ဧရာဝတီတိုင်း ဒေသကြီးတွင် ဆင်သတ်မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် ၆ လအတွင်း တောဆင်ရိုင်း ၈ ကောင် သေဆုံးခဲ့ ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
“ဒီနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း တောဆင်ရိုင်း ၈ ကောင် အသတ်ခံခဲ့ရတယ်။ အဓိကကတော့ ဆင်သတ်မုဆိုးတွေ လက်ချက်နဲ့ တောဆင်တွေ သေဆုံးရတာပါ။ အရင်တုန်းက တူမီးနဲ့ ပစ်တာတွေ လုပ်ခဲ့ပေမယ့် အခု နောက်ပိုင်းကျတော့ ဒူးလေးကို အဆိပ်မြားသုတ်ပြီး ပစ်တာ စစ်ဆေး တွေ့ရှိရပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကြီးခင်မောင်လတ်က ဧရာဝတီကို ပြောသည်။
တောဆင်ရိုင်းများသည် ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ငပုတောနှင့် သာပေါင်းဒေသများရှိ သစ်တောကြိုးဝိုင်းများအတွင်း သွားလာ ကျက်စားနေစဉ် သတ်ဖြတ်ခံကြရခြင်းဖြစ်ပြီး ဆင်သတ်မှု ၈ မှုအနက်၄ မှုမှာ တရားခံများကို ဖမ်းဆီး တရားစွဲဆိုနိုင်ခဲ့ပြီး ၃ မှုမှာ တရားခံများ စုံစမ်းနေဆဲဖြစ်ကြောင်း၊ အဆိပ်မြားနှင့် ပစ်ခတ်ခဲ့သည့် ဆင်သတ်မှု ၁ မှုမှာ တရားခံ စုံစမ်းမရ၍ ပိတ်သိမ်းခဲ့ရကြောင်း တိုင်းရဲတပ်ဖွဲ့က ပြောသည်။
ဆင်သတ်မုဆိုးများသည် တောဆင်ရိုင်းများအား သတ်ဖြတ်ပြီးနောက် အစွယ်၊ အရေပြား၊ အသားနှင့် အမြီးများကို ယူ ဆောင်ကာ သစ်တောထွက်ပစ္စည်း မှောင်ခို ရောင်းဝယ်သူများနှင့် ချိတ်ဆက်၍ ပုသိမ် – မော်တင် ကားလမ်းကို အသုံး ပြုကာ ရောင်းဝယ်ကြပြီး ပုသိမ် – မုံရွာ ကားလမ်းကို အသုံးပြုကာ ပဲခူးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဖြတ်၍ မန္တလေးမြို့သို့ ပို့ဆောင်ကာ မန္တလေး – မူဆယ်လမ်းမှတဆင့်လည်း တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချကြကြောင်း သိရသည်။
တောဆင်ရိုင်းသတ်ဖြတ်သည့် မုဆိုးများမှာ မကွေးတိုင်းဒေသကြီးမင်းဘူး၊ ငဖဲ၊ စေတုတ္တရာ စသည့် ဒေသများမှ
ဧရာဝတီတိုင်းသို့ လာရောက်၍ ဆင်ပစ်ကြခြင်းဖြစ်ကြောင်း၊ ယခင်က ဆင်ပစ်မုဆိုးများကိုယ်တိုင် ပစ်ခတ်သော်လည်း ယခုနောက်ပိုင်းတွင် ဧရာဝတီတိုင်းသား ဒေသခံတချို့က တူမီး၊ ဒူးလေးပစ်ခတ်နည်းများ သင်ယူကာ ဆင်များအား ပစ်ခတ် သတ်ဖြတ်မှုများ ရှိနေကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပြောသည်။
