ကုန်စည်နှင့် ဝန်ဆောင်မှု တခုခု ရောင်းဝယ်ရာတွင် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများအရ ပြေစာအပေါ်၌ သတ်မှတ် ထားသော အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ရန် ပျက်ကွက်က အမြင့်ဆုံး ဒဏ်ကြေး ကျပ်သိန်း ၂၀ အထိ တိုးမြှင့် ဒဏ်ရိုက် မည်ဟု သိရသည်။
ယခင်က အခွန်တံဆိပ်ခေါင်းကပ်ရန် ပျက်ကွက်သော လုပ်ငန်းများကို ကျပ်သိန်း ၂ သိန်း၊ ၅ သိန်း၊ ၇ သိန်း နှင့် ၁၀ သိန်း သာ ဒဏ်ကြေးအဖြစ် သတ်မှတ်ထားသော်လည်း ပြီးခဲ့သည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်သော ၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ကြမ်းအရ လုပ်ငန်းများက ပြေစာ၌ အခွန်တံဆိပ်ခေါင်းကပ်ရန် ပျက်ကွက်က ပထမ အကြိမ် ကျပ် ၅ သိန်း၊ ဒုတိယအကြိမ် ကျပ် ၁၀ သိန်း၊ တတိယအကြိမ် ကျပ် ၁၅ သိန်း နှင့် တတိယအကြိမ်နှင့် အထက်ကို ကျပ် ၂၀ သိန်း အထိ ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
ယင်းအပြင် ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထား တန်ဖိုးအပေါ် ထပ်မံပေး ဆောင်ရမည့် အခွန်၏ ၁၀၀ ရာခိုင်နှုန်းကိုလည်း ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း လည်း ဆိုသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “တံဆိပ်ခေါင်းကပ်တဲ့ စနစ်ကို လိုက်နာဆောင်ရွက် မှုတွေ များလာတယ်ဆိုပင်မယ့် မလိုက်နာသေးတဲ့ လုပ်ငန်းတွေလဲ ရှိနေသေးတာ ကြောင့် ဒီထက်ပိုပြီး လိုက်နာ ဆောင် ရွက်လာစေလို့ တိုးမြှင့်လိုက်တာပါ” ဟု ဧရာဝတီ သို့ ပြော သည်။
ပြည်တွင်း အခွန်များဦးစီးဌာန အနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကို အခွန်တံဆိပ်ခေါင်းကပ်ပြီး ကောက်ခံသည့် စနစ်ကို စားသောက်ဆိုင်များ၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်များ၊ ရုပ်သံ ဝန်ဆောင် မှုများလုပ်ငန်း၊ ဖုန်းဟန်းဆက်နှင့် ဆက်စပ် ပစ္စည်းများ ရောင်းချမှုများ အပါအဝင် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ရောင်းချမှုများအပေါ်တွင် ကောက်ခံလျက် ရှိသည်။
ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်လုပ်ငန်းရှင် ဦးကျော်မြတ်မိုးက “ အချိန်တခုရောက်သွားရင်တော့ အားလုံး လိုက်နာ ဆောင်ရွက်ကြတဲ့အဆင့်ရောက်သွားမှာပါ။ လုပ်ငန်းရှင်တွေဘက်ကလည်း ဒီလိုကိစ္စက အရေးကြီးတယ်ဆိုတာကို ဝန်ထမ်းတွေကို လေ့ကျင့်ပျိုးထောင်တဲ့ အပိုင်းတွေလည်း များများလုပ်ဖို့ လိုတယ်” ဟု ဆိုသည်။
ဆက်စပ်ဖတ်ရှု့ရန် – လူထုကလည်း အခွန်ဆောင်ပါ၊ အခွန်ကလည်း လူထုအကျိုးဆောင်ပါ