ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် ဝင်ရောက် ခိုလှုံနေကြရသည့် စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရန်အတွက် စစ်ကောင်စီက စာရင်းများ ကောက်ယူနေကြောင်း သိရသည်။
စစ်တွေမြို့ပေါ် ဘုရားများသိမ် စစ်ရှောင်စခန်းတွင် ခိုလူံနေသူ ဦးမောင်အေးကျော်က “နေရပ်ပြန်ဖို့ ကျနော်တို့ကို စာရင်း တောင်းထားတာတော့ ရှိတယ်။ ကျနော်တို့လည်း ပြန်ချင်တယ်။ ဒါပေမယ့် အစိုးရက တာဝန်ခံမှု တာဝန်ယူမှု မရှိဘဲနဲ့တော့ ကျနော်တို့ ပြန်လို့ မရဘူး။ ကျနော်တို့ဒီမှာနေရင် ခြေကောင်း၊ လက်ကောင်း ပြန်သွားလို့ မိုင်းတွေပေါက်ပြီး လက်ပြတ် ခြေပြတ် ဖြစ်မှာ စိုးတယ်။ ပြီးရင် ကျနော်တို့မှာ နေစရာ အိမ်လည်း မရှိတော့ဘူး။ အကုန် ပြာဖြစ်သွာပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ဦးမောင်းအေးကျော်သည် ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကမ်းဘေးအနီး ပြိုင်းတိုင်းကျေးရွာမှ ဖြစ်ပြီး၂၀၂၀ မတ် လအတွင်းက တပ်မတော်နှင့် AA တို့ ဖြစ်ပွားခဲ့သော မီးဝဗျူဟာကုန်းတိုက်ပွဲအတွင်း ရွာမီးလောင်ပြီး မိသားစုနှင့် အတူ ထွက်ပြေးလာခဲ့သူလည်း ဖြစ်သည်။
အလားတူ ဘုရားသိမ် စစ်ရှောင်စခန်းတွင် ခိုလှုံနေသူ ပလက်ဝမြို့နယ် နှမဒါကျေးရွာနေ ဒေါ်စုစုလိုင်းကလည်း ကျေးရွာ အနီးဝန်းကျင်တွင် တပ်စခန်းများ ရှိနေသေးသည့်အပြင် မိုင်းအန္တာရယ်များကိုလည်း ရှိနေသေးသည့်အတွက် နေရပ်ပြန် ချင်သော်လည်း မပြည့်အဝ လုံခြုံမှု အာမခံချက်ပေးနိုင်မှ ပြန်နိုင်မည် ဖြစ်ကြောင်း ပြောသည်။
ဒေါ်စုစုလိုင်က “ဌာနဆိုင်ရာတွေက ဘယ်လို အနေအထားဆို ပြန်နိုင်မလဲဆိုတာ ကျမတို့ကို မေးတယ်။ ကျမတို့က ပြော တယ်။ ရွာမှာ စစ်တပ်တွေ ရှိနေသေးတဲ့အတွက် မပြန်ရဲဘူး။ ရွာမှာ ကျန်ခဲ့တဲ့ အိမ်တွေကိုလည်း ဖျက်လိုဖျက်၊ ဖြိုလိုဖြို၊ အိမ်တွေက နေလို့ မရတော့ဘူး။ သူတို့ (တပ်) ရှိရင် ကျမတို့ ပြန်လို့ မရသေးဘူး။ ပုံမှန်လုပ်ကိုင်စားသောက်လို့ ရတဲ့ အနေ အထားတွေ လုပ်ပေးနိုင်မယ်ဆိုမှ ကျမတို့ ပြန်နိုင်မယ်လို့ ပြောလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ရန် စာရင်းများကို ကောက်ယူခဲ့ရာ လက် ရှိအချိန်တွင် နေရပ်ပြန်လိုသည့် စစ်ရှောင်အရေအတွက် ၁ သိန်းကျော် ကောက်ခံ ရရှိထားကြောင်းလည်း ပြည်နယ် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။
၎င်းက “ကျနော်တို့ ကောက်ယူထားတဲ့ စာရင်းအရ နေရပ်ပြန်ချင်တယ်ဆိုပြီး စာရင်းပေးထားတာ လူဦးရေ ၁ သိန်းကျော် လောက် ရှိပါတယ်။ မြို့နယ် အားလုံးတော့ မဟုတ်ဘူး။ တချို့မြို့နယ်တွေတော့ စာရင်းမပေးသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စစ်ရှောင်များ နေရပ်ပြန်ရန် စာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၁၆ ရက်က စတင် ကောက်ယူခဲ့ခြင်း ဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ၂၃ ရက်အထိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ အမ်း စသည့်မြို့နယ်များအတွင်းရှိ စစ် ရှောင်စခန်းများမှ အိမ်ပြန်လိုကြောင်း စာရင်းပေးထားသူ စစ်ရှောင် ၁ သိန်းကျော်ရှိကာ ကျန်မြို့နယ်များဖြစ်သည့် ရသေ့ တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့်မြို့နယ်များမှာ စစ်ရှောင်များမှာ နေရပ်မပြန်ရဲသေးကြောင်းလည်း သိရသည်။
စစ်ရှောင်များ နေရပ်ပြန်မည့် အရေးနှင့်ပတ်သက်ပြီး စာရင်းများ ကောက်ခံခဲ့ရာ စစ်ရှောင်များအနေဖြင့် အချက် ၃ ချက် တင်ပြထားကြောင်း၊ ကျေးရွာအနီးဝန်းကျင်တွင် မိုင်းရှင်းလင်းပေးရန်၊ ရွာအနီး တပ်စခန်းများ မရှိစေရန်၊ မူလအနေ အထားကဲ့သို့ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နေအိမ်များ တည်ဆောက်ပေးကာ လုံခြုံမှု အာမခံချက် အပြည့်အဝ ပေးရန် စသည့်ဖြင့် တင်ပြထားပြီး ထိုအချက်များရရှိမှသာ နေရပ်ပြန်နိုင်မည် ဖြစ်ကြောင်း စစ်ရှောင်ပြည်သူများက ဆို သည်။
မြောက်ဦးမြို့နယ် တိမ်ညို စစ်ရှောင်စခန်း တာဝန်ခံ ကိုစိုးနိုင်က “ကျနော်တို့ စခန်းကိုတော့ စာရင်းလာကောက်တာ မရှိ သေးဘူး။ ရွာသားတွေကလည်း ပြန်ချင်တယ်။ ဒါပေမယ့် မပြန်ရဲကြဘူး။ အခု အခြေအနေက ရွာအနီးမှာရှိတဲ့ တပ်စခန်း တွေလည်း မဆုတ်ကြသေးဘူး။ ငြိမ်းချမ်းရေးလည်း အပြည့်အဝ မရှိကြသေးဘူး။ ဒီလို အခြေအနေမှာ ပြည်သူတွေက အိမ်ပြန်သွားရင် နောက်တကြိမ် တိုက်ပွဲထပ်ဖြစ်လို့ ထပ်ပြေးကြမယ်ဆိုတာ မလွယ်ကူဘူး။ အဲဒါကြောင့် အိမ်ပြန်ဖို့ မဝံ့မရဲ ဖြစ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ရန်ကုန်- စစ်တွေ ကားလမ်းမ တလျှောက်နှင့် လူသွားလူလာများသည့် နေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိ အချိန်တွင်လည်း နေရပ်ပြန်ရန် စာရင်းပေးထား သည့် ကျေးရွာများ၏အနီး ဝန်းကျင်တွင် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို စတင် လုပ်ဆောက်လျက် ရှိကြောင်း ဗိုလ်မှူး ကြီး မင်းသန်းက ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့သည်၂၀၁၈ ခုနှစ်ကုန်ပိုင်းကနေ ၂ နှစ်ကျော်ကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ပြီး စစ်ရှောင်၂ သိန်းကျော်အထိ မြင့်တက်ခဲ့ရာ၂၀၂၀ နိုဝင်ဘာလကတည်းက နှစ်ဖက် တိုက်ပွဲများ ရပ်စဲသွားခဲ့သည့် အတွက် စစ်ရှောင်ပြည်သူတချို့ နေရပ်ပြန်သွားသဖြင့် လက်ရှိအချိန်တွင် စစ်ရှောင် ၁၅၀၀၀၀ ဝန်းကျင်ခန့် ကျန်ရှိနေသေး ကြောင်းလည်း ရခိုင် အရပ်ဘက်လူမှု အဖွဲ့အစည်းများထံက သိရသည်။
You may also like these stories:
ရခိုင်တွင် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရေး ကြိုတင်ဆောင်ရွက်ရန် ညွှန်ကြား
မန္တလေးပစ်ခတ်မှုတွင် ရိုဟင်ဂျာ နှိမ်နင်းသော တပ်များ ပါဝင်ဟု UN ပြော