နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ- ကပ္ပလန် (NSCN-K) မှ အဖွဲ့မှ မတရားအသင်း အဖွဲ့ ပုဒ်မ ၁၇(၁) ဖြင့် ခေါင်းဆောင် ဟောင်း ၅ ဦးကို ခန္တီးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်သည်။
အဆိုပါ NSCN-K အဖွဲ့၏ ခေါင်းဆောင်ဟောင်းများမှာ သာသနာရေး ဝန်ကြီးဟောင်း ဦးကျော်ဝမ်းစိန်၊ သစ်တောရေးရာ ဝန် ကြီးဟောင်း ဦးအန့်ကန်၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးအောင်မိုင်း၊ NSCN-K အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အောင်စိုင်းနှင့် ဦးစော ထိန်တို့ ဖြစ်ကြသည်။
NSCN-K ခေါင်းဆောင်ဟောင်း ၅ ဦးကို၂၅ ကြိမ်မြောက် ရုံးထုတ်ပြီးနောက် ယခုလို အမိန့်ချမှတ်ခြင်း ဖြစ်ပြီး ၎င်းတို့နှင့် အတူ တရားစွဲခံထားရသည့် NSCN-K တပ်ဖွဲ့ဝင် ၆ ဦးကိုလည်း မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ အသီးသီး ချမှတ်လိုက်သည်။
ယင်းတပ်ဖွဲ့ဝင် ၆ ဦးမှာ ဗိုလ်မှူး ကျွားရန်၊ ဒုဗိုလ် စိုင်းအောင်၊ အရာခံဗိုလ် ဝမ်းလတ်၊ တပ်ကြပ် ထွန်းမြင့်၊ တပ်ကြပ် စိုင်းဝမ်၊ တပ်သား လန်ကော် တို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ထောင်ဒဏ် ချမှတ်လိုက်ရသည့် အဓိက အကြောင်းအရင်းမှာ အိန္ဒိယအစိုးရကို လက်နက် ကိုင် တိုက်ခိုက်နေ သည့် ကသည်းနှင့် အာသံ သူပုန်များကို စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်းယွန်းမြို့နယ် တကား ကျေးရွာရှိ NSCN-K ၏ ထိန်းချုပ်နယ်မြေထဲတွင် ခိုအောင်းခွင့် ပေးထားခြင်းနှင့် စစ်သင်တန်းများပေးခြင်းတို့ ကြောင့် ဖြစ်ကြောင်း ယနေ့ တရားခွင်သို့ ရောက်ရှိခဲ့သည့် နာဂ အမျိုးသား ပါတီမှ နာယက ဖြစ်သူ ဦးဝဏ္ဏက ပြောသည်။
ယခုလို ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်းသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေသည့် မလိုလားအပ် သည့် လုပ်ရပ်တခုဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။
ဦးဝဏ္ဏက “အခုက စဉ်းစားစရာတွေ အများကြီး ဖြစ်လာတာပေါ့။ အစည်းအဝေး ခေါ်တုန်းကလည်း သူတို့ပဲခေါ်တယ်။ အစည်းအဝေး လုပ်ပြန်တော့လည်း သူတို့က ဖမ်းပြီး ထောင်ချတယ်။ ဒီလို လုပ်တာ မကောင်းဘူးဗျာ။ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ်(NCA) အတွက် တော်တော် စဉ်းစားစရာ ဖြစ်လာတာပေါ့။ အထူးသဖြင့် NSCN-K အဖွဲ့တွေက ပို စဉ်းစားသွားတာပေါ့” ဟု ပြောဆိုသည်။