“ဒေသခံတချို့က ဆင်ပစ်မုဆိုးတွေနဲ့ သွားလာ လုပ်ကိုင်ရင်းကနေ ဆင်ပစ်နည်းတွေ တတ်လာတယ်။ အဆိပ်ကျတော့ ဒီကလူတွေ မလုပ်တတ်သေးဘူး။ ဆင်ပစ်မုဆိုးတွေရှိတဲ့ မကွေးတိုင်းက သွားယူကြတယ်။ တောဆင်ရိုင်းတွေ သတ်ဖြတ် မှုမှာ ဒေသခံတွေကိုယ်တိုင် ပါဝင်လာတဲ့အချက်က အရမ်းစိုးရိမ်စရာ ကောင်းပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့လည်း ဖမ်းဆီး အရေးယူရတဲ့အပိုင်းမှာ ပိုပြီး အခက်အခဲတွေ ဖြစ်လာနေတယ်” ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။
တောဆင်ရိုင်း သတ်ဖြတ်မှုများနှင့် တရားမဝင် သစ်ခုတ်မှုများ တားဆီးရန် သစ်တောဌာနက ပုသိမ်နှင့် သာပေါင်း မြို့နယ် တို့တွင် သစ်တောရဲတပ်ဖွဲ့ဝင်များ ထားရှိဆောင်ရွက်ခဲ့သော်လည်း ဆင်သတ်မှုများ လျော့ကျခြင်းမရှိဘဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
“ဆင်သတ်ခံရမှုတွေ လျော့နည်းဖို့ဆိုရင် သစ်တောကြိုးဝိုင်းအတွင်းမှာ ပုံမှန်ကင်းလှည့် လုံခြုံရေးယူနေတဲ့ အဖွဲ့လိုမျိုး ရှိမှ အဆင်ပြေမယ်။ တပ်မတော်စစ်ကြောင်းလိုပဲ ဆင်ပစ်အဖွဲ့ကို သတင်းရတာနဲ့ အတင်းလိုက်၊ အတင်း ဝင်ဖမ်းတာမျိုး လုပ်မှသာ ဆင်သတ်မှုတွေ ပပျောက်နိုင်မယ်။ အခုက ဆင်ပစ်အဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေက ရဲလာတာနဲ့ သတင်းကြိုပေးတော့ ဟိုလူတွေက တခါတည်း ရှောင်ပြေးရော” ဟု ကိုယ်ပိုင် ဆင်မွေးမြူသူ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုထွန်းလေးက ပြောသည်။
ထိုသို့ သစ်တောကြိုးဝိုင်းအတွင်း ဆင်ပစ်မုဆိုးများကို လိုက်လံ ဖမ်းဆီးခြင်းအပြင် ဆင်သတ်၍ ရရှိလာသည့် ဆင်အသား၊ ဆင်အရေပြားကဲ့သို့သော ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကို တားဆီးရန် ငပုတောမြို့နယ် ငရုတ်ကောင်းတောင် ဒေသနှင့် ပုသိမ်မြို့အဝင် မြစ်ကူးကြိုးတံတားထိပ်ကဲ့သို့ လမ်းဆုံ လမ်းခွနေရာများတွင် ဆင်ထွက်ပစ္စည်းများ စစ်ဆေး သည့်ဂိတ်များ ထားရှိသင့်ကြောင်း ဆင်ဦးစီးဟောင်း ကိုထွန်းလေးက အကြံပြု ပြောကြားသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ယမန်နှစ်က ဆင်သတ်မုဆိုးများ လက်ချက်ဖြင့် တောဆင်ရိုင်း ၁၃ ကောင် သတ်ဖြတ်ခံခဲ့ရပြီး ဆင်သတ်မှု ၁၃ မှုအနက် ၄ မှုတွင် တရားခံများကို ဖမ်းဆီး တရားစွဲဆိုနိုင်ခဲ့သည်။ ဆင်သတ်မှု ၆ မှု၏ တရားခံများကို ရဲ တပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး တရားခံ မပေါ်သည့် ဆင်သတ်မှု ၃ မှုကို ပိတ်သိမ်းခဲ့ရကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။