မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ ခရိုင်၊ ဆောမြို့နယ်အတွင်း ကျောက်ထုနှင့် ပုံတောင်ကြား လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းအား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း ကျောက်ထု PDF က ပြောသည်။
ကျောက်ထု PDF ပြောခွင့်ရသူက “ပခုက္ကူဘက်ကနေ စစ်ယာဉ်တန်းကို ကျောက်ထုဘက်ကနေ ရှေ့ပြေး အနေနဲ့ စစ်ကောင်စီကား ၃ စီးသွားကြိုတာကို ကျောက်ထု – ပခုက္ကူလမ်းပိုင်းတနေရာမှာ ကျနော်တို့က ကြားဖြတ်ပြီး မိုင်းဆွဲတိုက်ခိုက်တာ။ သွားကြိုတဲ့ စစ်ကောင်စီကား ၃ စီးမှာ ၂ စီးထိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက “အဲဒီပွဲမှာ ကျနော် တို့တပ်ဖွဲ့ဝင်တွေ မျက်မြင်မှတ်တမ်းတင်နိုင်တာက စစ်ကောင်စီတပ်သား ၈ ယောက်ကတော့ အဲဒီမှာ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရသူတွေနဲ့ သေဆုံးတဲ့ အလောင်းတွေကို ကားပေါ်မှာ တင်သွားပြီး သူတို့ကျောက်ထု တပ်ကို ဝင်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကားလမ်းမ တလျှောက်ရှိ စျေးဆိုင် တန်းများနှင့် ကျေးရွာများကို ရမ်းသမ်းပတ်ခတ်ခဲ့သလို နေအိမ်များအတွင်းရှိ ပစ္စည်းများကို လည်း ဖောက်ထွင်းခိုးယူသွားခဲ့ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
ကျောက်ထု ဒေသခံတဦးက “ကျနော်တို့ ဒေသမှာ အခုအခြေအနေကတော့ ရွာမှာ နေရာ၊ ညပါ အလှည့်ကျ ကင်းစောင့်ပြီး နေကြရတယ်။ စစ်ကောင်စီ တပ်လာပြီ ဆိုတာနဲ့ ရွာသားတွေ မနေရဲကြတော့ဘူး။ တခြားရွာတွေဘက်ကို ပြေးတယ်။ အဲဒီမှာ အခြေအနေ စောင့်ကြည့်ပြီး တည၊ နှစ်ည အိပ်တယ်။ ပြီးရင် ရွာပြန်ကြတယ်။ စစ်ကောင်စီတပ်လည်း ရွာမှာ လူမရှိရင် ပစ္စည်းတွေကို ခိုးတာလောက်ပဲ လုပ်နိုင်တယ်။ လူမရှိတော့ ရွာမှာ တပ်စွဲပြီးလည်း ကြာကြာ မနေရဲကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်ထုတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တို့ အချိန် မရွေး၊ နေရာမရွေး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်ဖြင့် ပြည်သူများအနေဖြင့် ကျောက်ထု- ပခုက္ကူ လမ်းပိုင်း၊ ကျောက်ထု- ထီးလင်း လမ်းပိုင်းများကို အသုံးပြုပြီး သွားလာခြင်းမပြုကြရန်နှင့် သေရေး၊ ရှင်းရေး ကိစ္စဖြင့် သွားလာရန် လိုအပ်ပါက ကျောက်ထု PDF ရုံးဖုန်းသို့ ဆက်သွယ် ကြရန်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ အသိပေး ထုတ်ပြန်ထားသည်။
လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်းမှ ဆောမြို့နယ်အပါအဝင် မြို့ပေါ်နေရာအချို့တွင်သာ စစ်ကောင်စီယန္တရား အနည်းငယ် လည်ပတ်နိုင်ပြီး ကျေးလက် အများစုကို ဒေသခံ ပြည်သူတော်လှန်ရေး အဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။
ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများ အားကောင်းသည့် မကွေးမြို့နယ် အတွင်းက ပေါက်၊ ထီးလင်း၊ ရေစကြို၊ ဂန့်ဂေါ၊ ဆော၊ မြိုင် စသည်မြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အုပ်ချုပ်ရေး အဖွဲ့အပါအဝင် တရားဥပဒေ စိုးမိုးရေး အတွက် ပြည်သူ့ရဲတပ်ဖွဲ့များပါ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ၎င်းမြို့နယ်အတွင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။
ဆောမြို့နယ်အတွင်း ပြည်သူ့လုံခြုံရေးလုပ်ငန်းများအား ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် CDM ရဲတပ်ဖွဲ့ ၂၀ ကျော်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းထားကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် ဆောပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ ပြည်သူ့တော်လှန်ရေးအဖွဲ့က ဆောမြို့နယ်အတွင်း အုပ်ချုပ်ရေး ကိစ္စရပ်များ ထိရောက် လွယ်ကူစေရန် ဆောတိုက်နယ်၊ ကျောက်ထုတိုက်နယ်၊ လောင်းချီ တိုက်နယ် စသည့်ဖြင့် တိုက်နယ် ၃ ခု သတ်မှတ်ကာ အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များကိုပါ ဆောင်ရွက်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအတွင်း ခရိုင် ၅ ခရိုင် ရှိပြီး မြို့နယ်ပေါင်း ၂၅ မြို့နယ်ရှိကာ စစ်ကိုင်းတိုင်းအစပ် မြို့နယ်များဖြစ်သည့် ဂန့်ဂေါ၊ ဆော၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ထီးလင်း စသည့်မြို့နယ်တွင် ပြည်သူ့ တော်လှန်ရေးအဖွဲ့က အတိုင်းအတာ တခုထိ အုပ်ချုပ်ရေးကိစ္စရပ်များကို ထူထောင်ထားနိုင်ပြီး မကွေး မြို့ အပါအဝင် မင်းလှ၊ မင်းဘူး၊ ပွင့်ဖြူ စသည့် မြေပြန့်ဒေသတွင် စစ်ကောင်စီ ယန္တရား လည်ပတ်နေဆဲ ဖြစ်ကြောင်း သိရသည်။