မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်၏ ကရင်ပြည်နယ်၊ ဘားအံမြို့ ဘဏ်ခွဲ မှ အငယ်တန်းစာရေးတဦးအား ငွေစက္ကူအတုများပိုင်ဆိုင်မှုဖြင့် မွန်ပြည်နယ် သထုံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
အသက် ၂၂ နှစ် အရွယ် ဘဏ် အငယ်တန်းစာရေး ချစ်ကိုကို ကို ပြီးခဲ့သည့်အပတ်က သထုံမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ငွေစက္ကူအတု ၄၈ ရွက်၊ ငွေတုပြုလုပ်ရာတွင် အသုံးပြုသော စာရွက်များ ပုံနှိပ်ကိရိယာများနှင့်တကွ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ကမ္ဘောဇဘဏ်က အဆိုပါ ဝန်ထမ်းကို ဘားအံမြို့ဘဏ်ခွဲတွင် တာဝန်ထမ်းဆောင်ရန် မကြာသေးမီ ကာလက ခန့်အပ်ခဲ့ကြောင်း ဘဏ်ဝန်ထမ်း အဖမ်းခံရသည်မှာ မှန်ကန်ကြောင်း KBZ ၏ အကြီးတန်း မန်နေဂျာ ဦးညိုမြင့်က အတည်ပြုပြောဆိုသည်။
အခင်းဖြစ်ပွားရာမှာ ရုံးချိန်ပြင်ပ၌ ဖြစ်သကဲ့သို့ တခြားမြို့နယ်တွင် ဖြစ်သောကြောင့် ကမ္ဘောဇ ဘဏ်နှင့် မပတ်သတ်ကြောင်း၊ တာဝန်မရှိကြောင်း သူကဆက်ပြောသည်။
ရဲတပ်ဖွဲ့က ချစ်ကိုကိုအား မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅၊ ၁၀၆ တို့ဖြင့်အမှုဖွင့်ထားကြောင်း သူကပြောသည်။ ယင်း ဥပဒေမှာ သမ္မဟောင်း ဦးသိန်းစိန်လက်ထက်က ပြဌာန်းခဲ့ခြင်းဖြစ်သည်။
ပုဒ်မ ၁၀၅ အရ ငွေစက္ကူအတု အသုံးပြုသူ မည်သူမဆို အများဆုံး ထောင်ဒဏ် ၃နှစ်သို့မဟုတ် ငွေဒဏ် သို့မဟုတ် နှစ်မျိုးလုံး ချမှတ်နိုင်ပြီး၊ ပုဒ်မ ၁၀၆ အရ ငွေစက္ကူအတုပြုလုပ်ခြင်းအတွက် ထောင်ဒဏ် ၁၀နှစ်မှ အနှစ် ၂၀အထိ ချမှတ်နိုင်ပါသည်။
ယခုကဲ့သို့ ဖမ်းဆီးမှုမှာ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ် အနေဖြင့် ချစ်ကိုကိုအား ဘဏ်မှ ထုတ်ပယ်ပြီးဖြစ်သည့်အတွက် သီးခြားတရားစွဲခြင်း ဆောင်ရွက်
မည်မဟုတ်ကြောင်း သူက ရှင်းပြသည်။
ထိုအမှုကြောင့် ကမ္ဘောဇဘဏ်၏ ဂုဏ်သတင်းထိခိုက်မည်ကို အနည်းငယ် စိုးရိမ်မိကြောင်းနှင့် ဘဏ် တွင် ငွေစက္ကူ အတု၊ အစစ် ခွဲခြားစစ်ဆေးသည့် စက်ရှိသောကြောင့် ထို့ကဲ့သို့သော ရာဇဝတ်မှုမျိုးကို ၎င်းတို့၏ ဘဏ်တွင် ကျုးလွန်မရနိုင်ကြောင်းလည်း ထပ်လောင်း၍ ဦးညိုမြင့်ကပြောသည်။
“ကျနော်တို့ဘဏ်ရဲ့ ပုံရိပ်ကို ထိခိုက်စရာ အကြောင်းလုံးဝမရှိတာ သေချာပါတယ်။ ပြည်သူ (Customer) တွေ အနေနဲ့ ကျနော်တို့ကို လုံးဝယုံယုံကြည်ကြည်နဲ့ ဆက်လက်ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။” ဟုသူဆက်ပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် မိုးမြင့်နှင့် မြန်မာပိုင်းသတင်းထောက် ဟင်္သာနီ(မွန်မြေ)တို့ ပူးပေါင်းရေးသားသည်။