ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ Mytel ဆက်သွယ်ရေး ကုမ္ပဏီ ရုံးရှေ့တွင် လုပ်အားခများ ရှင်းမပေးသည့် အတွက်ဟု ဆိုကာ အလုပ်သမား ဆန္ဒပြမှု ယနေ့ ဖြစ်ပွားကြောင်း သတင်း ရရှိသည်။
Mytel ကုမ္ပဏီသည် ဟင်္သာတမြို့တွင် ဆက်သွယ်ရေး ဖိုင်ဘာ ကေဘယ် သွယ်တန်းပေးရန် ဆန်းမျိုးအောင် ကုမ္ပဏီ ကို ကန်ထရိုက်ပေးခဲ့ပြီး ကုမ္ပဏီက အလုပ်သမားများ ငှားရမ်းကာ ၂၀၁၈ ခုနှစ် ဖော်ဖော်ဝါရီလမှ ဧပြီလ အထိ လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ခဲ့သော်လည်း ယနေ့အချိန်အထိ လုပ်အားခများ ရှင်းမပေးသည့် အတွက် ကုမ္ပဏီမှ အလုပ်သမား များက Mytel ဆက်သွယ်ရေး ကုမ္ပဏီကို မေလ ၃၀ ရက်တွင် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ဦးအောင်တေဇာထွန်းက“ဆန္ဒ ဖော်ထုတ်ရတဲ့ အဓိက ရည်မှန်းချက်က အလုပ်သမား တွေ လုပ်အားခ ရရှိဖို့ အတွက် ဖြစ်ပါတယ်။ လုပ်ငန်း ပြီးဆုံးတာ ၁ နှစ် ရှိသွားပါပြီ။ ဒီကနေ့ အချိန်အထိ ၁ ကျပ်မှ မရသေး ဘူး။ လုပ်အားခတွေ ရှင်းပေးဖို့ ပုသိမ်နဲ့ ရန်ကုန် Mytel ရုံးမှာ တောင်းတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကနေ တဆင့် တောင်းတယ်။ တောင်းတာ အကြိမ် ၂၀ ရှိပြီ။ ရှင်းပေးမယ် ပြောပြီး မရှင်းပေးဘူး။ ဒါကြောင့် ဆန္ဒ ဖော်ထုတ်တာပါ”ဟု ဧရာဝတီ ကို ပြောသည်။
Mytel ကုမ္ပဏီ အတွက် ဆက်သွယ်ရေး ဖိုင်ဘာ ကေဘယ် သွယ်တန်းပေးခဲ့ပြီး လုပ်အားခ မရသည့် အလုပ်သမား၂၀ ကျော် ရှိပြီး Mytel ကုမ္ပဏီဘက်မှ လုပ်အားခ ပေးချေရမည့်ငွေမှာ ကျပ်သိန်း ၄၀၀ နီးပါးရှိကြောင်းလည်း ကန်ထရိုက်ယူ လုပ်ကိုင် ခဲ့ သည့် ဆန်းမျိုးအောင် ကုမ္ပဏီထံမှ သိရသည်။
ဆန်းမျိုးအောင် ကုမ္ပဏီ ဒါရိုက်တာ ဦးရဲထွဋ်လင်း က“ဆက်သွယ်ရေး ဖိုင်ဘာ ကေဘယ် သွယ်တန်းပေးဖို့ ကျနော်တို့မှာ ကျွမ်းကျင်တဲ့ အလုပ်သမားမရှိတော့ ငှားလုပ်ရပါတယ်။ လုပ်အားခ ပေးမယ် ပြောပြီး ရှင်းမပေးဘူး။ ကျနော့် အလုပ်သမား ခေါင်းဆောင်ကလည်း သက်ဆိုင်ရာကို မေးတော့ အခု သြင်္ကန်ပြီးရင် ၄၀ ရာခိုင်နှုန်း ထုတ်ပေးမယ်ပေါ့။ Mytel ကုမ္ပဏီက နေ ငွေချပေးတာနဲ့ ကျနော်တို့က ကုမ္မဏီရဲ့လုပ်သားတွေကို ၇၂ နာရီ အတွင်း လုပ်အားခပေးမယ်လို့ စာချုပ် ချုပ်ဆိုထားတာ အခု Mytel က ငွေချမပေးလို့ ကျနော်တို့ အလုပ်သမားတွေကို လုပ်အားခ ရှင်းပေးဖို့ အခက်အခဲတွေ အများကြီး ကြုံနေ ရတယ်”ဟု ပြောသည်။
လုပ်သားများ ဆန္ဒဖော်ထုတ်ခဲ့သည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ ကုန်စည်ဒိုင်ဝန်း အတွင်းရှိ Mytel ကုမ္ပဏီရုံးမှ တာဝန်ရှိ သူ များကို မေးမြန်းခဲ့ရာ မှတ်ချက် မပေးလိုကြောင်း ပြောဆိုကာ ဖြေကြားရန် ငြင်းဆန်ခဲ့ကြသည်။
Mytel ကုမ္ပဏီ အနေဖြင့် ယခု ရက်ပိုင်းအတွင်း လုပ်အားခများ ရှင်းမပေးပါက နေပြည်တော်ရှိ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ တိုင်ကြားသွားမည်ဟု အလုပ်သမားများက ပြောသည်။
မြန်မာနိုင်ငံတွင် MPT ၊ တယ်လီနောနှင့် အော်ရီဒူး စသည့် ဆက်သွယ်ရေး အော်ပရေတာများ ပေါ်ပေါက်ပြီးနောက် Mytel မှာ စတုတ္ထမြောက် ပေါ်ထွက်လာခဲ့သည့် အော်ပရေတာ ဖြစ်ပြီး ဗီယက်နမ် နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာနပိုင် ကုမ္ပဏီ ဖြစ်သည့် ဗီယက်တယ် – Viettel Group၊ မြန်မာကုမ္ပဏီ ၁၁ ခု အကျိုးတူ ပူးပေါင်းထားသည့် Myanmar National Telecom Holdings အများပိုင်ကုမ္ပဏီအုပ်စုနှင့် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင် The Star High Public Company တို့ ပိုင်ဆိုင်ကြောင်း Mytel ကုမ္ပဏီ တာဝန်ရှိသူများ၏ သတင်း မီဒီယာများတွင် ထုတ်ဖော် ပြောဆိုချက်များအရ သိရသည်။
အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံသွားရန် လုပ်ဆောင်နေသည့် Mytel ဆက်သွယ်ရေး အော် ပရေတာ ဖွင့်ပွဲကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဖော်ဖော်ဝါရီလ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး ဖွင့်ပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
လက်ရှိတွင် Mytel ကုမ္ပဏီအနေဖြင့် မြန်မာ နိုင်ငံ၏ 2G ကွန်ရက်တွင် ၉၃ ရာခိုင်နှုန်း ဖြန့်ကျက်ထားပြီး 4G ကွန်ရက်တွင် တနိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်း ဖြန့်ကျက်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရ သည်။
You may also like these stories:
Mytel သုံးစွဲသူ နှစ်ဆတိုးရန် ဗီယက်တဲလ် မျှော်မှန်းဟု ဆို
အမုန်းစကား မပြန့်ပွားရေး ဆင်းကတ် သုံးစွဲမှု ကန့်သတ်ဟု ပို့/ဆက် ဝန်ကြီး ပြော
Wave Money စနစ်ဖြင့် ပင်စင်လစာ ထုတ်နိုင်ပြီ