မြန်မာနိုင်ငံ အတွင်း လုပ်ဆောင်နေသည့် စီးပွားရေး လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့် အခွန်မဆောင်ဘဲ လုပ်ကိုင်နေကြ ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောသည်။
ဒီဇင်ဘာ ၉ ရက်က နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာ၂ တွင် ပြုလုပ်သည့် NLD ဗဟို အလုပ်မှုဆောင် အဖွဲ့၏ အစည်း အဝေး အပြီး မီဒီယာများကို ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ဒေါက်တာ မျိုးညွန့်က“ကျနော်တို့ စီးပွားရေး လုပ်ငန်းတွေဆိုလည်း ၉၀ ရာခိုင်နှုန်းဟာ တရားမဝင် လုပ်ငန်းတွေပါ။ အဲဒီ တော့ ဒီစီးပွားရေး လုပ်ငန်းအပြင် ရုံးလုပ်ငန်း အားလုံးမှာလည်း နားလည်မှု သက်သက်နဲ့ ကျနော်တို့က နေသား ကျနေ ပါပြီ။ ဒီဟာပြောင်းဖို့ ကိစ္စမှာ နေရာတိုင်းမှာ ဖြည်းဖြည်းချင်း ပြောင်းလဲရမှာပါ”ဟု ဆိုသည်။
နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပြည်သူများ အခွန် ထမ်းဆောင်မှသာလျှင် နိုင်ငံ၏ စီးပွားရေး လည်ပတ်နိုင်မည် ဖြစ် ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများက နိုင်ငံ တည်ဆောက်ရေးတွင် သဘာဝ သယံဇာတများမှ ရရှိသည့် ငွေများဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတခု တည်ဆောက်နိုင်ရေးတွင် ထိုက်သင့်သည့် အချိုးအစားများဖြင့် နိုင်ငံတော်ကို အခွန်ပေးဆောင်ကြရန် ၎င်းက ပြောဆိုသည်။
ဒေါက်တာ မျိုးညွှန့်က“တချို့နေရာတွေမှာ အများကြီး တွေ့ရတယ်။ တရားမဝင် ထမင်းဆိုင်တွေ တွေ့မယ်။ အင်မတန် ကောင်းတဲ့ လုပ်ငန်းကြီးတွေ တွေ့မယ်။ ဒါတွေဟာ တကယ်တမ်း နိုင်ငံတော်ကို အခွန်ပေးဆောင်နေရဲ့လား။ ဒါ အားလုံး သိပါတယ်။ အဲဒါကို ဆိုလိုတာပါ။ ဘိန်းမှောင်ခို ကူးတာကိုမှ တရားမဝင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး”ဟု ပြောသည်။
ယင်းကဲ့သို့ အခွန်မဆောင်ဘဲ စီးပွားရေး လုပ်နေသူများကို အခွန် ရှုထောင့်မှ ကြည့်ပါက ဖွံ့ဖြိုးပြီး နိုင်ငံများ၌ အလွန်ကြီး မား သည့် ပြစ်ချက် တခုလည်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ထို့ပြင် ပြည်တွင်း၌ အခွန် တိမ်းရှောင်သော လူအများစု ရှိနေကြပြီး ရုံးလုပ်ထုံး လုပ်နည်းများတွင် တရားမဝင် နည်းလမ်း များကို သုံးစွဲနေကြကြောင်းလည်း ဆိုသည်။
ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးက လူတဦး တနှစ်လျှင် ဝင်ငွေ ကျပ် ၄၈ သိန်းနှင့်အထက် ဝင်ငွေ ရရှိနေသူများ အခွန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း ပြောသည်။
တနှစ် ကျပ်သိန်း ၁၀၀ ဝင်ငွေ ရှိသူသည် အခွန် ထမ်းဆောင်မည် ဆိုပါက ဝင်ငွေထဲမှ ၂၀ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့် ပေးပြီး အိမ်ထောင်ဘက် ရှိပါက ၁၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ထပ်ပေးထားကြောင်း ၎င်းက ပြောဆိုသည်။
