တိုက်ပွဲဖြစ်နေသည့် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင်းသို့ အရပ်သားများ ကား ၃စီးဖြင့် ခေတ္တပြန်ဝင်စဉ် ဝါးတောရွာ အရောက် စစ်တပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေနံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကြောင့် တချို့ ဒဏ်ရာပြင်းထန်စွာ ရပြီး ခြေ ထောက်ပြတ်သွားသူများလည်း ရှိကြောင်း၊ မြို့တွင်းသို့ ကျသည့် လက်နက်ကြီးကြောင့် ဘုရားဖြူ ရပ်ကွက် ၃ အတွင်းရှိ အိမ်များလည်း မီးလောင်ခဲ့ကြောင်း ဒေသခံများကဆိုသည်။
ဆီဆိုင်မြို့ခံတဦးက “ဆီဆိုင်မြို့ထဲကို ပစ္စည်းပြန်သယ်တဲ့ ကားတန်း အပစ်ခံရတာပါ၊ အတန်းလိုက်ကြီး သွားတာမျိုး တော့ မဟုတ်ဘူး။ ၂ စီး ၃ စီး စုပြီးသွားတာမျိုးပါ။ ဝါးတောရွာအရှေ့ဘက် ကားတန်းနဲ့ ပေ ၅၀ လောက်အကွာမှာ လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရသူတွေတော့ ကားတင်ပြေးတာ တွေ့လိုက်တယ်၊ အခု ထိတဲ့ကားတွေက ဘုရားဖြူ ရပ်ကွက်က ကားတွေလို့ သိရတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီ ၁၈ရက် ညပိုင်းမှ စတင်ကာ ဆီဆိုင်မြို့မြောက်ဘက်ရှိ အမှတ် ၇ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၇) လက် အောက်ခံ ခမရ ၄၂၃ နှင့် ဆိုက်ခေါင်ကျေးရွာအတွင်း လက်နက်ကြီးများ တပ်ဆင်ကာ ဆီဆိုင်မြို့တွင်းသို့ အဆက်မပြတ် ပစ်ခတ်နေပြီး ယနေ့နံနက်ပိုင်းထိ ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။
PNLA မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဒီမနက်က ဖြစ်စဉ်က မြို့ထဲကို ပစ္စည်းပြန်သယ်တဲ့ လူတွေလို့ သိရတယ်။ အဲဒီမှာ ဆီဆိုင်မြို့အဝင် မွေတော်ဘုရားနား ဝါးတောရွာအနားရောက်တော့ ကား ၃ စီ လောက်ရှိတဲ့ ကားတန်းကို စစ် ကောင်စီနဲ့ ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်လို့ ၈ ဦး ဒဏ်ရာရတယ်လို့ သိရတယ်။ အဲဒီ ၈ ဦးထဲကမှ သေဆုံးတာ လည်း ရှိတယ်လို့ ကနဦးသိရတာကြောင့် အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်အပေါ် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ယနေ့ နံနက် ၈ နာရီတွင် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ နေအိမ်များ၌ ပစ္စည်းများပြန်ယူစဉ် KNDF,PNLA,PDF အကြမ်းဖက် သမားများက Drop Bomb ချ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ဦးခွန်မောင်ချစ် ၃၃ နှစ်၊ ခွန်မြဝင်း ၂၃ နှစ်၊ ခွန်ထွန်းနီ ၄၅ နှစ်တို့ ဒဏ်ရာတို့ရရှိသဖြင့် အောင်ပန်းမြို့ တပ်မတော်ခုတင် ၇၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ရေး သား ဖြန့်ဝေထားကြသည်။
