ယမန်နေ့ ည ၁၀ ခန့်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရုံးချုပ်ကို ဥပဒေမဲ့ စီးနင်းရှာဖွေသူများကို NLD ပါတီက ရဲစခန်း၌ အမှုဖွင့်ပြီး ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ် ကြောင်း ရုံးတာဝန်ခံ ဦးစိုးဝင်း (ခ) စိုးလေး (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) က ပြောသည်။
NLD ပါတီ အမှုဖွင့်ခြင်းကို ဗဟန်းမြို့မ ရဲစခန်းက ပ/၃၂ ၊၂၀၂၁ ဖြင့် အမှုကို လက်ခံပေးခဲ့ပြီး ယနေ့ ည ၆ နာရီဝန်းကျင် တွင် ပါတီရုံးခန်းကို သော့များ ချိုးဖြတ်ဝင်ရောက်မှုများနှင့် ပစ္စည်းများ ဖျက်ဆီးခံထားရမှု အခြေအနေများကို လာရောက် စစ်ဆေးသွားခဲ့သည်။
ပါတီရုံးချုပ်သို့ ဥပဒေမဲ့ ဝင်ရောက်ခဲ့သူများသည် ပါတီ၏ တံခါးများကို ဖျက်ဆီးခြင်း၊ CCTV များနှင့် ကွန်ပျူတာဆာဗာများ ဖျက်ဆီးခြင်းနှင့် မီးခံသေတ္တာထဲမှာ ဘဏ်စာအုပ်များ၊ ငွေစုစာအုပ်များ အပါအဝင် ငွေစက္ကူများ သိမ်းဆည်းယူသွားကြောင်း ဦးစိုးဝင်းက ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီက ယနေ့ ၇ နာရီဝန်းကျင်၌ ရုံးချုပ်ရှေ့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ မီဒီယာ များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက ဆက်လက်၍ “ဒီလို ဥပဒေမဲ့ လုပ်ရပ်ကို ကျနော်တို့အနေနဲ့ လုံးဝ ရှုတ်ချတယ်။ အခုလို ဝင်ရှာတာကလည်း NLD ကို သက်သက် အပြစ်ရှာတာပဲ” ဟု ပြောဆိုသည်။
ထို့ပြင် ယခုကိစ္စနှင့် ပတ်သက်ပြီး NLD ပါတီ အနေဖြင့် ပါတီ၏ ဗဟို အလုပ်မှုဆောင်အဖွဲ့၏ ညွှန်ကြားချက်များအတိုင်း တည်ဆဲဥပဒေများအရ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
NLD ပါတီရုံးချုပ်ကို ဥပဒေမဲ့ ဝင်ရောက်ရှာဖွေခဲ့မှု ပတ်သက်ပြီး ဗဟန်းမြို့မရဲစခန်းမှူးက လက်ရှိအချိန်တွင် စစ်ဆေးဆဲဖြစ် ပြီး နောက်ပိုင်းမှသာ သတင်းထုတ်ပြန်ကြားပေးမည် ဖြစ်ကြောင်း မီဒီယာများကို ပြောသည်။
၎င်းသည် NLD ပါတီက အမှုဖွင့် တိုင်တန်းခဲ့ခြင်းကြောင့် ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် ပါတီရုံးချုပ်သို့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယမန်နေ့ ညက NLD ပါတီ ရုံးချုပ်သို့ တပ်မတော် စစ်ယူနီဖောင်းနှင့် ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်ထားသူများ အပါအဝင် အရပ်ဝတ်ထားသူ ၁၅ ဦးခန့် ဥပဒေမဲ့ ဝင်ရောက် ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း NLD ပါတီဘက်က ပြောဆိုသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရန် အမေရိကန် အားထုတ်မှု ပယ်ချခံရ
ရွှေဂုံတိုင်က NLD ရုံးချုပ်ကို တပ်က ညဘက် ဝင်စီး