တပ်မတော်မှ နုတ်ထွက်ခွင့်ရှိသော ကလေး စစ်သားများကို တဦးလျှင် ကျပ် ၁၀ သိန်း အထိ တိုးမြှင့် ထောက်ပံ့ပေးနိုင်ရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်)က သိရသည်။
အဆိုပါ ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က “တပ်မတော်မှ နုတ်ထွက်ခွင့် ရှိသော အရွယ် မရောက်သေးသူ ကလေးသူငယ်များအား ပြန်လည် ထူထောင်ရေး အထောက်အပံ့ အဖြစ် တဦးကို ၅ သိန်းနှုန်း ထောက်ပံ့ ပေးရာက ကျပ် ၁၀ သိန်းနှုန်း အထိ တိုးမြှင့် ထောက်ပံ့ပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောသည်။
နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် မေလ ၁၃ ရက်က ပြုလုပ်သည့် နိုင်ငံတော် အစိုးရ၏ ပြည်သူ့ အတွက် တတိယ ၁ နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
လက်ရှိတွင် တပ်မတော်မှ နုတ်ထွက်ခွင့် ရှိသည့် ကလေးသူငယ် ၇၅ ဦး အတွက် တဦးလျှင် ကျပ်ငွေ ၅ သိန်းနှုန်းဖြင့် စုစု ပေါင်း ကျပ် ၃၇ ဒသမ ၅ သန်းအား ထောက်ပံ့ပေးနိုင်ခဲ့သည် ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာန က သိရသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ထိုသို့ ငွေကြေးတိုးမြှင့် ထောက်ပံ့မှုများကို လက်ရှိတွင် စတင်နေပြီ ဖြစ်ကြောင်းနှင့် ကလေး စစ်သားများ အလုပ်အကိုင် ရရှိရေး အတွက်လည်း ဆောင်ရွက်ပေးနေကြောင်း ဆိုသည်။
၂၀၀၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လ အထိ တပ်မတော်က နုတ်ထွက်ခွင့် ရရှိခဲ့သော အရွယ်မရောက်သေးသည့် ကလေး သူငယ် စုစုပေါင်း ၁၅၇၉ ဦး ရှိကြောင်း လူကယ်ပြန် ဝန်ကြီးဌာနက သိရသည်။
အရွယ်မရောက်သေးသော ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီအား အဖွဲ့ဝင် ၁၂ ဦးနှင့်၂၀၁၆ ခုနှစ် မေလ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ငွေကြေး ထောက်ပံ့ရုံ မက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အတွက်ပါ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ပြည်သူ့ လွှတ်တော် တောင်သူ လယ်သမားရေးရာနှင့် အလုပ်သမား ရေးရာ ကော်မတီ အဖွဲ့ဝင် ဦးစောတင်ဝင်းက ကလေး စစ်သားများနှင့် ပတ်သက်၍ တိုင်ကြားစာ ရောက်ရှိမှု အနေနှင့်လည်း ယခုလပိုင်းများ၌ နည်းလာကြောင်း ပြောဆိုသည်။
၎င်းက ဆက်လက်၍ ယခင်က တလလျှင် တိုင်ကြားစာ အစောင် ၄၀ ခန့် ရှိသော်လည်း ယခုနှစ် ဖေဖော်ဝါရီလမှ စ၍ တလ လျှင် ၁ စောင်၂ စောင်ခန့်သာ ရောက်ရှိလာကြောင်းနှင့် ရောက်ရှိလာသည့် တိုင်ကြားစာများထဲတွင် တပ်ထဲ၌ လုပ်သက် ၁၀ နှစ် ပြည့်နေသည့်သူများ ပါဝင်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးစောတင်ဝင်းက “အရွယ်မရောက်သေးဘဲနဲ့ တပ်ထဲမှာတင်ပဲ လုပ်လာတာ ၁၀ နှစ်ကျော်နေပြီ။ တချို့ကလည်း မသိတာ ပါတယ်။ တချို့ကလည်း ရှေ့တန်း ရောက်နေတယ်။ သူတို့ ဘယ်လို ထွက်ရမလဲ ဆိုတာ လုံးဝ နားမလည်တဲ့ သူတွေရှိ တယ်” ဟု ပြောသည်။
အဆိုပါ ကော်မတီ အနေဖြင့် တိုင်ကြားသူများ အမှန်တကယ် အသက် ပြည့်မပြည့်ကို မွေးစာရင်း၊ အိမ်ထောင်စု စာရင်း၊ ကျောင်း ထွက် လက်မှတ်များနှင့် တိုက်ဆိုင် စစ်ဆေး၍ ထိုသူများ၏ စာရင်းကို ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ပြန်လည် ပေးပို့ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာစာ အမှတ် (၉/၂၀၁၉)တွင်လည်း လက်နက်ကိုင် ပဋိပက္ခ အတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည် ဟု ဖော်ပြထားသည်။
ကလေးစစ်သား စုဆောင်းခဲ့သည့် အရာရှိများ အပါအဝင် အခြားအဆင့်ရှိသူ ၈၀၀ ကျော်ကို ၁၀ နှစ်ကျော် အတွင်း တပ် မတော်က အရေးယူခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း က ဇန်နဝါရီ ၁၇ ရက်က နေပြည် တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်သော အမျိုးသား အဆင့် အဓမ္မ ခိုင်းစေမှု ပပျောက်ရေး တိုင်ကြားမှု ယန္တရား (National Complaints Mechanism) တည်ထောင်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်လာစဉ် ပြောကြားခဲ့သည်။
ထိုကဲ့သို့ အရေးယူမှုများ ပြုလုပ်ရာတွင် အရပ်ဘက် အကျဉ်းထောင်ချခြင်း၊ စစ်ဘက် အကျဉ်းထောင်ချခြင်း၊ စစ်ဘက် အချုပ်ချခြင်းနှင့် ရာထူးလျှော့ခြင်းများ အပါအဝင် အရေးယူမှုများ ပြုလုပ်ခဲ့သည်ဟု ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း က ဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – ကလေးစစ်သား စုဆောင်းသည့် အရာရှိ နှင့် အခြားအဆင့် ၈၀၀ ကျော် အရေးယူဟု ဆို