ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်နေသည့် ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီခါးတိုက်နယ်ဆေးရုံတွင် ယနေ့ ၁ ရက်တည်း ကိုဗစ်လူနာ ၃ ဦး ထပ်မံသေဆုံးကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သေဆုံးသူများမှာ အသက် ၆၂ နှစ်ရှိ အမျိုးသားတဦး၊ ၅၄ နှစ် အမျိုးသမီးတဦးနှင့် နေ့လည်ပိုင်းတွင် အသက် ၇၀ အရွယ် ရှိ အမျိုးသားတဦးတို့ ကုသမှု ခံယူနေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
ကျီးခါးမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ထန်ရှင်းခိုင် က “အမျိုးသားကတော့ မနက် ၇ နာရီမှာ ဆုံးတယ်။ အမျိုးသမီး ကတော့ ၉နာရီ ၆မိနစ်မှာ ဆုံးတယ်။ ညကတည်းက အခြေအနေတော့ တော်တော်ဆိုးနေပြီပေါ့။ အဲဒီ ၂ယောက်က ရောဂါ အခံတွေတော့ မရှိပါဘူး။ အဆုတ်တအားယောင်ပြီးတော့ အသက်မရှူနိုင်တော့ဘဲနဲ့ အသက်ရှူရပ်ပြီးတော့ ဖြစ်သွားတာ ပါ။ နေ့လည်မှာဆုံးတဲ့သူက နာတာရှည် အဆုတ်ယောင်ရောဂါလည်း ရှိတယ်။ သွေးတိုးလည်းရှိတယ်” ဟုပြောသည်။
သေဆုံးသော အမျိုးသား ၁ ဦးမှာ ကျီခါးမြို့၊ တိုက်နယ်ဆေးရုံသို့ မေ ၂၁ ရက်က ရောက်လာခြင်း ဖြစ်ပြီး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကမူ မေ ၂၆ ရက်တွင် ရောက်ရှိလာခြင်း ဖြစ်ကာ မေလ ၂၇ ရက်နေ့တွင် ပိုးတွေ့ခြင်းဖြစ်သည်။
တွန်းဇံမြို့နယ်တွင် ဇွန် ၂ ရက်နေ့အထိ ကိုဗစ် ပိုးတွေ့သူ ၁၆၇ ဦး ရှိပြီး သေဆုံးသူမှာ မေ ၃၀ ရက်မှ ယနေ့ နေ့လယ်ပိုင်းအထိ ၅ ဦးရှိပြီလည်း ဖြစ်သည်။
ကိုဗစ်ကူးစက်မှုနှုန်း ပြန်မြင့်လာမှုကြောင့် ပိုးတွေ့လူနာများပြားနေသော ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းတိုင်း တမူးနှင့် ကလေးမြို့နယ်တို့ကို Stay at Home မြို့နယ်များအဖြစ် စစ်ကောင်စီက ကြေညာထားသည်။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် မှ ဇွန်လ ၂ ရက် ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၈၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ နောက်ပိုင်းလများတွင် ထုတ်ပြန်ချက်အရ ကိုဗစ်ဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့ပြီး မေ ၂၇ ရက်နေ့မှ စတင်ကာ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိ ကိုဗစ်ကူးစက်ပြန့်ပွားနေသည့် ဒေသများမှာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းများနှင့် ချင်း၊ ရှမ်း၊ မွန်၊ ရခိုင်၊ ကရင် ပြည်နယ်များ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇွန် ၂ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၂,၆၂၅,၀၂၀ အနက်မှ အတည်ပြုလူနာ ၁၄၃,၈၂၃ ဦးရှိပြီး သေဆုံးသူ ၃,၂၁၈ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၂,၃၈၈ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို
မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်