သတင်း

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပါက နယ်စပ်လုံခြုံရေးကိစ္စ ဆွေးနွေးမည်ဟု UWSA ပြော

Want create site? Find Free WordPress Themes and plugins.

အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)တို့ လာမယ့် ရက်ပိုင်းအတွင်း တွေ့ဆုံရန် လျာထားသဖြင့် တွေ့ဆုံချိန်တွင် နိုင်ငံရေး ကိစ္စရပ်များကို ဆွေးနွေးမည်မဟုတ်ပဲ ဒေသဖွံ့ဖြိုးရေး အပါအဝင် နယ်စပ်လုံခြုံရေး ကိစ္စများကိုသာ ဆွေးနွေးမည်ဟု သိရသည်။

ငြိမ်းချမ်းရေး ကော်မရှင် (PC) ဒုဥက္ကဌ ဦးသိန်းဇော် နှင့် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့ ပါဝင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယခု ရက်ပိုင်းအတွင်း ပန်ဆန်း(ပန်ခမ်းမြို့)သို့ သွားရောက်၍ UWSA ခေါင်းဆောင်များ ကို တွေ့ဆုံမည်ဖြစ်သော်လည်း လက်ရှိ အချိန်ထိ ရက် သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း UWSA မှ သိရသည်။

UWSA ၏ လားရှိုးဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းက “ ဒီရက်ပိုင်းအတွင်း တွေ့မယ်လို့တော့ ကြားတာပဲ။ လူကြီးတွေ ညှိနေတုန်းပဲ။ တိတိကျကျ ရက်မသတ်မှတ်ရသေးဘူး။ ဆွေးနွေးမယ့် အကြောင်းအရာကတော့ နယ်မြေ ဖွံ့ဖြိုးဖို့ကိစ္စ အဲဒီလိုမျိုးပဲ ပြောသံကြားတယ်”ဟု ပြောသည်။

အဆိုပါ တွေ့ဆုံမှုတွင် UWSA ဘက်မှ နိုင်ငံရေး ကိစ္စရပ်များကို ဆွေးနွေးမည်မဟုတ်ပဲ စီးပွားရေး၊ ဒေသဖွံ့ဖြိုး ရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး စသည့် ကိစ္စရပ်များကိုသာ ဆွေးနွေး သွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

“ကျနေ်ာ သိသလောက်တော့ FPNCC ချမှတ်တဲ့ မူကိုတော့ ပြောင်းလဲမှာ မဟုတ်သေးဘူး။ လောလောဆယ် တော့ သူတို့ နိုင်ငံရေးနဲ့ပတ်သက်လာရင်တော့ ကျနော်တို့ FPNCC ကော်မတီအဖွဲ့နဲ့ပဲ တွေ့ဖို့ ရှိတယ်။ လောလောဆယ် အဲဒီလိုပဲ သွားမယ်”ဟု ဦးညီရန်းက ပြောသည်။

UWSA မှ ခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ်တို့သည် မူလက အောက်တိုဘာ ၁၀ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တွေ့ဆုံ နိုင်ခြင်းမရှိပဲ ယခုအခါ ရက်သတ်မှတ်နိုင်ရေး ညှိနှိုင်း နေကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

အစိုးရသည် UWSA ဦးဆောင် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ကို ဆွေးနွေးရန် အစီအစဉ်မရှိပဲ ထိုကော်မတီပါ အဖွဲ့ဝင်များကို အစုအဖွဲ့ ခွဲ၍သာ တွေ့ဆုံဆွေးနွေးရန် အစီ အစဉ်ရှိကြောင်း အစိုးရဘက်မှ ပြောကြားထားသည်။

UWSA သည် ၁၉၈၉ ခုနှစ်မှ စတင်ကာ တပ်မတော် အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သည်။

ထို့ပြင် အစိုးရက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ်ရေးထိုးရန် ကမ်းလှမ်းထားသော်လည်း လက်မှတ်မထိုးရေး၊ စာချုပ်အသစ် ဖော်ဆောင်ပေးရေး၊ တစ်ဖွဲ့ချင်း မဆွေးနွေးပွဲ ၇ ဖွဲ့ ဖြစ် ဖွဲ့စည်းထားသော FPNCC ဖြင့်သာ တွေ့ဆုံ ဆွေးနွေးရေး မူဝါဒ ချမှတ်ထားသည်။

FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်မတော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ ပါဝင်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading