ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဟာ နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းရှိကြောင်း၊ တည်ငြိမ်နေတဲ့အကြောင်း ပြသနိုင်ဖို့ တက္ကသိုလ်၊ ကောလိပ်နဲ့ အခြေခံပညာစာသင်ကျောင်းတွေကို ဖွင့်လှစ်ဖို့ ကြိုးစားနေပါတယ်။
အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ဖို့အတွက် လာမယ့် မေလ ၂၄ ရက်မှာ ကျောင်းအပ်လက်ခံတော့မှာပါ။
ပြီးခဲ့တဲ့ မေလ ၅ ရက်ကတော့ တက္ကသိုလ်၊ ကောလိပ်များရဲ့ နောက်ဆုံးနှစ်၊ ဂုဏ်ထူးတန်းနဲ့ မဟာတန်းတွေကို စတင် ဖွင့်လှစ်ခဲ့ပေမယ့် တက်ရောက်သူ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သိရပါတယ်။
ဒီလိုဖွင့်လှစ်နိုင်ဖို့ စစ်ကောင်စီဟာ ဧပြီလလောက်ကတည်းက တာဆူနေခဲ့တာဖြစ်ပြီး၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) လုပ်နေတဲ့ ဆရာ၊ ဆရာမတွေနဲ့ စီမံဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်ဝင်စေရေး ချော့တခါ ခြောက်တလှည့် နည်းအမျိုးမျိုးနဲ့ ခေါ်ယူနေသလို တဖက်ကလည်း ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးမြှင့်တင်ရေး သင်တန်းပေးတာတွေ လုပ်ခဲ့ပေမယ့် ကျောင်းဖွင့်တဲ့အခါ တက်ရောက်သူ မရှိသလောက်ပါ။
တက္ကသိုလ်ကျောင်းသား အများစုဟာ ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ဝေးကွာခဲ့ရတဲ့ တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ကို အရင်လို ပျော်ပျော်ပါးပါး ပြန်သွားချင်ပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် မိမိတို့ရဲ့ မူလရည်မှန်းချက်နဲ့ အနာဂတ်ပါ ပျောက်ခဲ့ရတယ်လို့ ခံစားရတဲ့အတွက် စာသင်ခန်းကို ပြန်မသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ တက္ကသိုလ်၊ ကောလိပ် တွေက ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတွေကို အလုပ်က ယာယီရပ်ဆိုင်းတာမျိုးတွေ၊ ဖမ်းဆီးတာမျိုးတွေ၊ တက္ကသိုလ်များနဲ့ စာသင်ကျောင်း ဧရိယာတွေ မှာ စစ်တပ်နဲ့ ရဲက တပ်စွဲတာနေတာတွေ၊ ကျောင်းပတ်ဝန်းကျင်မှာ ဗုံးတွေပေါက်ကွဲနေတဲ့ အခြေအနေတွေကြောင့် တက္ကသိုလ်နယ်မြေမှာ ခေါင်းငုံ့ပြီး ပြန်ခြေချဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။
ဒီအတွက် ကျောင်းသား သမဂ္ဂတွေရဲ့ စစ်အာဏာရှင် လက်အောက် ကျောင်းမတက်ဖို့၊ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ဖို့ တိုက်တွန်း နှိုးဆော်မှုတွေ၊ တက္ကသိုလ် သက်ဆိုင်ရာ အတန်းအသီးသီးက ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ကျောင်းဖွင့် မှုကို အသိအမှတ်မပြုဘဲ လုံးဝတက်ရောက်မှာ မဟုတ်ကြောင်း သဘောထား ထုတ်ပြန်မှုတွေ ဆက်တိုက် ထွက်ပေါ် လာပါတယ်။
