သဘာဝဘေး အန္တရာယ် ဖြစ်ပွားပါက စိုးရိမ်ရသည့် ဆည်တချို့ ရှိနေ၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင် ပြင်ဆင်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန(လူကယ်ပြန်) ၏ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။
ဒေါက်တာ ဝင်းမြတ်အေး က က “ဆွာချောင်း တမံ ကျိုးပေါက်တဲ့ ကိစ္စ နောက်ပိုင်းမှာ ပိုပြီး သတိထားပြီးတော့ ဆည်တမံတွေရဲ့ ကြံ့ခိုင်မှု အကုန်လုံးကို အနုစိတ် လိုက်စစ်တဲ့ အခါ အနေအထားတွေ သိလာရတယ်။ အန္တရာယ်ရှိတဲ့ အခြေနေတွေလည်း တွေ့ရတာလည်း ရှိတယ်” ဟု ပြောသည်။
မေ ၁၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် အစိုးရ၏ တတိယ ၁ နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ် သက်ပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းသည့် ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ ဝင်းမြတ်အေးက “အဓိကကတော့ (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန) ဝန်ကြီးနဲ့ ကျနော် တို့နဲ့ ဆွေးနွေးတဲ့အခါမှာ သိရတာကတော့ ငလျင် ပြင်းထန်စွာ လှုပ်ရင် ပေါက်နိုင်တဲ့ အခြေအနေရှိသော ဆည်များကို ကျနော်တို့ ရွေးထုတ်ထားတာ ရှိတယ်။ ပေါက်ရင် ဘယ်လို ကြိုတင် ကာကွယ်မလဲ ဆိုတာ လုပ်ဖို့က ကျနော်တို့ရဲ့တာဝန်။ အခု တောင်နဝင်းဆည် ဆိုရင် နမူနာပေါ့” ဟု ပြောသည်။
အန္တရာယ် ရှိနိုင်သော ဆည်များကို စာရင်းပြုစုထားသည် ဆိုသော်လည်း အရေအတွက် မည်မျှ ရှိသည်နှင့် မည်သည့် ဆည်များ ဖြစ်သည်ကိုမူ ပြည်ထောင်စု ဝန်ကြီးက အသေးစိတ် ပြောကြားခြင်း မရှိပေ။
ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်း ဆည်သည် ယခုနှစ် ဇန်နဝါရီလက ငလျင် လှုပ်ခတ်၍ အက်ကွဲ ကြောင်းများ ဖြစ်ပေါ်ခြင်း၊ တမံမျက်နှာပြင် နိမ့်ကျခြင်းများ ဖြစ်ပေါ်ခဲ့သည့် အတွက် ဒေသခံများ ထိတ်လန့်ကာ နေအိမ်များ အား စွန့်ခွာ၍ ကုန်းမြင့်ရာ နေရာများသို့ ပြောင်းရွေ့နေထိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ဆည်အား ဆည်မြောင်း ဦးစီးဌာနက အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ရ သကဲ့သို့ လူကယ်ပြန် ဝန်ကြီးဌာနက လို အပ်သော အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လျှင် တုံ့ပြန်နိုင်ရန် သင်တန်းများ ပေးခြင်း စသည့် ကြိုတင် ပြင်ဆင်မှုများ ပြု လုပ်ခဲ့ရသည်။
အဆိုပါ ဝန်ကြီးဌာန ၂ ခုမှ တာဝန်ရှိသူများက ဆည်မြောင်း တာတမံများနှင့် ပတ်သက်ပြီး ကြံ့ခိုင်မှု အနေအထား၊ ရေဝင် ပမာဏ၊ ဂရုစိုက် စောင့်ကြည့်ရမည့် ဆည် စသဖြင့် ဌာန၂ ခု ကြား ကြိုတင် သတင်း အချက်အလက်များ ဖလှယ်သည့် အစည်းအဝေး တခုကို ဧပြီလ အတွင်း ပြုလုပ်ခဲ့သည်ဟု စိုက် မွေး ဆည် ဝန်ကြီး ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယ အမြဲ တမ်း အတွင်းဝန် ဒေါက်တာ ရဲတင့်ထွန်းက ဧရာဝတီသို့ ပြောသည်။
ဆည်မြောင်း တာတမံများကို သဘာဝဘေးဒဏ် ခံနိုင်ရည် ရှိရန် ကြိုတင် တွက်ဆ တည်ဆောက်ထား သကဲ့သို့ ဆည် မြောင်း တာတမံများ၏ ကြံ့ခိုင်မှုကို စစ်ဆေးမှုများ ပုံမှန် ပြုလုပ်နေကြောင်းနှင့် မိုးတွင်း ကာလတွင် ရေဝင်များသည့် ဆည် များကို ဂရုစိုက် စောင့်ကြည့်ရမည် ဖြစ်သော်လည်း စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း ၎င်းက ဆိုသည်။
