စစ်ကိုင်းပညာရေးကောလိပ်အတွင်း ဖိနှိပ်ချုပ်ချယ်မှုများရှိသည်ဟုဆိုကာ ဆန္ဒပြခဲ့သည့် လုပ်ငန်းခွင် အကြို ဆရာ အတတ်ပညာ ဒီပလိုမာသင်တန်း မှ ကျောင်းသား ကိုဇော်ရဲထွဋ်ကို မေလ ၁၅ ရက်နေ့မှ စတင်ကာ သင်တန်းသား အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ စစ်ကိုင်းပညာရေးကောလိပ်မှ ဒုတိယနှစ်သင်တန်းသား မောင်ဇော်ရဲထွဋ်သည် သင်တန်းဝင်ခွင့်လမ်းညွန် အပိုဒ် ၃၀ပါ ပညာရေးကောလိပ်များ၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုများအနက် နိုင်ငံရေးဆူပူမှုဆိုင်ရာ ပြစ်မှုကို ကျူးလွန်ခဲ့ပြီး တရားရုံးတော်မှ ပြစ်ဒဏ်ကိုပါ ခံခဲ့ရသဖြင့် ပြစ်မှုထင်ရှားသည့် ကျောင်းသားတဦးဖြစ်သည့်အတွက် မေလ ၁၈ ရက်နေ့မှ စတင်ကာ သင်တန်းသားအဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းလက်မှတ်ဖြင့် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“နိုင်ငံသားတယောက်ရဲ့ အခွင့်အရေး အရ ကျနော်လုပ်တယ်။ အသနားခံစာဆိုပြီး တင်ဖို့လည်း မရှိဘူး။ အခုလို ထုတ်ပယ်တာသည် NLD အစိုးရ လက်ထက်မှာ မဖြစ်သင့်ဘူး။ အခုက ပညာရေးဝန်ကြီးဌာနကပဲ ရည်ရွယ်ချက်ရှိရှိ လုပ်တာလား။ ဆူပူမှုလုပ်လို့ ကျောင်းထုတ်တယ်ဆိုပြီး တခြားကျောင်းသားတွေကို ဦးချိုးပစ်ချင်တဲ့ သဘောလားပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ကျောင်းသားတွေသည်လည်း နိုင်ငံရေးလုပ်ရမယ်လို့ ပြောထားပြီးသားပဲလေ။ ပြင်းထန်တော့ တုံ့ပြန်မှု လုပ်ဖို့တော့ရှိတယ်။ အရင်ဆုံးတော့ သတင်းစာရှင်းလင်းပွဲလုပ်မယ်” ဟု ကျောင်းထုတ်ပယ်ခံရသည် ကိုဇော်ရဲထွဋ်က ဧရာဝတီသို့ပြောသည်။
ကိုဇော်ရဲထွဋ်ကို နိုင်ငံရေးဆူပူမှု ပြစ်မှုဖြင့် ကျောင်းမှ ထုတ်ပယ်လိုက်သည့်အပေါ် ကျောင်းသားသမဂ္ဂများ၊ ဗကသ အဖွဲ့များ ပူးပေါင်းကာ ကျောင်းထုတ်သည့်ကိစ္စ နှင့် ပတ်သက်၍ ပြန်လည် စိစစ်ပေးရန် ပညာရေးဝန်ကြီးဌာနသို့ စာဖြင့် တင်ပြသွားရန် ရှိကြောင်း သိရသည်။
“ဒီမိုကရေစီ အစိုးရလက်ထက်မှာ မဖြစ်သင့်ပါဘူး။ ဗကသ ဗဟိုလုပ်ငန်းကော်မတီ အစည်းအဝေးထိုင်ပြီးရင်တော့ ဒီကိစ္စအပေါ် ကြေညာချက်ထုတ်သင့်ထုတ်ပါမယ်” ဟု ဗကသ အဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်က ပြောသည်။
ကိုဇော်ရဲထွဋ်သည် ဧပြီလ ၂၆ရက်နေ့ နံနက်၁၀နာရီ အချိန်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)ရှေ့တွင် ကာလိပ်အတွင်းဖိနှိပ်မှုများကြောင့် ကျောင်းသားတဦး ဖြစ်သည့် ကိုနှင်းအောင်နှင့်အတူ ဆန္ဒ ထုတ်ဖော်စဉ် အတွင်း ရဲတပ်ဖွဲ့မှ ဖမ်းစီးခေါ်ဆောင်သွားကြောင်းသိရသည်။
အဆိုပါကျောင်းသားနှစ်ဦးသည် စစ်တပ်သဏာန် ဖိနှိပ်အုပ်ချုပ်နေသော ကျောင်းအုပ်ချုပ်မှု အလိုမရှိ၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိရေး ၊ ဒီမိုကရေစီအလေ့အကျင့်များ သင်ကြားလေ့ကျင့်ပေးရေး ၊ ကျောင်းသားထု အခွင့်အရေးအပြည့်အဝရရှိရေးစသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ရာ ထောင်ဒဏ် ၄ လစီ ကျခံရန် အမိန့်ချမှတ်ခဲ့ရသည်။
အဆိုပါ ဆန္ဒပြကျောင်းသား ၂ ဦးသည် သမ္မတ ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေလအတွင်း ပြန်လည်လွတ်မြောက်လာခဲ့သည်။