သူတို့ရဲ့ လိုလားချက်ကတော့ ခေတ်အဆက်ဆက် ပျက်စီးလာတဲ့ ပညာရေးစနစ်ကို လုံး၀ ဖျက်သိမ်းပစ်ဖို့နဲ့ ဖက်ဒရယ်ဒီမို ကရေစီ ပညာရေးစနစ်နဲ့ အစားထိုးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်ကလည်း “ဒီအချိန်က နိုင်ငံရေးစနစ်ကြီး တခုလုံးအပြင် ခေတ်အဆက်ဆက် ပျက်စီးလာခဲ့တဲ့ ပညာရေးစနစ်ကို လုံးဝ ဖျက်သိမ်းပစ်လိုက်ဖို့၊ လာမယ့် အနာဂတ်ကာလမှာ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်နဲ့ အစားထိုး ပစ်လိုက်ဖို့ အကောင်းဆုံးအချိန်ပဲ” လို့ သုံးသပ်ပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ လုံးဝ ကျောင်းမတက်ခြင်းဖြင့် ကိုယ့်လက်ထဲက အာဏာကို သုံးကာ ယိုယွင်း ပျက်စီးနေတဲ့ ပညာရေးစနစ်ဟောင်းကြီးကို အပြီးတိုင် တွန်းလှန်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။
တပြိုင်တည်းမှာ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ ဝန်ထမ်းသမဂ္ဂ ကိုယ်စားလှယ်တွေ သုံးဦးသုံးဖလှယ်ပါဝင်တဲ့ သက်ဆိုင်ရာတက္ကသိုလ်များရဲ့ ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှုတွေလည်း ပေါ်ပေါက်လာပါတယ်။
မြန်မာနိုင်ငံမှာ တက္ကသိုလ် စုစုပေါင်း ၁၃၄ ခု ရှိပြီး ဆရာ၊ ဆရာမ ဦးရေ ၂၁၀၀၀ ကျော် ရှိပါတယ်။
စစ်ကောင်စီဟာ ပါမောက္ခက စလို့ ကထိက၊ လက်ထောက် ကထိက၊ သရုပ်ပြ၊ နည်းပြအထိ CDM လုပ်တဲ့ တက္ကသိုလ် ဆရာ၊ ဆရာမ ပေါင်း ၁၉၀၀၀ ကို အလုပ်က ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် ဒီကနေ့ဆို တနိုင်ငံလုံး တက္ကသိုလ် ဆရာ ဆရာ ၂ ထောင် ကျော်သာ ကျန်တော့မှာ ဖြစ်တာကြောင့် မြန်မာ့ပြည် ပညာရေးဟာ ဘယ်ပုံဘယ်နည်း စခန်းသွားမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
လတ်တလောမှာ စစ်ကောင်စီက CDM လုပ်ပြီး လုပ်ငန်းခွင် ပြန်မဝင်တော့တဲ့ ဆရာ၊ ဆရာမတွေနေရာမှာ ဆွဲခန့်တွေနဲ့ အစားထိုးဖို့ ဖုတ်ပူမီးတိုက် ပြင်ဆင်နေတဲ့အတွက် ငွေနဲ့ အချိန်ကာလပေးပြီး တည်ဆောက်ထားရတဲ့ ပညာရေး စနစ်တခု ကို ကာလတိုအတွင်း အစားထိုးနိုင်ဖို့ ဆိုတာ မေးခွန်းထုတ်စရာပါ။
ထို့အတူပဲ အခြေခံပညာ ကျောင်းက ဆရာ၊ ဆရာမအင်အား ၄ သိန်းလောက်ရှိတဲ့အနက် ၁ သိန်းလောက်ကို တာဝန်ကနေ ရပ်ဆဲပစ်ခဲ့သလို ဆက်လက်ပြီးလည်း ရပ်ဆိုင်းခံရမယ့် အရေအတွက် တိုးလာနိုင်ဖွယ် ရှိနေပါတယ်။
CDM ဆရာ၊ ဆရာမတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေအပြင် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်တာ၊ ဖမ်းဝရမ်း ထုတ်တာ တွေလည်း ပြုလုပ်ထားတာကြောင့် မိသားစုလိုက်ပါ တိမ်းရှောင်နေကြရတဲ့သူတွေ ရှိပါတယ်။