ဆည်မြောင်း ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်ကလည်း “ကျနော်တို့နဲ့ လူကယ်ပြန် အစည်းဝေးမှာတော့ စိုး ရိမ်စရာမျိုး တင်ပြခဲ့တာ မရှိပါဘူး။ ရေပိုလွှဲကနေ ရေကျော်မှုများသော တမံများ စာရင်းပဲ ပေးတာပါ။ ရခိုင်ရိုးမဘက်မှ မိုး ရွာတာများ၊ ရေကျော်တာ များသော ဆည်များပေါ့။ တမံ ၁၄ ခု ပေးပါတယ်။ ၁၄ ခုသည် စိုးရိမ်ရတယ် ပြောတာ မဟုတ်ပါ ဘူး” ဟု ရှင်းပြသည်။
၎င်းက ဆက်လက်၍ ဦးဘိုဘိုကျော်က “မိုးရာသီကတော့ ဂျုတီတွေလည်း ချထားမှာပါ။ အရေးကြီးတာက သဘာဝ ဘေး အန္တရာယ်ပဲ။ ဒါတွေကိုတော့ ပိုအလေးထားရမှာပေါ့။ ငလျင် ပြင်းပြင်းထန်ထန် လှုပ်တာမျိုးတွေ၊ ရာသီဥတု ပြောင်းလဲပြီး တနေရာထဲ ကွက်ပြီး မိုးအရမ်း ရွာတာမျိုးတွေကို ပိုမို အလေးထား စီမံတာ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လူကယ်ပြန် ဝန်ကြီး ဌာနသည် သဘာဝဘေးများ ကြုံရလျှင် ပြည်သူများအား ကယ်တင်ရသည့် ဌာန ဖြစ်၍ မည်သည့် ဆည်တမံ မဆို အန္တရာယ် ရှိလာနိုင်သည်ဟု ကြိုတင် တွက်ဆကာ ပြင်ဆင်ထားသည်ဟု နားလည်ကြောင်းနှင့် ဆည် မြောင်း တမံများ ပြုပြင်ထိန်းသိမ်း စရိတ် အဖြစ် နှစ်စဉ် ဘီလီယံ ၇၀ ခန့် ခွင့်ပြုပေးနေရာ မှန်မှန်ကန်ကန် ထိထိ ရောက် ရောက် အသုံးပြုပါက စိုးရိမ်စရာ မရှိနိုင်ကြောင်း ဆိပ်ကြီး ခနောင်တိုမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင် ထွန်းနိုင်က ပြောဆိုသည်။
၂၀၁၈ခုနှစ် သြဂုတ်လက ပဲခူးတိုင်း ဒေသကြီး တောင်ငူ ခရိုင် ရေတာရှည် မြို့နယ်ရှိ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ နံရံ ပြိုကျမှုကြောင့် အိမ်ခြေ ၁ သောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ သောင်းချီ ရေဘေးသင့် ခဲ့ရသည်။
အဆိုပါ ရေပိုလွှဲနံရံ ကျိုးပေါက်ခြင်း မဖြစ်မီ ၁ ရက်က အစိုးရပိုင် သတင်းစာတွင် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး တမံကြံ့ခိုင်မှု စိုးရိမ်စရာ မရှိဟု သတင်း ဖော်ပြခဲ့ခြင်းများ ရှိခဲ့သည်။
ထို့အပြင် ကျိုးပေါက်မှု ဖြစ်စဉ်ကို တာဝန်ရှိသူများက ဒေသခံ ပြည်သူများကို ကြိုတင် သတိပေးမှုများ ပြုလုပ်ခြင်း မရှိခဲ့ ကြောင်းလည်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်တွင် ဆည်တမံ အရေအတွက် စုစုပေါင်း ၂၃၅ ခု ရှိ ကာ ရေလှောင် ပမာဏ အများဆုံး ဖြစ်သော၂၈ သိန်း ၈ သောင်း ဧကပေ သိုလှောင်နိုင်သည့် သဖန်း ဆိပ်ဆည်နှင့်၊ ဧကပေ ၇ သောင်း သိုလှောင်နိုင်သည့် မမြဆည်တို့ အကြား ရဲနွယ်၊ ခပေါင်း၊ ကင်းတား၊ မုန်းချောင်း၊ ပေါင်းလောင်း စသည်ဖြင့် ဆည် ကြီး စာရင်းဝင်သည့် ဆည်အရေ အတွက် ၄၀ ခန့် ရှိကြောင်း သိရသည်။
You May Also Like These Stories:
မြစ်ဆုံဆည်ကို မြစ်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူ ထောင်နှင့်ချီ ဆန္ဒပြကန့်ကွက်
မီးဘာကြောင့် မလာလဲဆိုတဲ့ အကြောင်းအရင်းရှိတယ်
တရုတ်သံအမတ် ဟုန်လျံကို မြစ်ဆုံနှင့် တွဲလျက် အမှတ်ရနေကြမည်