ရက္ခိုင့် တပ်မတော် (AA) အပေါ် တပ်မတော်၏ စစ်ဆင်ရေးများ ရပ်တန့်ပြီးမှ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု ရှေ့ဆက် နိုင်မည်ဟု မြောက်ပိုင်း မဟာမိတ် အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် AA တို့မှ ခေါင်းဆောင်များက ဒီဇင်ဘာလ ၂၇ ရက်တွင် အစည်းအဝေး တရပ် ကျင်းပပြီးနောက် ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဧရာဝတီကို ထိုသို့ ပြော ဆိုခြင်း ဖြစ်သည်။
TNLA ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ဗိုလ်မှူးချုပ် တာဘုန်းကျော်က “AA တဖွဲ့တည်းကို မြန်မာ့ တပ်မတော် က ထိုးစစ်တွေ ဆင်ပြီး တိုက်ပွဲက နေ့တိုင်း လိုလိုဖြစ် နေတယ်။ အဲဒါက မရပ်တန့်ဘဲနဲ့တော့ ကျနော်တို့ လက်တွေ့ကျတဲ့ အပစ်အခတ် ရပ်စဲရေးတွေ ဆွေးနွေးလို့ ရမှာ မဟုတ်ဘူး”ဟု ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ အနေဖြင့် ဒီဇင်ဘာလ ၂၇ ရက်က ထုတ်ပြန်သည့် ထိုထုတ်ပြန်ချက်၌ AA ကို တိုက်ခိုက်နေ သည့် တပ်မတော်၏ စစ်ရေး လှုပ်ရှားမှုများကို ရပ်တန့်၍ AA နှင့် စစ်ရေး တင်းမာမှုများ ဖြစ်နေသည့် နေရာများကို အပစ် ရပ် ဧရိယာတွင်း ထည့်သွင်းရန်၊ စစ်တိုင်း အားလုံးတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို သမ္မတ ဦးဝင်းမြင့် က ရပ်ဆိုင်းပေး ရန် တောင်းဆိုသည်ဟု ရေးသားထားသည်။
ဗိုလ်မှူးချုပ် တာဘုန်းကျော်က“တကယ်လို့ မြန်မာ့ တပ်မတော်က အဲ့ဒီလို မလုပ်နိုင်ဘူး။ ထိုးစစ်တွေ ရှိနေဦးမယ် ဆိုရင် တော့ ကျနော်တို့ဘက်ကလည်း အလားတူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကလည်း ရပ်ဆိုင်းဖို့ ခက်ခဲတဲ့ အနေအထား ရှိပါတယ်”ဟု ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပဏာမ အပစ်ရပ် စာချုပ် (Bilateral Agreement) နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံတိုင်း စစ်ဌာနချုပ် နယ်မြေများကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်ထိ ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း ကြေညာထားသည်။
အပစ်ရပ် ဧရိယာ အတွင်း ရခိုင်ပြည်နယ် မပါဝင်ရခြင်းသည် ရခိုင်ပြည်နယ်တွင် ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အကြမ်းဖက် အဖွဲ့များ ရှိနေခြင်းကြောင့်ဟု တပ်မတော်က ဆိုထားသည်။
ထိုကိစ္စနှင့် ပတ်သက်၍ သမ္မတရုံး ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေးက ထိလွယ်ရှလွယ်သည့် ရခိုင်ပြည်နယ်၏ အခြေ အနေ မျိုးတွင် AA ပေါ်ပေါက်လာသည့် ရည်ရွယ်ချက်ကို စဉ်းစားရန်လိုပြီး လက်ရှိ တပ်မတော်က ယာယီ စစ်ဆင်ရေး ရပ် ဆိုင်းထားပြီ ဖြစ်သဖြင့် AA က ငြိမ်းချမ်းရေး စကားဝိုင်းသို့ လာသင့်ပြီဟု ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသွားသည်။
ဦးဇော်ဌေး၏ ပြောဆိုချက်နှင့် ပတ်သက်၍ AA ၏သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက အကြမ်းဖက် အန္တရာယ် ရှိလျှင် မောင်တောမြို့နယ်ကို ချန်လှပ်ပြီး ကျန်မြို့နယ်များကို အပစ်ရပ် ဧရိယာ ကြေညာ၍ ရကြောင်း၊ ထိုသို့ မကြေညာဘဲ ချန်လှပ်ထားသည်က ယုံကြည်မှု အားနည်းစေကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
တပ်မတော်နှင့် AA သည် နိုဝင်ဘာ ၃၀ မှ စ၍ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်နှင့် ဘူးသီး တောင် မြို့နယ် တို့တွင် စစ်ရေး တင်းမာမှုများ ဖြစ်ပွားလျက် ရှိပြီး ဒေသခံ ၁ ထောင်ခန့် ရပ်ရွာများမှ ထွက်ပြေးကာ စစ် ဘေးရှောင် ဒုက္ခသည်များ အဖြစ် လုံခြုံရာ၌ ခိုလှုံနေရဆဲ ဖြစ်သည်။
တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မှတ်တိုင် ၆၄ အနီးတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး တပ်မတော်က ၎င်း၏ လုံခြုံရေး တပ်ဖွဲ့ဝင်များကို AA က စတင် တိုက်ခြင်း ဖြစ်သည်ဟု သတင်း ထုတ်ပြန်ကာ AA က ၎င်းတို့ တပ်စခန်းများကို တပ်မတော်က လာတိုက်ခြင်း ဖြစ်သည်ဟု အပြန်အလှန် ပြောဆိုထားကြသည်။
တပ်မတော်က အပစ် ရပ်ဆိုင်းထားသည့် ၄ လ အတွင်း အပစ်ရပ်စာချုပ် မချုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းက ငြိမ်းချမ်းရေး ကော်မရှင် (PC)၊ တပ်မတော် အရာရှိများဖြင့် ဖွဲ့စည်းထားသည့် ညှိနှိုင်းရေး အဖွဲ့တို့ဖြင့် ဆွေးနွေး မှုများ ပြုလုပ်ရမည်ဟု ဆိုထားသည်။
သို့သော် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့က ၎င်းတို့၏ ဒီဇင်ဘာ ၂၇ ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ အစိုးရ၊ တပ် မတော် တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ၄ ဖွဲ့ အတူတကွ ဆွေးနွေးမည် ဖြစ်ပြီး တွေ့ဆုံမှုများကို တရုတ် နိုင်ငံအတွင်း ကျင်းပမည်ဟု ဆိုသည်။