်။
မြန်မာနိုင်ငံက တရားမဝင်သစ်တင်သွင်းမှုနှင့် ပတ်သက်ပြီး ဒိန်းမတ်နိုင်ငံက စံပြအနေဖြင့် လုပ်ဆောင်ခဲ့သလို EIA က တိုင်ကြားထားသော အီတလီ၊ နယ်သာလန်၊ ဘယ်ဂျီယံ နှင့် ယူကေနိုင်ငံတို့မှ ကျန်ရှိနေသေးသည့် အမှု ၁၂ မှုကို အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း EIA ကဆိုထားသည်။
တိုင်ကြားထားသည့် ကုမ္ပဏီ ၁၂ ခုတွင် အီတလီနိုင်ငံမှ AntoniniLegnami, Basso Legnami နှင့် Bellotti Spa၊ နယ်သာလန်နိုင်ငံမှ Boogaerdt Wood, Gold Teak Holdings နှင့် World Wood၊ ဘယ်လဂျီယမ်နိုင်ငံမှ Crown Teak နှင့် VandercasteeleHout၊ ဂျာမဏီနိုင်ငံမှ Teak solutions (ထိုအမှုကိုစပိန်နိုင်ငံသို့ လွဲပြောင်းထားကြောင်း)၊ ယူကေနိုင်ငံမှ Moody Decking, Stones Marine Timber နှင့် DA Watts and Sons (Wattsons) ဖြစ်ကြောင်းသိရသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဦးဘာဘာချို က “ဥရောပမှာ အဖွဲ့ဝင်နိုင်ငံက ၂၈ နိုင်ငံရှိတယ်။ တခြား ၂၇ နိုင်ငံကိုပါ သူတို့နဲ့ အလားတူ လုပ်ဖို့အတွက် တိုက်တွန်း ပြောဆိုမှုတွေ လုပ်မယ်ဆိုတော့ ဒါကတော့ မြန်မာနိုင်ငံအတွက်တော့ ဂုဏ်သိက္ခာ ကျစရာအချက်တော့ ဖြစ်သွားနိုင်တာပေါ့။ အခြားနိုင်ငံတွေကပါ ဒိန်းမတ်လိုလုပ်မယ်ဆိုရင်ပေါ့” ဟုဆိုသည်။
မြန်မာနိုုင်ငံနှင့် ဥရောပ နိုင်ငံများမှ ကုမဏီများ၏ သစ်ကုန်သွယ်မှုမှာ တနှစ်လျင်အမေရိကန်ဒေါ်လာ သန်း ၁၀၀ အောက် ရှိသည်ဟုလည်း သိရသည်။
EIA က တိုင်ကြားခဲ့သောအမှုများတွင် EUTR စည်းမျဉ်းအရ လုပ်ဆောင်ရမည့် ကြိုတင်စုံစမ်းလေ့လာမှု (Due Diligence) ကိုအဓိက ထားတင်ပြထားခြင်းဖြစ်ကြောင်း ထိုစည်းမျဉ်းအရ ကုမ္ပဏီများ သစ်တင်သွင်းလိုပါက သစ်ထုတ်လုပ်မှု အဆင့်ဆင့် နှင့် ရောင်းပေးသူ အဆင့်ဆင့်ကို သိရှိအောင် ဖော်ထုတ်ရန်လိုအပ်ပြီး ဥပဒေချိုးဖောက်သော လုပ်ဆောင်ချက် လျော့နည်း စေရန် တတ်နိုင်သမျှ ကြိုတင် စုံစမ်းလေ့လာမှု ပြုလုပ်ရမည်ဖြစ်သည်ဟုဆိုသည်။
EIA အဖွဲ့သည် ဗြိတိန်နိုင်ငံနှင့် ဝါရှင်တန် ဒီစီမြို့တို့တွင် အခြေစိုက်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်း တခုဖြစ်ပြီး သဘာ၀ တောရိုင်း အရင်းအမြစ်များ ကုန်သွယ်မှု၊ တရားမဝင် သစ်ခုတ်မှု၊ သဘောဝပတ်ဝန်းကျင် ထိခိုက်သော စွန့်ပစ်ပစ္စည်း၊ တရားမဝင် ကုန်သွယ်မှု၊ ရာသီဥတုနှင့် အိုဇုန်းလွှာအား ပြောင်းလဲမှုဖြစ်စေသော ဓာတုပစ္စည်းများ၊ ကုန်သွယ်မှုတို့အပြင်၊ ပို၍ကျယ်ပြန့်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများအား စုံစမ်းကာ ဟန့်တားနိုင်ရန် စည်းရုံးလှုံ့ဆော်နေသော အဖွဲ့အစည်းတခု ဖြစ်သည်။