ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ကျပ်သိန်းပေါင်း ၅၇၀၀၀ တန်းဖိုးရှိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေး ၂၈၈,၆၀၀၀ ကျော်ကို ယမန်နေ့က ဖမ်းဆီးရမိသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် ခန့်ကဘူးသီးတောင် မြို့မရပ်ကွက်နှင့် ရွာမ ကျေးရွာ သွား ကား လမ်းဘေး ရပ်ထားသော ဟိုင်းလပ်ကား(KYN/6A-1877 )အား စစ်ဆေးရာ မီးသွေး အိတ်များထဲမှ တထုပ်လျှင် WY စိတ်ကြွဆေးပြား ၉၇၅၀ ပြားစီပါရှိသည့် အထုပ် ပေါင်း(၁၉၆) ထုပ်ထဲမှ စုစုပေါင်း ဆေးပြား ၁၉၁၁၀၀၀ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယာဉ်မောင်း မိုဟာမက် ဟာရော (၂၂) နှစ်၏ ထွက်ဆိုချက်အရ ဘူးသီးတောင်မြို့ရပ်ကွက် (၂ )နေ မာမွတ် အစ္စလမ် (၄၀)နှစ်ထံမှ ယူလာကြောင်း၊ မာမွတ်၏ အိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ် အောက် မီး သွေးအိတ် ၁၃အိတ် အတွင်းမှ ဆေးပြား( ၉၇၅၀၀၀ )ပြားကို ထပ်မံသိမ်း ဆည်းရမိ ကြောင်း သိရသည်။
ရဲမှူးကျော်သူဝင်းက “ ကျနော်တို့ မနေ့က ညနေ ၆ နာရီ ခွဲ လောက်မှာ ဘူးသီးတောင်မြို့ထဲ ကား လမ်းပေါ်မှာ မသင်္ကာ တဲ့ မီးသွေးကားတင် ကားတွေ့တော့ စခန်းကိုခေါ်ပြီး စစ်ဆေးရာမှာ ဆေးပြား ၁၉ သိန်းကျော်မိတယ်။ အဲဒါနဲ့ ယဉ်မောင်း ကို ခေါ်စစ်ဆေးတော့ ရပ်ကွက် ၂ က မာမွတ်အစ္စလမ် ပစ္စည်းတွေလို့ ပြောတော့ သူ့အိမ် လိုက်ရှာရာမှာ နောက်ထပ် မီးသွေးအိတ်တွေမှာ နောက်ထပ် ဆေးပြား ၉ သိန်းကျော်မိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုအခါ ယာဉ်မောင်း မိုဟာမက် ဟာရော ၂၂ နှစ်နှင့် မာမွတ် အစ္စလမ် ၄၀ နှစ်တို့ အား ဘူးသီး တောင် တောင်မြို့မ ရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ပုဒ်မဖြင့် အမှုဖွင့် အရေးယူကာ ကွင်းဆက် တရားခံများအား ဖော်ထုတ် အရေးယူနိုင်ရန် အတွက် စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်ထားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၄၃၀၀၀ တန်းဖိုးရှိ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅၂ ၇၅၀ ပြားကို ဖမ်း ဆီးရမိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၁၆ ရက်နေ့အထိ မူယစ်ဆေးဝါး နှင့်ပတ်သက်၍ ဖမ်း ဆီးရမိသည့် အမှုပေါင်း ၁၂၄ မှု ရှိခဲ့ရာတွင် ကျား ၁၆၁ ၊ မ ၂၇ ၊ စုစုပေါင်း တရားခံ ၁၈၈ အမှုဖွင့် အရေး ယူခဲ့ပြီး WY နှင့်ဆေးခြောက် ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၂၈၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး ယင်းသို့ဖမ်း ဆီးရမိ သည့် အမှုများတွင် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် အများဆုံး ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။