အခြေခံ ပညာအဆင့် စတုတ္ထတန်း (Grade-5) စာရိတ္တနှင့် ပြည်သူ့နီတိ ပြဋ္ဌာန်းစာအုပ်ပါ “ဝံသာနု စိတ်ဓာတ်” ကဗျာအား သင်ကြားခြင်း မပြုရန်နှင့် ပယ်ဖျက်ရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန(နေပြည်တော်)က မတ်လ ၇ ရက်စွဲ ဖြင့် ညွှန်ကြားချက် တစောင် ထုတ်ပြန်ခဲ့သည်။
တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများက ခရိုင်/မြို့နယ်/ကျောင်းများသို့ အဆင့်ဆင့် ညွှန်ကြားရန် အကြောင်းကြား သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “သင်ရိုးအသစ် စတော့မှာ။ ရှေ့နှစ်စတော့မှာ မစ ခင် ဒီနှစ်မှာကတည်း က အဲဒါတွေ မသုံးတော့တဲ့အကြောင်း ပြောတာပေါ့။ ပြန်စဉ်းစားလိုက်ရင် လူ့အခွင့်အရေးတို့ No Discrimination တို့ အဲဒါ တွေ ကမ္ဘာကို ငါတို့က လုပ်မယ် ပြောထားတာနဲ့ သိပ်မဆီလျော်ဘူး ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ကာ KG မှ ၁၂ တန်းထိ သင်ရိုးအသစ်များ ပြောင်းလဲရန် ရှိသည် ဟုလည်း ၎င်းက ဆို သည်။
လူမျိုးနှင့် ကိုးကွယ်ရာ ဘာသာကို ခွဲခြားမှု ပြုထားသည်ဆိုသော ယင်းကဗျာကို စတုတ္ထတန်း (Grade-5) စာရိတ္တနှင့် ပြည်သူ့နီတိ ပြဋ္ဌာန်းစာအုပ်(သင်ရိုးဟောင်း) (၂၀၁၅-၂၀၁၆) စာမျက်နှာ ၁၂ တွင် ပုံနှိပ်ဖော်ပြထားကြောင်း ပညာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဦးဝင်းမော်ထွန်းက “ဒါက လူ့အခွင့်အရေးအရပဲ ကြည့်ကြည့် ကုလသမဂ္ဂ ပဋိညာဉ်အရပဲ ကြည့်ကြည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရပဲ ကြည့်ကြည့် ဘာမှ ခွဲခြားမှု ပြုလို့မရဘူး။ မျိုးဖျက်တာတို့ ရောနှော တာတို့ တို့မလိုလားတို့ စသဖြင့် ရန်လိုတဲ့ သ ဘောလေးတွေ တွေ့ရတာပေါ့” ဟု ပြောသည်။
အဆိုပါ ကဗျာနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ပေးရန် အရပ်ဘက် အဖွဲ့အစည်း ၁၆၀ ကျော်က ပညာရေး ဝန်ကြီးဌာန အပါအဝင် နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ၂၀၁၈ ဒီဇင်ဘာ ၂၆ ရက်တွင် အိတ်ဖွင့်ပေးစာ ပို့ခဲ့သည်။
ယင်းစာနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီး ဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးဆောင်သည့် တာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့မှ ကိုယ်စားလှယ်များ ၂၀၁၉ ဖေဖော်ဝါရီ ၂၀ ရက်တွင် နေပြည် တော်ရှိ ပညာရေး ဝန်ကြီးဌာနတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။
အရပ်ဘက် အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာတွင် “ဝံသာနုစိတ်ဓာတ်” ကဗျာပါ “သွေးနှောခြင်းကို ငါတို့မုန်း၊ လူမျိုး အ ညွန့်တုန်း” ဟူသည့် စကားရပ်သည် နုနယ်သည့် ကလေးငယ်များကို ခွဲခြား ဆက်ဆံတတ်သော၊ မတူကွဲပြားမှုကို မုန်းတီး ရေးအဖြစ် ရှုမြင်တတ်သော အမုန်းစိတ်ဓာတ်ကို သွတ်သွင်းပေးနေသကဲ့သို့ ဖြစ်နေခြင်းကို ထောက်ပြထားသည်။
ပညာရေးဝန်ကြီးဌာနမှ အရေးတယူ ဖြုတ်ပေးသည့်အတွက် ပညာရေးဝန်ကြီးဌာနအပါအဝင် နိုင်ငံ တော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ကို ကျေးဇူးတင်ကြောင်း၊ ကဗျာကို အမှန်တကယ် ဖြုတ်မဖြုတ်ကိုလည်း စောင့်ကြည့်သွားမည်ဖြစ် ကြောင်း၊ ကလေးများ၏ စိတ်ထဲတွင် ခွဲခြားဆက် ဆံခြင်း ခံရသည့် စကားလုံးမျိုး လုံးဝ မထည့်သင့်ကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ပါဝင်သူ အင်ကြင်းမေ ဟိန္ဒူအမျိုးသမီး ကွန်ရက်မှ ဒေါ်ကတ်သလင်းသိန်းက ဧရာဝတီကို ပြောသည်။
“သွေးနှောတို့ လူမျိုးပျောက် ဆိုတာတို့ အဲဒါက အရမ်းအရေးကြီးတယ်။ မြန်မာနိုင်ငံသားတွေလေ။ ဗုဒ္ဓဘာသာက လွဲလို့ ကျန်တဲ့ ၃ ဘာသာစလုံးက သွေးနှော ပြဿနာ မှတ်ပုံတင်တွေမှာ ရှိနေတယ်။ ခွဲခြား ဆက်ဆံခံနေရတယ်။ ဟိန္ဒူ တွေဆို တာ မြန်မာပြည်မှာ အားလုံးနဲ့ သဟဇာတဖြစ်အောင် နေ တယ်။ အားလုံးနဲ့လည်း အဆင်ပြေတယ်။ ဘာမှလည်း အခက် အခဲ မရှိဘူး။ ဒါပေမယ့် မှတ်ပုံ တင်ကျ မှ လာပြီး သွေးနှောဆိုတာ ရေးခံရတဲ့အခါ ဒီစကားလုံးကြောင့် ဘွဲ့မရတဲ့ သူတွေ၊ ကျောင်းမတက်ရတဲ့ သူတွေ၊ ဘွဲ့ရပြီး အလုပ်မရ၊ အလုပ်မရလို့ နိုင်ငံခြား ထွက်မယ်ဆိုတော့ ပတ်စ်ပို့မရ တဲ့ ပြဿနာရှိ တယ်။ ခွဲခြားဆက်ဆံခြင်းခံရတဲ့ စကားလုံးတွေ မှန်သမျှ ထုတ်သင့်တယ်။ ဖယ်သင့်တယ်” ဟု ၎င်းက ဆိုသည်။
ယင်း ကဗျာပါ သင်ရိုးညွှန်းတမ်းသည် ဆရာကိုင်သာ ဖြစ်ပြီး ကျောင်းသားများအတွက် ထုတ်ဝေထား ခြင်း မရှိကြောင်း၊ ၂၀၁၂ ခုနှစ်လောက်တွင် စတင် သင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား မိဘများထံမှ စုံစမ်း သိရှိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – မူလတန်း သင်ရိုးတွင် လူမျိုး၊ ဘာသာ ခွဲခြားမှု ပါဝင်နေကြောင်း အရပ်ဘက် အဖွဲ့များ ပြော