ဆီဆိုင်မြို့ကို PNLA မှ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း များပြုလုပ်ပြီး ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ကြိုးစားနေမှုကြောင့် ထိတွေ့တိုက်ပွဲ နေ့စဉ်ရှိသော်လည်း ယနေ့တွင် တိုက်ပွဲများ မရှိဟု PNLA က ဆိုသည်။
PNLA မှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဒီနေ့ ထိတွေ့မှု မရှိပါဘူး။ အဲဒီမှာက ဘယ်သူမှ မရှိတော့ဘူး၊ ပြည်သူလူထု တွေပဲ ရှိပါတယ်။ အဲဒါကို တမင်သက်သက် ပစ်ခတ်ဖျက်ဆီးတာဖြစ်တယ်၊ ဒီနေ့ဖြစ်စဉ်ကလည်း အဓိကကတော့ လိုင်းပေါ်က သတင်းအမှားတွေကို ကြည့်ပြီးတော့ ဘယ်နေ့တော့ ပြန်လို့ရပြီဆိုတဲ့ သတင်းအမှားတွေနဲ့ တယောက်နဲ့ ယောက်ပြောကြတဲ့ ပြန်လို့ရတယ်ဆိုတာမျိုးကြောင့် ယုံကြည်ပြီးတော့ ပြန်လာကြတာမျိုး ဖြစ်မှာပေါ့လေ” ဟု ပြော သည်။
ထိုသို့သော အခြေအနေများကြောင့် စစ်ရှောင်များအနေဖြင့် အရဲစွန့်၍ မြို့တွင်းသို့ ဝင်ရောက် ခြင်းမပြုကြဘဲ တိကျ သည့် သတင်းထုတ်ပြန်မှုများရရှိမှသာ ဝင်ရောက်ရန်အတွက်လည်း PLNA က မေတ္တာရပ်ခံထားသည်။
“ကျနော်တို့ တရားဝင် သတင်းထုတ်ပြန်ရေး ဌာနတွေ ရှိပါတယ်၊ ကျနော်တို့ရဲ့ လူမှုကွန်ရက်တွေကနေ တရားဝင်ထုတ် ပြန်မှုတွေကို ကြည့်ပြီးတော့မှပဲ လုပ်ဆောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ လုံခြုံမှုမရှိသေးတဲ့အချိန်မှာ ပြန်လာကြ တာတွေက စစ်ကောင်စီက လူထုကို ပစ်မှတ်ထားပြီးတော့ ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေ တဲ့အတွက် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်စေချင်လို့ပါ” ဟု ခွန်ရိန်းယံက ဆက်လက် ပြောသည်။
ဆီဆိုင်မြို့ခံများအနေဖြင့် တိုက်ပွဲများစတင်ဖြစ်ပွားစဉ်ကတည်းက ယနေ့ချိန်ထိ နီးစပ်ရာ မြို့ရွာများသို့ တိမ်းရှောင်ခြင်း၊ တောတောင်များအတွင်း၌ နေထိုင်ခြင်းများပြုလုပ်လျက်ရှိပြီး စားနပ်ရိက္ခာပြတ်လပ်ကာ အခက်အခဲများနှင့် ရင်ဆိုင်နေ ရကြောင်း စစ်ရှောင်ဒေသခံများက ဆိုသည်။
ဖေဖော်ဝါရီ ၁၇ ရက်ကလည်း အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) လက်အောက်ခံ ဘန်းယဉ်မြို့ အခြေ စိုက် ခမရ ၄၂၅၊ ခမရ၄၂၆ တပ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များက ပအိုဝ်းကျေးရွာများဖြစ်သည့် ထမ်းယံ၊ ထီတမ်ကျေးရွာများဘက်သို့ လက်နက်ကြီး အချက် ၄၀ ကျော် ပစ်ခတ်သောကြောင့် ၆ လသား အရွယ် ကလေးငယ်တဦးနှင့် ဒေသခံ ၁ ဦး သေဆုံးပြီး ကလေးငယ်၏ မိဘများအပါအဝင် ဒေသခံပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း PNLA က ထုတ်ပြန်ထားသည်။
You may also like these stories:
PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်
ဆီဆိုင်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