ရာသီတုပ်ကွေးရောဂါ H1N1 နှင့် ပတ်သက်ပြီး ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုတခုကို ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် တင်သွင်းရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူလိုက်ကြောင်း သတင်းရရှိသည်။
ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် အသေအပျောက် နည်းပါးရေး အတွက် လူနေ ထူထပ်သော ကျောင်း၊ ဈေး၊ စက်ရုံ၊ အလုပ်ရုံ၊ ရထား၊ ဘတ်(စ်)ကား၊ သဘောၤဆိပ်၊ လေဆိပ်များ အထိ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်ပေးရန် ဖြစ်သည်ဟု ဆိုသည်။
ယင်း အဆိုကို အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) မှ ကျောင်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက တင်သွင်းလိုက်ခြင်း ဖြစ်ကြောင်း၊ မည်သည့်ရက်တွင် လက်ခံ ဆွေးနွေး မည်ကိုမူ မသိရသေးကြောင်း လွှတ်တော် အသိုင်းအဝိုင်းက ပြောသည်။
“H1N1 2009 ရောဂါ လက္ခဏာအကြောင်း ပြည်သူလူထု ပိုမိုသိရှိနားလည်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ H1N1 ရောဂါထိန်းချုပ်ရေးကို ပြည်သူများနှင့်အတူ ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါတယ်”ဟု ဦးသိန်းထွန်းက လွှတ်တော် တွင် ပြောသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် လက်ရှိ အစိုးရ၏ ဆောင်ပုဒ်ဖြစ်သော “ပြည်သူနှင့်အတူ”ဆိုသည့် ဆောင်ပုဒ် အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်၍ အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင့် ကလေး၊ အမျိုးသမီး ရေးရာတို့နှင့် ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်း၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ စောနိုင်ကလည်း ၎င်းတို့ အနေဖြင့် အစိုးရ၏ H1N1 ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကို စောင့်ကြည့်နေပြီး လိုအပ်မှသာ လွှတ်တော်သို့ တင်ပြရန် စီစဉ် ထားသော်လည်း ကြံ့ခိုင်ရေးပါတီက အရေးကြီး အဆိုအဖြစ် တင်ပြလာခြင်း ဖြစ်ကြောင်း၊ ယခု တင်ပြချက်ကိုလည်း ကြိုဆိုကြောင်း ဧရာဝတီသို့ ပြောသည်။
“ပညာပေးတာကတော့ ကောင်းတယ်။ ဘယ်လို ကာကွယ်ရမယ်ဆိုတာ ပြည်သူလူထုက ရှင်းရှင်းလင်းလင်းသိမှ ကြိုတင် ကာကွယ်မှုတွေကိုလည်း လုပ်နိုင်မှာ။ နှာခေါင်းစည်း အုပ်တာကစ ဘယ်လို Mask မျိုး သုံးသင့်လဲဆိုတာ အသိပေးရမယ်။ နောက်ဆုံး ဝယ်ရ ခက်နေရင် အလွယ်တကူ ဝယ်လို့ရအောင် စီစဉ်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်”ဟု ဒေါက်တာ စောနိုင် က ပြောသည်။
ယနေ့အချိန်အထိ H1N1 လူနာ ၃၀ ခန့်ရှိရာ ၆ ဦး သေဆုံးမှုရှိပြီး ထိုသေဆုံးမှုသည် ရာခိုင်နှုန်း ၂၀ သေဆုံးမှု ဖြစ်သော ကြောင့် စိုးရိမ်စရာ ရှိလာ၍ ပညာပေးလုပ်ငန်းများကို လူစည်းကားရာ နေရာများတွင် စတင်သင့်ပြီ ဖြစ်ကြောင်း၊ H1N1 ရောဂါဖြင့် သေဆုံးရသူများသည် သာမန်တုပ်ကွေး ထင်မှတ်၍ ဆေးရုံသို့ နောက်ကျမှ ရောက်လာခြင်းသည် အသိပညာ မလုံလောက်ခြင်းကြောင့် ဖြစ်ကြောင်း ကြံ့ခိုင်ရေး အမတ် ဦးသိန်းထွန်းက သုံးသပ်သည်။
စိုးရိမ်စရာ ကောင်းသည့် အချက်တခုမှာ မြန်မာ၏ အိမ်နီးချင်းနိုင်ငံတခုဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ အထိ H1N1 ရောဂါ ဖြစ်ပွားသူ ၁၂၄၆၀ ရှိရာ ၆၀၀ သေဆုံးပြီး ယမန်နှစ်ကလည်း ၁၇၈၆ ဦး H1N1 ဖြစ်ပွားရာ ၂၆၅ ဦး သေဆုံးခဲ့၍ ထိုနိုင်ငံမှ မြန်မာနိုင်ငံသို့ မကူးစက်ရေး သဘောၤဆိပ်၊ လေဆိပ်များတွင် စစ်ဆေးမှုများ ပြုလုပ်ထားရန် လည်း ၎င်းက အကြံပြုသည်။
ကျန်းမာရေး ဝန်ကြီးဌာနကမူ H1N1 ရောဂါ တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) အပါအဝင် နိုင်ငံ တကာ သို့ အကူအညီများ တောင်းခံထားပြီး လက်ရှိမြေပြင်တွင်မူ ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြင့် ပြင်ဆင် ဆောင်ရွက်နေကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ နှိုးဆော်ချက်များကိုလည်း ပြည်သူလူထုက လိုက်နာဆောင်ရွက် စေလို ကြောင်း မီဒီယာများသို့ ပြောဆိုထားသည်။