ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာအနီးတွင် ရုပ်အလောင်းများ အစုအပြုံလိုက် မြှုပ်နှံ ထားကြောင်း သတင်းဖော်ပြချက်နှင့် ပတ်သက်၍ AP သတင်းဌာကို တရားစွဲဆိုရန် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးထံ တင်ပြထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်း အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ တင်ပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းက ပြောသည်။
ဦးကျော်လှထွန်း က “ဒီကိစ္စက ရခိုင်ပြည်နယ် တခုတည်းနဲ့ သက်ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ပြည်ထောင်စု တခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ဆိုပြီး ကျနော်ကတင်ပြတော့ ဝန်ကြီးတွေကလည်း လက်ခံတယ်။ အဲဒါနဲ့ ကျနော်တို့ တရားစွဲမယ့်ကိစ္စကို ပြည်ထောင်စု ရှေ့နေချုပ်ကို တင်ပြထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ပြည်ထောင်စုရှေ့နေချုပ်သို့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာပင် အစီရင်ခံ တင်ပြခဲ့ပြီး ဥပဒေအရ လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက်လည်း ပြည်နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးကျော်မောင် အား တာဝန်ပေးထားကြောင်း ဦးကျော်လှထွန်းက ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများအား နေရာ ၅ နေရာတွင် အစုလိုက် အပြုံလိုက် မြှုပ်နှံထားကြောင်း၊ ယင်းတို့ကို အက်ဆစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားခြင်းကြောင့် ရုပ်ပျက် ဆင်းပျက် ဖြစ်နေကြောင်း AP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
ယင်းသို့ AP သတင်းဌာနမှ သတင်းဖေပြချက်နှင့် ပတ်သက်ပြီး မှန်ကုန်မှု၊ ရှိမရှိ စိစစ်တင်ပြရန် ပြည်ထောင်စု အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ ညွန်ကြားခဲ့ကြောင်း သိရသည်။
ထိုညွန်ကြားချက်အရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဦးဆောင်စေပြီး ဂူတာပြင် ကျေးရွာတွင် AP သတင်းဖော်ပြချက်ပါ ရုပ်အလောင်းများကို မြှုပ်နှံထားသည်ဟုဆိုသည့် နေရာများအား သွားရောက်စစ်ဆေးခဲ့ရာ မှန်ကန်မှုမရှိ ကြောင်း တွေ့ရှိရသည်ဟု အစိုးရမှ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။
ဆက်စပ် ဖတ်ရှုရန် – ဂူတာပြင်ကျေးရွာ သတင်းနှင့် ပတ်သက်၍ AP သတင်းဌာနကို အစိုးရ တရားစွဲမည်