တွံတေးမြို့နယ်နေ အိမ်အကူမကရင်မ အသတ်ခံရသည့် အမှုတွင် မကရင်မအမေ ဒေါ်လှလှဝင်းက ကျေအေးလွှာတင်သွင်းခဲ့သော်လည်း ခရိုင်ရဲတပ်ဖွဲ့မှ ကြေအေးရုတ်သိမ်းရန် မသင့်ဟု သဘောထား မှတ်ချက်ပေးခဲ့ကြောင်း သိရသည်။
“မကရင်မ အမေ ဒေါ်လှလှဝင်းက ခရိုင်ဥပဒေရုံးကို အမှုကျေအေးလွှာ တင်တယ်။ ခရိုင်ဥပဒေရုံးကနေပြီးတော့မှ တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ ခရိုင်ရဲတပ်ဖွဲ့ကို ပေးပို့တယ်။ ပေးပို့တော့ ခရိုင်ရဲတပ်ဖွဲ့ကနေပြီးတော့မှ ကျေအေးတာနဲ့ ပတ်သက်ပြီးတော့ မထောက်ခံဘူးလို့ ကန့်ကွက်စာကို တရားရုံးကို မိတ္တူပြန်ပေးတယ်” ဟု တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြောသည်။
ကျေအေးခွင့်ပြု၊ မပြုကို တရားရုံးမှ အမိန့်ချမည်ဖြစ်ပြီး တရားလိုကိုယ်တိုင် တင်သွင်းခြင်း မဟုတ်သဖြင့် ကျေအေးခွင့် ရနိုင်သည့် အခြေအနေမရှိကြောင်းတရားလိုရှေ့နေက သုံးသပ်သည်။
“ရုတ်သိမ်းခွင့် လျှောက်ထားတာက တရားလိုကိုယ်တိုင်က လျှောက်ထားရမှာ ဒီအမှုမှာက တရားလိုက ဦးအေးသောင်းလေ။ တရားလိုလည်း မဟုတ်ဘူး သေဆုံးသူ မကရင်မ အမေက လျှေက်ထားတာ ဖြစ်တဲ့အတွက် ကျေအေးခွင့် ရမယ်လို့တော့ မထင်ဘူး။ ဥပဒေအရကို ရစရာ အကြောင်းမရှိဘူး” ဟု သူက ပြောသည်။
အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ တရားခံ ဖြစ်သည့် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် ဇန်နဝါရီလ ၂၃ ရက်တွင် စွဲချက် တင်ခဲ့ခြင်း ဖြစ်သည်။
လူသတ်မှု ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ ၁၀ နှစ် အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ထိုကဲ့သို့ ကျေအေးလွှာတင်သွင်းမှုသည် မလုပ်သင့်သည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် သေဆုံးသူမကရင်မ ကိုယ်တိုင်နှုတ်က ပြောကြားချက်များကိုသာ သက်သေထွက်ဆိုပေးခြင်းဖြစ်ကြောင်း ခတ္ထိယကျေးရွာအုပ်စု၊ အုပ္ဖိုလ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုး က သုံးသပ်သည်။
“ဒါက မလုပ်သင့်ဘူးလို့ထင်တယ်။ သူ့သမီးနစ်နာတယ်ထင်ပြီးတော့ လုပ်တဲ့ကိစ္စ မဟုတ်ဘူး။ သူ့သမီးပါးစပ်က ပြောသွားလို့ ဒီဘက်က သက်သေလိုက်ထွက်ပေးတာ။ စမ်းတဝါးဝါးနဲ့ လိုက်ထွက်တာမှ မဟုတ်တာ” ဟု ၎င်း ကဆိုသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် တပ်မတော် အရာရှိ ဇနီး ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်က တွံတေးမြို့နယ် ခတ္ထိယကျေးရွာ အုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
အိမ်အကူ မကရင်မသည် ဝမ်းဗိုက် ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံ့တေးမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန်က သက်သေ ထွက်ဆိုထားသည်။
You May Also Like These Stories:
မကရင်မ အမှု သံသယ တရားခံ ဒေါ်သိင်္ဂီစု အယူခံတင်
အဆိုတော် ဂျီလတ်၏ ညီ နေပြည်တော်၌ ဒဏ်ရာများနှင့် သေဆုံး
မူးယစ်ဆေး တပြားမိရုံနှင့် ထောင်ချခံရမှုများ အဖြေရှာရန် လိုအပ်ဟု ဆို
စရဖ တပ်ဖွဲ့ဝင် သေဆုံးမှု ရခိုင် လူငယ် ၄ ဦးကို လူသတ်မှုဖြင့် တရားစွဲ