ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ရာထူးမှ နုတ်ထွက်ရခြင်း အကြောင်းအရင်းနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဇန်နဝါရီ ၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ၎င်း ၏ သဘောဆန္ဒ အလျှောက် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း သမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(က)နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က)တို့ပါ ပြဌာန်းချက်များ အရ ယင်းသို့ နုတ်ထွက်ခွင့် ပြုခြင်း ဖြစ်သည်ဟု ဆိုသည်။
ယနေ့ နံနက်ပိုင်းက ဝန်ကြီးချုပ် မန်းဂျော်နီက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးများကို နှုတ်ဆက်စကား ပြောကြားပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည့် ကိစ္စအား လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး မှတဆင့် မီဒီယာများကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီး ဦးဝင်းဌေးက“ဖထီးက ဇန်နဝါရီလ ၁၅ ရက် လွှတ်တော် အထူးအစည်းအဝေး အပြီးမှာ မီဒီယာတွေကို သူ ကိုယ်တိုင် ရှင်းလင်း ဖြေကြားတာတွေ လုပ်သွားပါ့မယ်လို့ ပြောပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ပွဲက ဝန်ကြီးချုပ်အနေနဲ့ နှုတ်ဆက် အမှာစကား ပြောကြားတာပါ။ အစိုးရအဖွဲ့မှာ သူနဲ့ ဦးဘဟိန်း မရှိတော့ပေမယ့် ဆက်လက် ကြိုးစား ဆောင်ရွက်ကြဖို့ မှာကြားခဲ့ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဝန်ကြီးချုပ် မန်းဂျော်နီကဲ့သို့ပင် နိုင်ငံတော် သမ္မတရုံးက ဇန်နဝါရီလ ၉ရက်၌ပင် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဘဟိန်းကိုလည်း ယင်း၏ သဘောဆန္ဒ အလျောက် တိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။
ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၅ အထွေထေ ွရွေးကောက်ပွဲတွင် ကျုံပျော်မြို့ နယ် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရရှိပြီး ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ ဝန်ကြီးချုပ် အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ သည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ၂၁ လကြာ တာဝန်ထမ်းဆောင်ပြီး နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း မြောင်းမြ မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်တွင် အနိုင်ရခဲ့ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သလို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်ခဲ့သူ ဖြစ်သည်။
ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်သော်လည်း မန်းဂျော်နီသည် ကျုံပျော်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်သို့ တက်ရောက် သွားမည် ဖြစ်ကြောင်း သိရသည်။