တနှစ်ကို ကျပ် သိန်း ၁၀၀ ဝင်ငွေ ရှိသူ အခွန်ထမ်းဆောင်မည် ဆိုပါက ၅ နှစ်ကြာလျှင် သိန်း ၅၀၀ အတွက် ဝင်ငွေခွန် ဆောင် ထားသဖြင့် ငွေဖြူ သိန်း ၅၀၀ ရှိသွားပြီ ဖြစ်ကာ ထိုသိန်း ၅၀၀ ဖြင့် ပစ္စည်းတခု ဝယ်သည့်အခါ အခွန်ပေးစရာ မလိုတော့ကြောင်း၊ အခွန် မဆောင်ထားဘဲ သိန်း ၅၀၀ တန် ပစ္စည်းဝယ်မည် ဆိုပါက ၇၅ သိန်း အခွန် ဆောင်ရမည် ဖြစ်ကြောင်း ဦးခင်အေးက ရှင်းပြသည်။
“အခွန်ဆောင်ဖို့ အတွက် ပညာပေးရမှာ ဖြစ်ပါတယ်။ အခွန်ဆိုတာ အများကြီးပေးရမယ် ထင်လို့ ကြောက်နေကြတယ်။ ဟိုခေတ်တုန်းကလို မဟုတ်တော့ပါဘူး။ အခွန်ဌာန ကလည်း ကောက်ချင်တိုင်း ကောက်လို့ မရပါဘူး။ ကြောက်စရာ မလို ဘူး။ ဒါတွေကို လူထုကို ပညာပေးရမယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ပြည်သူများ အခွန် ဆောင်ချင်လာစေရန် အစိုးရပိုင်းက ကူညီထောက်ပံ့မှုများနှင့် ယုံကြည်မှုပါ ရှိစေရေး ဆောင်ရွက်ပေးရန် လိုကြောင်း နေပြည်တော် ဇေယျာ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနန္ဒကျော် က ဟု ဧရာဝတီသို့ ပြောသည်။
“ပြည်သူ ဆောင်လိုက်တဲ့ အခွန်က ဘယ်မှာ ဘာသုံးတယ် ဆိုတာ မသိဘူးလေ။ ဘာလုပ်မှန်း မသိတော့ ယုံကြည်မှု နည်း တယ်။ အစိုးရ ကိုယ်တိုင် ပြည်သူကို ယုံကြည်မှု ရှိလာအောင် လုပ်ပြရမှာ။ ဆောင်လိုက်တဲ့ အခွန်နဲ့ ထိုက်တန်အောင် ပြည်သူကို ဘာတွေ စောင့်ရှောက်မှု ပြန်ပေးမှာလဲ။ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ပံ့ပိုးမှုတွေ ဘာတွေ ပေးမှာလဲ။ ပြည်သူကိုလည်း အခွန်ဆောင်တာနဲ့ ညီမျှအောင် အကူအညီတွေ ထောက်ပံ့မှုတွေ ကာကွယ်ပေးမယ်ဆိုရင် ဆောင်ကြမှာပါ။ ခေတ်အဆက်ဆက်က မဆောင်လာကြတာပါ။ အခု NLD တက်လာလို့ NLD ကို မဆောင်တာလည်း မဟုတ်ဘူး”ဟုလည်း ၎င်းက ဆိုသည်။
၂၀၁၇- ၂၀၁၈ စည်းကြပ်နှစ် အတွက် ဝင်ငွေခွန် အများဆုံး ပေးဆောင်သည့် စာရင်းတွင် ထိပ်ဆုံး ၁၀ ဦး ပါဝင်သည့် လုပ်ငန်းများမှာ ကျပ်သန်း၂၀၀၀၀ (ကျပ်ဘီလီယံ ၂၀) အထက် ပေးသွင်းခဲ့သော ကမ္ဘောဇဘဏ်နှင့် Denko Trading Co.,Ltd တို့ ဦးဆောင်ခဲ့ကြောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနက ထုတ်ပြန်သော အခွန်ထမ်းဆောင်မှု ပမာဏ စာရင်း တွင် ဖော်ပြထားသည်။
ယခု စည်းကြပ်နှစ် အတွက် ဝင်ငွေခွန် ပေးဆောင်သူများ စာရင်း၌ ထိပ်ဆုံး ၁၀ ဦး ပါဝင်သည့် လုပ်ငန်းများမှာ ကျပ်သန်း ၂ သောင်း အထက်တွင် ကမ္ဘောဇဘဏ် လီမိတက်၊ ကျပ်သန်း ၁ သောင်း အထက်တွင် မြဝတီဘဏ် လီမိတက်၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ ကျပ်သန်း ၁၀၀၀၀ အောက်တွင် ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီ လီမိတက်၊ International Beverages Trading Co.,Ltd ၊ ဧရာဝတီ ဘဏ် ၊ Myanmar Winery & Distellery Co.,Ltd ၊ သမဝါယမ ဘဏ်၊ ကျပ် သန်း ၅၀၀၀ အောက်တွင် Myawaddy Trading Ltd ၊ Myanma Awba Group Co., Ltd တို့ ဖြစ်ကြောင်း သိရသည်။