NSCN-K သည် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် နာဂ လက်နက်ကိုင် အဖွဲ့တခုဖြစ်ပြီး မြန်မာအစိုးရနှင့်၂၀၁၂ ခုနှစ် ဧပြီ လတွင် တိုင်းဒေသကြီး အဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးထားပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးစာချုပ် (NCA) လက်မှတ် ရေးထိုးရန် ပြည်ထောင်စု အဆင့် အနေဖြင့် ကမ်းလှမ်းခြင်း ခံထားရသည့် အဖွဲ့ ဖြစ်သည်။
၎င်းတို့ အားလုံးကို၂ဝ၁၉ ခုနှစ် မတ်လကတည်းက ဖမ်းဆီးခံထားရခြင်း ဖြစ်ပြီ၊ နိုဝင်ဘာလတွင် NSCN-K အဖွဲ့မှ ထုတ် ပယ်ခြင်း ခံလိုက်ရသူများ ဖြစ်သည်။
ယခုကဲ့သို့ ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်းနှင့် ပတ်သက်၍ မိမိတို့သည် NSCN-K အဖွဲ့မှ ထုတ်ပယ်ခံထားရသူများ ဖြစ် သည့်အတွက် မည်သည့် မှတ်ချက်မှ မပြုလိုကြောင်း၊ အယူခံတက်ရန်လည်း လတ်တလော အစီအစဉ် မရှိကြောင်း ဦး ကျော်ဝမ်းစိန်က တရားခွင်အပြီး မီဒီယာများကို ပြောကြားသွားသည်။
ဦးကျော်ဝမ်းစိန်က “ကျနော်တို့က ငြိမ်းချမ်းရေး အဖွဲ့က ဖြစ်ပါတယ်။ အခုလို ငြိမ်းချမ်းရေး အဖွဲ့ကို ထောင်ချလိုက်တာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာတော့ ပြောလို့ မရသေးဘူး။ ကျနော်တို့က လက်ရှိ ထုတ်ပယ်ခံထားရတဲ့ သူတွေပါ။ ငြိမ်းချမ်းရေးကို ထိခိုက်မယ်၊ မထိခိုက်ဘူး ဆိုတာက လက်ရှိ ကျန်ရှိနေတဲ့ NSCN-K အဖွဲ့နဲ့ အစိုးရတို့ ကြားမှာ ပဲ” ဟု ဆိုသည်။
အနောက်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာသည် NSCN-K က အိန္ဒိယ အစိုးရကို တိုက်ခိုက်နေ သည့် အာသံနှင့် ကသည်း သူပုန်များအား ခိုအောင်းခွင့် ပြုထားသည်ဟု သတင်းရရှိသည့် အတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က နယ်မြေရှင်းလင်းရေး လုပ်ကာ NSCN-K ၏ ဗဟိုဌာနချုပ် တကားစခန်းအား ထိန်းချုပ်ခဲ့သည်။
ထို့နောက် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က NSCN-K အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရဖြင့် တိုင်းဒေ သကြီး အဆင့် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်း၊ အိန္ဒိယသူပုန်များကို ခိုအောင်းခွင့် ပြုထားကြောင်း စသည့် အခြေအနေများကြောင့် တကားစခန်းကို နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရကြောင်းနှင့် လိုအပ်သလို အရေးယူသွား မည် ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခုလို ထောင်ဒဏ် အပြစ်ပေးခံရခြင်းနှင့် ပတ်သက်၍ ခန္တီးမြို့နယ်ရှိ NSCN-K ပြန်ကြားရေးရုံးသို့ ဆက်သွယ် မေးမြန်း ရာတွင် ဖုန်းစက်ပိတ်ထားသဖြင့် မေးမြန်းခွင့် မရရှိခဲ့ပေ။
ဆက်စပ်ဖတ်ရှုရန်
NSCN-K နာဂ အဖွဲ့ ဘယ်လမ်း ရွေးမလဲ
နာဂအဖွဲ့ NSCN-K မှ ခေါင်းဆောင်ပိုင်း၅ဦး ထုတ်ပယ်ခံရ
NSCN –K နာဂအဖွဲ့ အတွင်း ဥက္ကဋ္ဌကို ဖြုတ်ကာ ခေါင်းဆောင်အပြောင်းအလဲလုပ်