မူးယစ်ဆေးဝါး အမှုကြီးများအား ဖမ်းဆီးလိုသဖြင့် သမ္မတရုံးတွင်ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါး အထူးဖမ်းဆီးရေး တိုင်ကြားဌာနသို့ ပြည်သူများအနေဖြင့် ပိုမို သတင်းပေးတိုင်ကြားကြရန် နိုင်ငံတော်သမ္မတရုံး က တိုက်တွန်း ပြောကြားသည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးဝန်းအတွင်း စက်တင်ဘာ ၂၁ ရက်နေ့က ပြုလုပ်သည့် လက်ရှိနိုင်ငံ အခြေအနေနှင့် ပတ်သက်ပြီး အစိုးရ၏ ဆောင်ရွက်နေမှုများကို ရှင်းလင်းရာတွင် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဦးဇော်ဌေး က “တကယ့်ကို ထုနဲ့ ထည်နဲ့ ကြီးကြီးမားမားတွေ ဆိုရင်လည်းတိုင်ကြားဖို့ ကျနော်ထပ်ပြီးတော့ ပြောချင်တယ်။ အဲ့ဒီလိုတိုင်မှလည်း ကျနော်တို့က ထိထိရောက်ရောက်လုပ်နိုင်မယ်။ တိုင်ကြားသူကိုလည်း ကျနော်တို့က လျှို့ဝှက်ထားတယ်” ဟု ပြောသည်။
သတင်းပေးတိုင်တန်းသူအား အဓိကကိုင်တွယ်သူ ၃ ဦးသာ သိရှိနိုင်ပြီး အခြားသော သမ္မတရုံး တာဝန်ရှိသူများနှင့် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများပင် မသိရှိနိုင်အောင် အထူးလျှို့ဝှက်ထားကြောင်းလည်း ၎င်းက ထပ်မံပြောကြားသည်။
သမ္မတရုံး၌ အထူးသတင်းပေးတိုင်တန်းဌာနကို ဖွင့်လှစ်ကာ ပြည်သူများ၏ သတင်းပေးမှုများအပေါ် ဖမ်းဆီး ဆောင်ရွက်နေခြင်းမှာ ယခင်ကထက် တိုးတက်မှုရှိ၍ ကျေနပ်အားရမှုရှိကြောင်း၊ သို့ရာတွင် အောက်ခြေအဆင့်၌ အမှုကြီးများထက် သုံးစွဲသူများနှင့် အနည်းငယ် ရောင်းချသူများကိုသာ ဖမ်းဆီးနိုင်သေး၍ မူရင်းရည်မှန်းချက်သို့ မရောက်ရှိသေးကြောင်း ပြည်သူများနှင့် မူးယစ်ဆေးဝါးအရေးဆောင်ရွက်နေသူများက ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။
လက်ရှိအခြေအနေမှာ ပြည်သူများက ၎င်းတို့သိသလောက် တိုင်တန်းနေသည့်အပေါ် သမ္မတရုံးရှိဌာနကလည်း အကြီးအသေးမခွဲဘဲ ဖမ်းဆီးအရေးယူနေရသည့် အခြေအနေဖြစ်ကြောင်း၊ ပိုမို တိုင်ကြားမှုများရရှိစေရန် ပြည်သူလူထုနှင့် ယုံကြည်မှု တည်ဆောက်နေရသည့် အခြေအနေဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
“ထုနဲ့ ထည်နဲ့ ကြီးကြီးမားမားကြီး သတင်းတွေမရဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ ဒီလိုဟာတွေ ပိုပြီးတော့ ရချင်တယ်။ သေးသေးမွှားမွှားကိုလည်း ကျနော်တို့က ဒါအသေးအမွှားပါဆိုပြီးတော့ လစ်လျူရှုလို့မရဘူး။ ဒီအနေ အထားဖြစ်ပါတယ်။ အဲ့တာကိုတော့ နားလည်ပေးစေချင်တယ်” ဟု ဦးဇော်ဌေးက ပြောသည်။
မူးယစ်ဆေးဝါး အမှုကြီးများ ပိုမိုဖမ်းမိစေရန် သမ္မတရုံးတိုင်ကြားဌာနသို့ ပြည်သူများ၏ ပိုမို သတင်းပေးတိုင်ကြားရန် လိုအပ်သကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့များကလည်း ပြည်သူလူထု၏ တိုင်ကြားမှုများကို စောင့်ဆိုင်းမနေဘဲ ရှာဖွေဖမ်းဆီးနိုင်ရေးကို ပိုမိုအားစိုက်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။
ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက “တကယ်တန်းမိပြီဆို ဖိုးလေး တပဲလောက် မိတာတို့ သတင်းဌာနတွေမှာ တွေ့နေရတယ်။ တကယ့် လက်ကြီး တွေကျ မမိဘူး။ အဲဒီလိုဖြစ်နေတဲ့အပေါ်မှာတော့ သိပ်သဘောမကျဘူးဗျ။ ဖြစ်စေချင်တာက ရေသောက်မြစ်ပါ တူးစေချင်တာ။ အခုဟာက အကိုင်းအခက်တောင် မဟုတ်ဘူး အရွက်ကြွေလောက် လိုက်ကောက်တဲ့ ပုံစံဖြစ်နေတာကို သဘောမကျဘူးဗျ” ဟု ပြောကြားသည်။
တနင်္သာရီမဲဆန္ဒနယ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း က “သီးသန့်အနေနဲ့ ပြည်သူတွေရဲ့ တိုင်တန်းစာကို မျှော်လင့်မနေဘဲနဲ့ ပြည်ထဲရေးကလည်း ခေါင်တွေကို ဖမ်းမိဖို့ လုပ်ဖို့လိုတယ်။ မူးယစ်ဆေးဝါး အကြီးကြီးတွေ ဖမ်းမိရင် ပိုင်ရှင်မဲ့ဆိုတာ ပြည်သူတွေကလည်း နှုတ်ကျိုးနေကြပြီ။ ပြည်သူက ပိုင်ရှင်မဲ့ဆိုတာကို ယုံကြည်မှုမရှိတော့ ယုံကြည်မှု ပြန်လည်တည်ဆောက်ရမယ်။ ပိုင်ရှင်မဲ့ဆိုတာကို ပိုင်ရှင်မဲ့မဖြစ်အောင် လုပ်ဖို့ ပြည်ထဲရေးက တာဝန်ရှိသူတွေအပေါ်မှာ အရမ်းကို အရေးကြီးနေပါတယ်” ဟု သုံးသပ်ပြောကြားသည်။
ထို့အပြင် ထိပ်ပိုင်းအုပ်ချုပ်သူများက မူးယစ်တိုက်ဖျက်ရေးစီမံချက်များ ချမှတ်ချမှတ်ဆောင်ရွက်နေသော်လည်း အောက်ခြေ အဆင့်ဆင့် ဝန်ထမ်းများက အဂတိလိုက်စားမှုများရှိနေကြောင်း၊ အဂတိကင်းရှင်းစေရန်အတွက်လည်း ထိရောက်သော အရေးယူခြင်းများ ဆောင်ရွက်စေလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
“အောက်ခြေမှာ နယ်ထိန်းတယောက်က ကိုယ့်နယ်မှာ ဘယ်သူတွေက ရောင်းနေတယ်ဆိုတာ တော်တော်များများက သိပြီးသား။ အဲဒါကို အဂတိကင်းကင်းနဲ့ မှန်မှန်ကန်ကန် ဖမ်းဖို့ လိုတယ်။ ဖြစ်နိုင်ရင် ပြည်ထဲရေးဝန်ကြီးဌာနကလည်း အောက်ခြေမှာ နာမည်ထွက်နေတဲ့ ရဲတွေနေရာမှာ တကယ်ဖမ်းဆီးမယ့်ရဲတွေ မွေးထားပြီးတော့ နေရာချိန်းဖမ်းဆီး စေချင်တယ်” ဟု တနင်္သာရီအမတ် ဦးဥက္ကာမင်းက ပြောသည်။
ဖားကန့်အမတ် ဦးတင့်စိုးကလည်း “သမ္မတကြီးပြောသလို လုပ်မယ်ဆိုရင် ပြည်သူကလည်း ထိထိရောက်ရောက် သတင်းပေးသလို ဒါကို လက်တွဲဆောင်ရွက်မယ့် အဖွဲ့အစည်းကလည်း တကယ့်ကို နိုင်ငံအပေါ် သစ္စာရှိရှိနဲ့ နှိမ်နင်းမှသာ ပျောက်နိုင်မယ်” ဟု ပြောသည်။
မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းများကို ထိရောက်စွာ ဖော်ထုတ်အရေးယူနိုင်ရန်၊ အမှုကွင်းဆက်ပြတ်ခြင်းနှင့် သတင်းပေါက်ကြားမှုများ မဖြစ်ပေါ်စေရန် မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားဌာန ဖွင့်လှစ်ထားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်က ပြောကြားခဲ့သည်။
အဆိုပါသတင်းပေးဌာနသို့ သတင်းပေးတိုင်တန်းသူများ၏ လုံခြုံရေးအတွက် အထူးလျှို့ဝှက်ထားမည်ဖြစ်သကဲ့သို့ တိကျသော သတင်းပေးမှုကြောင့် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ တန်ဖိုးမှ ရာခိုင်နှုန်းအလိုက် ဆုကြေး ချီးမြှင့်မည်ဟုလည်း ပြောကြားခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မူးယစ်ဆေးသတင်းပေးလျှင် ဖမ်းမိတန်ဖိုး ၁၀ ရာခိုင်နှုန်း ဆုချမည်
မူးယစ် သတင်းပေးမှု ချီးမြှင့်ငွေ အခွန်ကင်းလွတ်ခွင့် ရရှိမည်ဟု ဆို