ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် စနေနေ့က ဖြစ်ပေါ်သည့် စစ်တပ်ဆန့်ကျင်ရေ း ဆန္ဒပြပွဲ များကြောင့် မတည်မငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေပါက ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ဖို့ အာမခံချက်မရှိကြောင်း ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ပြောဆိုသည်ဟု The Nation သတင်းက ဆိုသည်။
“အစိုးရနဲ့စစ်ဖက်က လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေဟာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းချိန် မတိုင်ခင်ကထက် တိုးတက်လာပေမယ့် တချို့အုပ်စုတွေက ကမောက်ကမဖြစ်အောင်လုပ်ချင်ပြီး သူတို့ရဲ့တောင်းဆိုချက်တွေကို မရရင် သူတို့ရဲ့သေနင်္ဂဗျူဟာတွေကို အရှိန်မြှင့်လုပ်ဆောင်ချင်ကြတယ်” ဟု ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ဆိုကြောင်း အစိုးရပြောခွင့်ရ ဒု ဗိုလ်ချုပ်ကြီး စန်ဆန်က ပြောသည်။
မတ်လ ၂၄ ရက်နေ့က ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများက ဘန်ကောက်ရှိ စစ်တပ်ဌာနချုပ်တွင် စုရုံးကာ ထိုင်းစစ်တပ်အနေဖြင့် စစ်တပ်ခေါင်းဆောင်များဦးဆောင်နေသည့် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ(NCPO) ၏ နိုင်ငံရေး အခန်းကဏ္ဍကို ဆက်လက်ထောက်ခံခြင်းမပြုရန်နှင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပပေးရန် တောင်းဆိုခဲ့သည်။
ထို့အပြင် စစ်တပ်အနေဖြင့် စစ်တန်းလျားသို့ ပြန်ကာ နိုင်ငံကိုသာ ကာကွယ်ရန်နှင် အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက် ခြင်းမပြုရန်၊ စစ်တပ်အနေဖြင့် အများပြည်သူ၏ အခွင့်အရေးများနှင့် လွတ်လပ်မှုကို သိမ်းယူသည့် အခန်းကဏ္ဍမှ မပါဝင်သင့်ကြောင်းလည်း တက်ကြွလှုပ်ရှားသူများကတောင်းဆိုသည်။
ထိုတောင်းဆိုချက်များကိုု မလိုက်လျောပါက နောင်ပြုလုပ်မည့် ဆန္ဒပြပွဲများတွင် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင်စီ(NCPO)ကိုသာမက စစ်တပ်ကိုပါ ကန့်ကွက်မည်ဟု ဆန္ဒပြသူများက သတိပေးခဲ့သည်။
ထို့အပြင် ရွေးကောက်ပွဲကိုလည်း ဝန်ကြီးချုပ် ပရာယွဒ် ကတိပေးထားသည့် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီတွင် မကျင်းပပဲ၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာတွင် ကျင်းပပေးရန်လည်း ၎င်းတို့က တောင်းဆိုသည်။
“နိုင်ငံမှာ လမ်းပြမြေပုံအရ ရွေးကောက်ပွဲကျင်းပဖို့ လုပ်နေတာကို ပြည်သူအများစုကနားလည်တယ်လို့ ဝန်ကြီးချုပ် ကပြောတယ်။ လုပ်ငန်းအဆင့်ဆင့်နဲ့ ရွေးကောက်ပွဲ ရက်စွဲကိုလည်း ဥပဒေနဲ့အညီသတ်မှတ်ပြီးပြီ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စန်ဆန်က ပြောသည်။
ထို့အပြင် ပြည်သူများအနေဖြင့် ယခင်ကကဲ့သို့သော ကမောက်ကမ အခြေအနေများ ပြန်လည်ပေါ် ပေါက်လာမည်ကို စိုးရိမ်နေကြကြောင်း ဝန်ကြီးချုပ် ပရာယွဒ်က ပြောသည်ဟုလည်း ဆိုသည်။
NCPO အဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ပီယာပိုင် ကာလီပန်က ရွေးကောက်ပွဲ ရက်စွဲကို ဥပဒေနှင့် အညီ ရွေးကောက်ပွဲ လမ်းပြမြေ ပုံအတိုင်းသာ လုပ်ဆောင်မည်ဟု ဆိုလိုက်ပြီး၊ စစ်တပ်နှင့် အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင်စီ (NCPO)မှာ ခွဲခြားမရကြောင်း၊ စစ်တပ်မှာ ပြည်သူများနှင့်လည်း တစည်းတလုံးတည်းရှိကြောင်း ဆိုသည်။
ထိုင်းနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံတွင် ၁၉၈၈ခုနှစ် အာဏာသိမ်း စစ်အစိုးရက ၁၉၉၃ ခုနှစ်တွင် ညောင်နှစ်ပင် အမျိုးသားညီလာခံ ကျင်းပကာ ဖွဲ့စည်းပုံကို ရေးဆွဲပြီး ၂၀၀၈ခုနှစ်တွင် အတည်ပြုကာ ၂၀၁၀တွင် ရွေးကောက်ပွဲများ ကျင်းပပြီး တပ်မတော်သား ၂၅ရာခိုင်နှုန်း ပါဝင်သည့် လွတ်တော်ကို ခေါ်ယူခဲ့သည်။