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) က ထုတ်ပြန်ထားတဲ့ စာရင်းအရ CDM လှုပ်ရှားမှုကြောင့် ဖမ်းဝရမ်း ထုတ်ခံရတဲ့ ဆရာ၊ ဆရာမ ၁၅၀ ဦးခန့်ရှိပြီး CDM လုပ်တဲ့ ဆရာ၊ ဆရာမ အနည်းဆုံး ၄၇ ဦးမှာလည်း ဖမ်းဆီးခံထားရ တယ်လို့ သိ ရပါတယ်။
ဒီလို စစ်ကောင်စီဘက်က ဖိအားပေး ခြိမ်းခြောက်မှုတွေကြောင့်ရော၊ စားဝတ်နေရေး အခက်အခဲကြောင့်ပါ CDM ကနေ Non CDM ဖြစ်သွားတဲ့ ဆရာ၊ ဆရာမတချို့ ရှိလာနေပေမယ့်လည်း အများစုသော CDM ဆရာ၊ ဆရာမတွေကတော့ အဆုံးထိ CDM ပဲလို့ ဆိုကြပါတယ်။
“အခက်အခဲတွေ ကြားထဲကပဲ စနစ်တခုကို တွန်းလှန်ရတဲ့ အခြေအနေ။ မတွန်းလှန်လို့လည်း မရဘူး။ ဒီစနစ်က ကျနော်တို့ ၈၈ နောက်ပိုင်းဖြတ်ခဲ့တဲ့ အခြေအနေထက် ပိုဆိုးသွားနိုင်ခြေ ရှိတယ်။ ကိုယ့်သားသမီး၊ ကိုယ့်မျိုးဆက် ပြန်ကြည့်လိုက်ရင် ဘယ်လိုမှ ဒီအောက်မှာ ထားခဲ့လို့မရတဲ့ အခြေအနေ ဖြစ်တဲ့အတွက် ဒီဟာကို တွန်းလှန်နေတာ” လို့ ရန်ကုန်တက္ကသိုလ် က လက်ထောက် ကထိက တဦးဖြစ်သူ ဒေါက်တာ ဇော်ဇော် (အမည်လွှဲ) က ပြောပါတယ်။
သူ့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) တပ်ပြီး ဝရမ်း ထုတ်ထားတာကြောင့် လက်ရှိအချိန်မှာ မိသားစုနဲ့အတူ တိမ်း ရှောင်နေရသူလည်း ဖြစ်ပါတယ်။
တချိန်က မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေ မအုပ်ချုပ်ခင်က နိုင်ငံတကာကတောင် အသိအမှတ်ပြုရတဲ့ ပညာရေး အဆင့် အတန်း ရှိခဲ့ဖူးပါတယ်ဆိုတာ မြန်မာ့ပညာရေးသမိုင်းကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ပညာရေး လွတ်လပ်မှု မရှိတော့ဘဲ အုပ်ချုပ်သူတွေရဲ့ ချုပ်ကိုင်မှုအောက်ကို ရောက်သွားပြီးတဲ့ နောက်မှာ ကိုလိုနီခေတ် ပညာရေးစနစ်ကို ဆိုရှယ်လစ်ပညာရေးစနစ်နဲ့ အစားထိုးမယ်ဆိုပြီး ကြွေးကြော်ကာ လုပ်ဆောင်ရာကနေ မြန်မာပြည်ပညာရေးဟာ နိမ့်ကျသွားခဲ့ရပါတယ်။
ဒီလို နိမ့်ကျတဲ့ ပညာရေးရေချိန်ဟာ ၁၉၈၈ မှာ စစ်တပ်က ထပ်မံအာဏာသိမ်းတာကြောင့် ပိုမို ကျဆင်းခဲ့ရပြီး၊ ကျောင်းသားတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို အကြောင်းပြုကာ တက္ကသိုလ်တွေကို လူသူဝေးတဲ့ မြို့ပြင်ထုတ်ပစ်တာ၊ ပညာသင်ကြားမှု ကာလတွေကို လျော့ချတာ၊ ဝိဇ္ဇာဘာသာရပ်တွေရဲ့ အခန်းကဏ္ဍကို လျှော့ချပစ်တာ၊ အခြေခံပညာ အဆင့်ကစလို့ တက္ကသိုလ်ရောက်တဲ့ အထိ ဒါပေး၊ ဒါကျက်၊ ဒါမေး၊ ဒါဖြေနဲ့ ကြက်တူရွေး စာအံသင်သလို လူတွေကို မစဉ်းစား မတွေးခေါ် တတ်တော့အောင် စစ်အာဏာရှင်တွေဟာ ပညာရေးကို စနစ်တကျ ရိုက်ချိုး ဖျက်ဆီးခဲ့ကြပါတယ်။
နဝတ နအဖခေတ်မှာ ပညာရေးကဏ္ဍကို အကောင်အထည်ဖော်ခဲ့သူဟာ ထောက်လှမ်းရေး ညွှန်ကြားရေမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ပါ။
