ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး ပရာဝစ်က အကောင်းစားနာရီများ အရှုပ်တော်ပုံနှင့် ပတ်သက်၍ ရာထူးမှ နှုတ်ထွက်ပေးရန် အစီအစဉ် မရှိဘဲ၊ နိုင်ငံတော် လုံခြုံရေးနှင့် အကျိုးစီးပွားကိုသာ စဉ်းစားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုသည်။
ဗိုလ်ချုပ်ကြီးပရာဝစ်မှာ ကျန်းမာရေးကောင်းမွန်ပြီး စိတ်ဓါတ်ကောင်းသူဖြစ်ကြောင်း၊ နိုင်ငံတော် လုံခြုံရေးနှင့် အကျိုး စီးပွားတွင် အဓိကအခန်းကဏ္ဍ၌ ဆက်လက်တာဝန်ထမ်းဆောင်ဦးဖြစ်ကြောင်း ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ကောင်ရှစ်တန် ထရာဝါနစ်က ပြီးခဲ့သည့် တနင်္လာနေ့ ပြောဆိုခြင်းဖြစ်သည်။
ပြီးခဲ့သည့် တနင်္လာနေ့က တက်ကြွလှုပ်ရှားသူ အီကာချိုင်း ဟောင်ကောင်ဝမ် ဆိုသူက ကာကွယ်ရေး ဝန်ကြီးဌာနသို့ ရောက်ရှိလာပြီး ဒုတိယဝန်ကြီးချုပ် ဆင်းပေးစေလိုသည့် သဘောထား မှတ်ချက် စစ်တမ်းများကို ပေးအပ်ခဲ့ပြီး၊ ဗိုလ်ချုပ်ကြီးပရာဝစ်အနေဖြင့် ပြည်သူများမလိုလားလျှင် ရာထူး မှနုတ်ထွက်မည်ဟု ပြောဆိုထားခြင်းကိုလည်း ထောက်ပြထားသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မစ္စတာအီကာချိုင်းထံမှ တင်ပြချက်များကို လက်ခံခဲ့သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်း၏ဘက်ပေါင်းစုံတွင် အခြားသူများ၏ သဘောထား အမြင်များကို နားဆောင်ရမည် ဖြစ်ကြောင်း၊ သို့သော် ယုတ္တိရှိမှုအခြေခံပြီး အကျပ် အတည်းဆိုက်ရောက်ပြီး ပြည်သူများကို မီးလောင် တိုက်သွင်းသည့်အခြေအနေမျိုး မဖန်တီးသင့် ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုသည်။
ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်၏ ထိုင်းဘတ် ၃၉. ၅ သန်းတန်ဖိုးရှိ အကောင်စား နာရီ ၂၅ လုံးကို ထည်လဲ ပတ်နေသည့် ဓာတ်ပုံများ အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်ရေးသားနေသည့် CSI LA Facebook စာမျက်နှာက ရေးသား ပြီးနောက် ထိုသို့ ပြဿနာများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
CSI LA သည် ဗိုလ်ချုပ်ကြီး ပရာဝစ် ပွဲလမ်းသဘင်များတွင် ပတ်ခဲ့သည့် အကောင်းစား နာရီများနှင့် ပတ်သက်၍ တပုံချင်း စီ၏ တန်ဖိုးနှင့် တကွ ဖော်ပြခဲ့သလို တန်ဖိုးကြီးမားလှသည့် အကောင်းစား ပစ္စည်းများဖြင့် ၎င်းနေထိုင်သွားလာပုံများပါ အသေးစိတ် ဖော်ပြခဲ့ကာ အာဏာသိမ်းစစ်အစိုးရ၏ “အကိုတော်ကြီး” ဟုလည်း သရော်ထားသည်။
ထိုနာရီအားလုံးမှာ မိတ်ဆွေတဦးက ပိုင်ဆိုင်ပြီး မိမိကို ခဏငှားထားခြင်းဖြစ်ကြောင်း၊ ယခုပြန်ပေးလိုက်ပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာဝစ်က ဖြေရှင်းခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – ထိုင်း ဗိုလ်ချုပ်ကြီး ပရာဝစ်၏ နာရီအရှုပ်တော်ပုံ၌ ပတ်သက်သူများကို စစ်ဆေးမည်