Entertainment

“Stormi” လို့ နာမည်ပေးလိုက်တဲ့ Kylie Jenner ရဲ့သမီးလေး

နာမည်ကျော်ကြားတဲ့ ကာဒရစ်ရှန် မိသားစုမှ အငယ်ဆုံးသမီးဖြစ်တဲ့ Kylie Jenner ဟာ မကြာသေးခင်ကပဲ သူမွေးဖွားခဲ့တဲ့ သူ့ရဲ့သမီးလေးကို “Stormi” လို့နာမည်ပေးလိုက်ပြီး သူ့ရဲ့ Instagram အကောင့်မှာလည်း သမီးလေးရဲ့ ပထမဆုံး ဓာတ်ပုံကို တင်ခဲ့ပါတယ်။

အသက် ၂ဝ အရွယ်၊ Kylie Jenner ဟာသူ့ရဲ့ Instagram အကောင့်မှာ သူ့လက်မကို ဆုပ်ကိုင်ထားတဲ့ သမီးလေးရဲ့ အနီးကပ်ဓာတ်ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပို့စ်ကို ရိုးရိုးရှင်းရှင်း “Stormi” လို့ နာမည်တပ်ခဲ့ပြီး Jenner ဟာ သူ့ရဲ့အမျိုးသား Travis Scott နဲ့ ရရှိခဲ့တဲ့ သမီးလေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မွေးဖွားခဲ့တယ်လို့ ဖေဖော်ဝါရီ ၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် Jenner က သူ့ရဲ့ Instagram အကောင့်မှာရှိတဲ့ Follower ၁၀၁ သန်းကျော်နဲ့ သူ့ပရိသတ်တွေကို သူ့မှာ ကိုယ်ဝန်ရှိတဲ့အကြောင်း လျှို့ဝှက်ထားခဲ့ရတဲ့အတွက် တောင်းပန်စကား ဆိုခဲ့ပါသေးတယ်။

ကာဒရစ်ရှန်မိသားစုရဲ့ အငယ်ဆုံးသမီး Kylie Jenner / Reuters

Jenner ဟာ သူ့မိသားစုရဲ့ “Keeping Up with the Kardashians” ရုပ်သံအစီအစဉ်ကနေ အလှကုန်ပစ္စည်းဘက်ကို လမ်းကြောင်း ကူးပြောင်းခဲ့သူ ဖြစ်ပါတယ်။ သူထုတ်လုပ်တဲ့ “Kylie နှုတ်ခမ်းနီ” ဟာဆိုရင် ကမ္ဘာတဝှမ်းက အမျိုးသမီးတွေ ကြားမှာ အထူး ရေပန်းစားပါတယ်။

သူ့ရဲ့ သမီးလေး Stormi ဟာ ဒီနှစ်ထဲမှာ Kardashian မိသားစုထဲ ရောက်လာမယ့် မိသားစုဝင် အသစ် ၃ ယောက်ထဲက ဒုတိယမြောက် ဖြစ်ပါတယ်။ သူ့အစ်မကြီး Kim Kardashian နဲ့ ခင်ပွန်းသည် Rapper တဦးဖြစ်တဲ့ Kanye West တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အငှားကိုယ်ဝန်နဲ့ ရရှိခဲ့တဲ့ Chicago လို့ခေါ်တဲ့ တတိယရင်သွေးလေး ရရှိခဲ့ပြီ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

Jenner ရဲ့ နောက်ထပ် အစ်မကြီးတဦး ဖြစ်တဲ့ Khloe Kardashian ကလည်း သူ့ချစ်သူ ဘေ့စ်ဘောကစားသမား Tristan Thompson နဲ့ ရရှိတဲ့ကိုယ်ဝန်ကို လက်ရှိမှာ လွယ်ထားရပြီး အခုဆိုရင် ကိုယ်ဝန် ၇ လပြည့်ပြီလို့ သိရပါတယ်။ သမီးလေး Stormi မှာ North, Saint, Reign, Dream, Mason နဲ့ Penelope စတဲ့ ကာဒရစ်ရှန်မိသားစုဝင် ဝမ်းကွဲ မောင်နှမတွေ ရှိတယ်လို့ သိရပါတယ်။

Ref: Reuters

Loading