ဒီလို ဒုတ်ဒုတ်ထိ နိမ့်ကျသွားတဲ့ ပညာရေးကို ပြန်လည်ဦးမော့လာစေဖို့ ၂၀၁၀ ကနေ ၂၀၂၀ ခုနှစ်အကြား ရွေးကောက်ခံ အစိုးရတွေဟာ တဖြည်းဖြည်းချင်း ဆွဲတင်နေပေမယ့် ဒီတခါ ဖြစ်လာတဲ့ စစ်အာဏာသိမ်းမှုက ပိုမို ဆိုးရွားသွားစေမှာ ဖြစ်တယ်လို့ ယူဆကြပါတယ်။
စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ အရပ်သားအစိုးရလက်ထက် ရေရှည်မျှော်မှန်းချက်တွေနဲ့အတူ တဖြည်းဖြည်းချင်း ပုံစံပြောင်းလာတော့မယ့် ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပြန်ဆွဲချလိုက်တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ လုံးပါး ပါးသွားတော့မှာ ဖြစ်တယ်လို့လည်း ရန်ကုန်တက္ကသိုလ်၊ ရှေးဟောင်းသုတေသနဌာနက ကထိက ဆရာတဦး က ပြောပါတယ်။
“ပညာရေးမှာ ပညာရေး ကျွမ်းကျင်သူတွေစကား နားထောင်မယ့်အစား ဘာမှ မတတ်တဲ့ကောင်တွေက လုပ်ချင်ရာလုပ်၊ ဖွင့်ချင်ဖွင့်၊ ပိတ်ချင်ပိတ်၊ ဒါလုပ်ဆိုလုပ် ဆိုတဲ့ အမိန့်နဲ့သွားနေတာကို မကြိုက်လို့ CDM လုပ်တာ” လို့လည်း သူက ဆိုပါ တယ်။
CDM မလုပ်ဘဲ ကျန်ခဲ့တဲ့ထဲမှာ သင်ကြာရေးနဲ့ သုတေသနပိုင်းမှာ ဘယ်လောက် အစွမ်းထက်တဲ့သူတွေ ကျန်ခဲ့ပြီး CDM လုပ်လို့ ပြုတ်သွားသူတွေထဲ အရည်အချင်းရှိသူတွေ ဘယ်လောက် ပါသွားမလဲ၊ နောက်တက်လာမယ့် ဆွဲခန့်တွေနဲ့ ဘယ် လို ဆက်သွားကြမှာလဲလို့လည်း သူက မေးခွန်းထုတ်ပါတယ်။
တက္ကသိုလ်က သင်ကြားရေး ဆရာ၊ ဆရာမတယောက်ဖြစ်ဖို့ ဘွဲ့ရပညာတတ် ဖြစ်ရုံသာမက အတွေ့အကြုံယူတဲ့ အဆင့်မှာ တင် အနည်းဆုံး ၅ နှစ်လောက် အချိန်ယူရတာဖြစ်လို့ စစ်ကောင်စီရဲ့ အစားထိုးဖို့ ကြိုးပမ်းနေမှုဟာ အောင်မြင်မှု မရှိနိုင်ဘူး ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဇွန်လဆန်းမှာ ပြန်ဖွင့်မယ်ဆိုတဲ့ အခြေခံပညာကျောင်းအတွက် နေ့စားလပေးတွေ ခေါ်ယူနေတဲ့ အပေါ်မှာလည်း အချိန် မလုံလောက်မှုကြောင့် ကလေးတွေ ပညာရေးအတွက် စိတ်ပူမိတယ်လို့လည်း မအူပင်ခရိုင်အတွင်းက မူလတန်း ကျောင်း အုပ်တဦးဖြစ်တဲ့ ဆရာမ အေးအေးနွယ်(အမည်လွှဲ) က ပြောဆိုပါတယ်။
ကျောင်းဆရာပဲဖြစ်ဖြစ် အခြားသော ပညာရပ်တွေအပေါ်မှာ အမှီပြုပြီးတော့မှ အသက်မွေးဝမ်းကျောင်း လုပ်တဲ့သူတွေပဲ ဖြစ်ဖြစ် တနေ့တရက်တည်းနဲ့ မွေးဖွားလို့ မရဘူး၊ လက်ပူတိုက်ပြီး အစားထိုးလို့ မရဘူးဆိုတာ စစ်ကောင်စီကတော့ သိနားလည်ပုံ မရပါဘူး။
ဒါ့ပြင် အာဏာသိမ်းစစ်ကောင်စီဟာ ကိုဗစ်တတိယလှိုင်း အန္တရာယ်အပေါ် စိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ ကျောင်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
အခုလို အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ကျောင်းတွေ အတင်းပြန်ဖွင့်ဖို့ ကြိုးစားနေတာဟာ ပြည်သူတွေ ပညာတတ် ပါစေဆိုတဲ့ စိတ်စေတနာရှိလို့ မဟုတ်ဘဲ သူ့ရဲ့တရားဝင်မှု၊ သူ ကောင်းကောင်း အုပ်ချုပ်နိုင်တယ်၊ ပုံမှန်ပြန်လည်ပတ်နေ နိုင်ပြီဆိုတာကို ပြသဖို့သာ ဖြစ်တယ်လို့လည်း CDM ဆရာ၊ ဆရာမတွေက ဝေဖန်ပြောဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ စာသင်နှစ်မှာ ကိုဗစ်ကြောင့် စာသင်ကျောင်းတွေ ပိတ်ခဲ့ရတာဖြစ်လို့ ကျောင်းသား၊ မိဘ၊ ဆရာ/ ဆရာမ၊ နိုင်ငံတော် လေးဦးလေးဖလှယ် နစ်နာခဲ့ရကြောင်း၊ ဒါကြောင့် စစ်ကောင်စီ စတင်တာဝန်ယူချိန်က စပြီး စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း မကြာခဏ ပြောဆိုလေ့ရှိပါတယ်။
ဒ့ါပြင် အရင်အစိုးရ လက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့စာတွေ၊ သင်ရိုးညွှန်းတမ်းတွေကိုပဲ ဒီဆရာ၊ ဆရာမတွေနဲ့ သင် တာ၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးတွေ ပါဝင်နေတဲ့ သင်ရိုးတွေကို ဘာကြောင့်များ ‘စစ်ကျွန်ပညာရေး’ လို့ ဘာကြောင့် ခေါ်ရသလဲဆို ပြီးလည်း တုံ့ပြန် ပြောဆိုလိုက်ပါသေးတယ်။
စစ်တပ်က ဖော်ဆောင်တဲ့ ပညာရေးမို့ စစ်ကျွန်ပညာရေးလို့ ခေါ်တာဖြစ်ပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်း သားတွေ အခုလို သပိတ်မှောက်နေကြတာဟာလည်း စစ်ကောင်စီက ဘယ်လို နည်းလမ်းနဲ့မှ အုပ်ချုပ်လို့ မရစေရဘူး ဆိုတာကို အဓိက ပြချင်တာ ဖြစ်ကြောင်းကိုတော့ သူတို့ နားလည်ပုံ မရပါဘူး။
မြန်မာ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ တဦးလည်းဖြစ်၊ Thinking Classroom Foundation တည်ထောင်သူ တဦးလည်းဖြစ်တဲ့ ဒေါက်တာ သိန်းလွင်ကတော့ လက်ရှိ မြန်မာနိုင်ငံ ပညာရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းတယ်လို့ သုံးသပ်ပါတယ်။
ကျောင်းသားတွေရဲ့ သင်ယူနိုင်တဲ့ အခွင့်အလမ်း၊ အရည်အသွေးပိုင်းဆိုင်ရာ ဆုံးရှုံးသလို အခုလို အခြေအနေမှာ ကျောင်း တွေ ပြန်ဖွင့်ရင်လည်း အုပ်ချုပ်သူနဲ့ ပြည်သူကြား၊ ဆရာ၊ ဆရာမ အချင်းချင်း၊ ဆရာနဲ့ကျောင်းသားတွေကြား တယောက်နဲ့ တယောက် ယုံကြည်မှု ပျက်ယွင်းသွားတာဖြစ်လို့ သင်ယူတဲ့ ပတ်ဝန်းကျင်ကောင်း မဖြစ်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။
သို့ပေမယ့် လူငယ်တွေအနေနဲ့ အွန်လိုင်းကနေဖြစ်စေ၊ ဝါသနာတူတွေ စုစည်းပြီး သင်ယူတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးလို့ ဖြစ်စေ လေ့လာသင်ယူမှုတွေကို ဆက်လုပ်စေချင်တယ်လို့ သူက တိုက်တွန်းပါတယ်။
စစ်အာဏာရှင်လက်အောက် ကျောင်းကို ပြန်မသွားကြတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ CDM ဆရာ၊ ဆရာမတွေအနေနဲ့ လည်း ပြန်စုစည်းပြီး ကျောင်းသားတွေရဲ့ လွတ်လပ်စွာ လေ့သာသင်ယူမှုအပေါ်မှာ အားဖြည့်ပေးတာမျိုးတွေ လုပ်ခြင်းဖြင့် သူတို့ရဲ့ ဘဝတလျှောက် လေ့လာဆည်းပူးထားတဲ့ ပညာတွေ၊ အတွေ့အကြုံတွေကို တန်ဖိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
တက္ကသိုလ် ဆရာသမဂ္ဂတွေကလည်း တက္ကသိုလ်ထူထောင်ဖို့ ဆိုပြီး တိုင်ပင်စဉ်းစားနေကြတာတွေလည်းရှိတော့ ဒီလို တက္ကသိုလ်တွေမှာ ပါဝင်ဆောင်ရွက်နိုင်သလို ငယ်ရွယ်တဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့လည်း နိုင်ငံခြားပညာတော်သင် သွားသင့်တယ်လို့ ဒေါက်တာ သိန်းလွင်က အကြံပြုပါတယ်။
ဒါ့ပြင် အခြေခံ ဆရာ၊ ဆရာမတွေ အနေနဲ့လည်း ဘုန်းတော်ကြီးသင်ကျောင်းတွေ၊ နယ်စပ် တိုင်းရင်းသားဒေသတွေမှာ ဖွင့်ထားတဲ့ကျောင်းတွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းပညာရေး နှောင့်နှေးခဲ့ရသလို အခုတခါ စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ခွင့် ထပ်မံ ဆုံးရှုံးကြရမယ့် စစ်အုပ်ချုပ်ရေးအောက် ပညာမသင်ကြားလိုတဲ့ ကျောင်းသားတွေအတွက် ကြားကာလ ပညာရေး အစီအမံ တခုကို ဖော်ဆောင်ပေးနေတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကတော့ ထုတ်ဖော် ပြောဆိုထားပါတယ်။
ထို့အတူပဲ ကျောင်းသားတွေရဲ့ နစ်နာမှုကို ဒီအတိုင်းထားမှာ မဟုတ်ဘဲ Online ရော၊ Offline ပါ ပညာသင်ယူနိုင်မယ့်၊ ဖက်ဒရယ် ပညာရေးစနစ်ကို ဦးတည်မယ့် ကြားကာလ ပညာသင်ကြားရေး ပြုလုပ်နိုင်ဖို့ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အစုအဖွဲ့တွေ ပူးပေါင်းပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိ အချိန်မှာတော့ တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ် လူငယ်တွေဟာ နိုင်ငံတဝှမ်းက ရဟန်းရှင်လူ၊ ပြည်သူတွေနဲ့ အတူ လမ်းမထက်မှာ၊ တောတောင်တွေထဲမှာ အသက်နဲ့ လွတ်လပ်မှုကို ရင်းပြီး စစ်အာဏာရှင် ပြုတ်ကျရေး တိုက်ပွဲဝင် နေကြပါတယ်။
“ကိုယ့်ကလေးတွေ ကျောင်းမအပ်ရလို့ ဝမ်းမနည်းပါနဲ့။ တချို့မိဘတွေမှာ ကျောင်းအပ်စရာ ကလေးတွေ မရှိကြတော့ပါ ဘူး” ဆိုတဲ့ ကြွေးကြော်သံတွေလည်း လမ်းမထက်မှာ ပျံ့လွှင့်နေဆဲ ဖြစ်ပါတယ်။ ။
You may also like these stories:
ရန်ကုန်တိုင်း ပညာရေး အရာရှိ ၇ ဦးကို စစ်ကောင်စီက တာဝန်မှ ရပ်စဲ
ယူနီဖောင်းဝတ်ထားတဲ့အချိန် ရွံရှာတဲ့ အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး
လက်ရှိ မြန်မာနိုင်ငံ ပညာရေးအခြေအနေက စိုးရိမ်စရာကောင်းတယ်
CDM ဆရာ၊ ဆရာမများနေရာ အစားထိုးခန့်ရန် စစ်ကောင်စီ ကြိုးပမ်း
တက္ကသိုလ် ၁၅ ခုမှ ဝန်ထမ်း ၁၆၀၀ ကျော်ကို တာဝန်မှ ရပ်ဆိုင်းကြောင်း စစ်ကောင်စီကြေညာ